ဂျိုးဘိုင်ဒန် ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စတွေ

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်

ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတအဖြစ် စတာဝန်ယူတဲ့ ပထမဆုံး ၁၀ ရက်ကို အမိန့်ညွှန်ကြားချက်တွေ တသီတတန်းကြီး ထုတ်ပြန်ရင်းနဲ့ စရဖို့ ရှိပါတယ်။ ဒီအမိန့်ညွှန်ကြားချက်တွေဟာ ကွန်ဂရက်လွှတ်တော်ဆီက အတည်ပြုစရာ မလိုဘဲ သမ္မတက တိုက်ရိုက် ထုတ်ပိုင်ခွင့် ရှိတဲ့ အမိန့်တွေ ဖြစ်ပါတယ်။

ဒီဦးစားပေး စာရင်းမှာ ထိပ်ဆုံးက ပါတဲ့ ကိစ္စတွေကတော့ အရင်သမ္မတ ထရမ့်က လုံခြုံရေး အန္တရာယ်ပေးနိုင်တယ်လို့ ယူဆထားတဲ့ နိုင်ငံတွေက လူတွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်ထားခဲ့တဲ့ အခြေအတင် အငြင်းပွားစရာ အမိန့်ကို ပယ်ဖျက်ဖို့နဲ့ ရာသီဥတုပြောင်းလဲလာမှု ထိန်းသိမ်းရေးဆိုင်ရာ ပဲရစ်မြို့ သဘောတူချက်ထဲ အမေရိကန် ပြန်ဝင်ဖို့ ဖြစ်ပါတယ်။

ဒါတွေအပြင် သမ္မတသစ် ဂျိုးဘိုင်ဒန် ဦးစားပေး အာရုံစိုက် လုပ်ဆောင်ရမယ့် နောက်ထပ် ကိစ္စတွေလည်း ရှိနေပါတယ်။

ဒီအချိန်ကာလ ရောက်ဖို့ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံရေး လောကမှာ နှစ် ၅၀ ကျင်လည် လှုပ်ရှားခဲ့ ရတာပါ။ ဒါပေမဲ့ သမ္မတတာဝန် ယူတဲ့ ပထမဆုံးနေ့မှာ သူရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဒီလောက်တောင် ကြီးမားလိမ့်မယ်လို့ သူထင်ထားခဲ့မှာ မဟုတ်ပါဘူး။

သမ္မတသစ် ဂျိုးဘိုင်ဒန် အဓိက ဦးစားပေး ဆောင်ရွက်သွားမယ့် ကိစ္စတွေက ဘာတွေပါလဲ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး လျော့ပါးသွားစေရေး အစီအစဉ်များ

အမေရိကန်ပြည်သူတွေ နှာခေါင်းစည်း မဝတ်မနေ ဝတ်ရေး

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် လူပေါင်း ၄ သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပြီး ဒီကပ်ရောဂါဆိုးကြီးကြောင့် ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်လာနေတဲ့ ဆိုးကျိုးဒဏ်တွေကို အစိုးရအဖွဲ့သစ်အနေနဲ့ ဦးစားပေး ဖြေရှင်းရဖို့ ရှိနေပါတယ်။

"ဒီကိစ္စဟာ သူ့အစိုးရ ရင်ဆိုင်ဖြေရှင်းရမယ့် အရေးပါဆုံး တိုက်ပွဲ တစ်ခု ဖြစ်တယ်"လို့ မစ္စတာဘိုင်ဒန်က ပြောခဲ့ပြီး သူ့ရဲ့ ကိုဗစ်ရောဂါတားဆီးရေး နည်းဗျူဟာတွေကို ချက်ချင်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။

သူပထမဆုံး လုပ်မှာ တစ်ခုကတော့ နိုင်ငံတဝန်း အစိုးရပိုင် အဆောက်အဦတွေထဲမှာနဲ့ ပြည်နယ်အချင်းချင်း အကြား ခရီးသွားလာမှုတွေအတွင်း နှာခေါင်းစည်း မဝတ်မနေ ဝတ်ကြဖို့ သမ္မတအမိန့်နဲ့ ထုတ်ပြန်ဖို့ ရှိပါတယ်။

ဒါပေမဲ့ သူ အမိန့်ထုတ်ပြန်လိုက်ရင်တောင် နှာခေါင်းစည်း မဝတ်မနေ ဝတ်ဖို့ကို ခုချိန်ထိ ကန့်ကွက်နေကြဆဲ ဖြစ်တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက ချက်ချင်းကြီး သဘောထားပြောင်း လက်ခံလာမယ်လို့ အာမ မခံနိုင်ပါဘူး။ တစ်နိုင်ငံလုံး နှာခေါင်းစည်း မဝတ်မနေ ဝတ်ဖို့ အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သမ္မတတစ်ဦးကို ဥပဒေအရ ခွင့်ပြုထားတာမျိုး ရှိပုံမရပါဘူး။

မစ္စတာ ဘိုင်ဒန်အနေနဲ့လည်း ဒီအချက်ကို သိထားပုံရပါတယ်။ ဒီအမိန့်ကို လိုက်နာလာအောင် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သူကိုယ်တိုင် သိမ်းသွင်းပြောဆိုမယ်လို့ ပြောနေပါတယ်။

လူတိုင်း နှာခေါင်းစည်းဝတ်ရေးက ဂျိုးဘိုင်ဒန်ရဲ့ ဦးစားပေး ကိစ္စရပ်တွေထဲမှာ ပါ

တကယ်လို့ သူတို့က လက်မခံဘူး ဆိုရင်တော့ မြို့တော်ဝန်တွေနဲ့ စည်ပင် တာဝန်ရှိပုဂ္ဂိုလ်တွေကို ပြောမယ်လို့ ဂျိုးဘိုင်ဒန်က သန္နိဋ္ဌာန် ချထားပါတယ်။ မလုပ်မနေရ အမိန့်တစ်ခုကို ဘယ်လို အာဏာတည်အောင် လုပ်မလဲဆိုတာနဲ့ ပတ်သက်လို့တော့ ပြောမထားသေးပါဘူး။

ရက်ပေါင်း ၁၀၀ အတွင်း ကာကွယ်ဆေး သန်း ၁၀၀ ထိုးပေးရေး

မစ္စတာ ဘိုင်ဒန်ဟာ သူ့ရဲ့ သမ္မတသက်တမ်း ပထမဆုံး ၁၀၀ ရက်တာ အတွင်း လူသန်း ၁၀၀ ကို ကိုဗစ် ပထမအကျော့ ကာကွယ်ဆေး ထိုးပေးဖို့ သန္နိဋ္ဌာန်ချထားတဲ့အတိုင်း အမြန်ဆုံး လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေပါတယ်။

အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားမယ့် အဲဒီအစီအစဉ် အရ ဒုတိယအကျော့အတွက် ကာကွယ်ဆေးတချို့ အရံဖယ်ထားမယ့်အစား ရနိုင်သမျှ ကာကွယ်ဆေး အားလုံးကို ထုတ်သုံးသွားဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ချက်ချင်း အဖြေသိနိုင်မယ့် အမြန် ဆေးစစ်မှုတွေ လုပ်ဖို့နဲ့ ဆေးပစ္စည်း၊ ဆေးဝါးနဲ့ PPE ဝတ်စုံတွေကို နိုင်ငံတဝန်း ထောက်ပံ့ပေးနိုင်ဖို့ကိုလည်း ဂျိုးဘိုင်ဒန်က သမ္မတ အမိန့်နဲ့ ထုတ်ပြန်ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထဲ အမေရိကန်နိုင်ငံ ပြန်ဝင်ရေး

ဂျိုးဘိုင်ဒန်ရဲ့ ဦးစားပေး အစီအစဉ်တွေထဲမှာ WHO အဖွဲ့ထဲကနေ အမေရိကန် နုတ်ထွက်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ ကိစ္စက ထိပ်က ပါပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စပေါ်လာခဲ့အပြီး ကိုဗစ်ရောဂါ တားဆီး ထိန်းချုပ်ရေးမှာ WHO အဖွဲ့အနေနဲ့ လွဲမှားစွာ ဆောင်ရွက်နေတယ်လို့ မစ္စတာ ထရမ့်က စွပ်စွဲခဲ့ပြီး WHO အဖွဲ့ထဲကနေ အမေရိကန်နိုင်ငံ နုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့ နွေရာသီက ကြေညာခဲ့တာပါ။ WHO အဖွဲ့ဟာ အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ လိုနေတာတွေကိုလည်း မလုပ်နိုင်ခဲ့ဘူးလို့ မစ္စတာ ထရမ့်က ပြောပါတယ်။

ထုတ်ပြန်ဖို့ ရှိတဲ့ သမ္မတ လုပ်ပိုင်ခွင့်အမိန့်များ

မစ္စတာ ဘိုင်ဒန် သမ္မတရာထူး လွှဲပြောင်းယူအပြီး ပထမ သီတင်းနှစ်ပတ်အတွင်း သမ္မတ လုပ်ပိုင်ခွင့် အမိန့်တွေ ထုတ်ပြန်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ ကိစ္စတွေကတော့

- ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး လုပ်ဆောင်ဖို့ ကမ္ဘာတဝန်း ချုပ်ဆိုထားတဲ့ ရာသီဥတုပြောင်းလဲလာနေမှု တားဆီးရေး ပဲရစ်မြို့ သဘောတူစာချုပ်မှာ အမေရိကန် ပြန်ဝင်ရေး

- မွတ်ဆလင်တွေ အများစု နေထိုင်တဲ့ နိုင်ငံတွေက လူတွေကို အမေရိကန်ထဲ ဝင်ခွင့် ပိတ်ပင်ထားတဲ့ အငြင်းပွားစရာ အမိန့်ကို ပယ်ဖျက်ရေး

- အစိုးရအဆောက်အဦတွေထဲမှာ ရှိနေစဉ်နဲ့ ပြည်နယ်အချင်းချင်းကြား ခရီးသွားလာမှုတွေမှာ နှာခေါင်းစည်းတွေ မဝတ်မနေ ဝတ်ရေး

- ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် နိုင်ငံတဝန်းမှာ အိမ်လခ၊ အကြွေးမပေးနိုင်သူတွေကို အိမ်ပေါ်က နှင်ချတာ၊ အိမ်သိမ်းယူတာမျိုးတွေကို ဆိုင်းငံ့ထားဖို့ ထုတ်ပြန်ထားချက်ကို သက်တမ်း ထပ်တိုးချဲ့ သတ်မှတ်ရေး

- ကျောင်းသားတွေရဲ့ ပညာသင်စရိတ်အကြွေး အပြည့်အဝ ပြန်ဆပ်ဖို့ကို ကပ်ဘေးကာလအတွင်း ဆက်လက် ဆိုင်းငံ့ထားရေး

စတာတွေ ပါဝင်ပါတယ်။

စီးပွားရေး ဆိုင်ရာ ဆောင်ရွက်ချက်များ

အိမ်ငှားတွေနဲ့ အိမ်ပိုင်တွေအတွက် ငွေကြေးအကူအညီ အစီအစဉ်တွေ

အိမ်ငှားခ မပေးနိုင်လို့ အိမ်ပေါ်က နှင်ချတာမျိုး၊ အိမ်အကြွေး မပေးနိုင်လို့ အိမ်ပြန်သိမ်းတာမျိုးတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ကို သက်တမ်း ဆက်တိုးဖို့ မစ္စတာ ဘိုင်ဒန်က အမြန်ဆုံး လုပ်သွားမယ်လို့ သူ့အဖွဲ့က ပြောထားပါတယ်။ ဒီအမိန့်ကို ကပ်ရောဂါဘေးကြီး စဖြစ်ခါစမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ကျောင်းသားတွေ ပညာသင်စရိတ် အကြွေးနဲ့ အတိုးတွေကိုလည်း လောလောဆယ် ပြန်မဆပ်ပဲ ထားခွင့် ပေးထားပါတယ်။

အလုပ်သမား လူတန်းစား မိသားစုတွေအတွက် ငွေကြေး အကူအညီ ထောက်ပံ့နိုင်ရေး ချက်ချင်း လုပ်ဆောင်နိုင်ဖို့အတွက် အခုသီတင်းပတ်မှာပဲ ကက်ဘိနက် ဝန်ကြီးအဖွဲ့ကို ညွှန်ကြားဖို့ မစ္စတာ ဘိုင်ဒန်က စီစဉ်ထားတယ်လို့ မစ္စတာ ဘိုင်ဒန်ရဲ့ သမ္မတတာဝန် လွှဲပြောင်းယူရေး ကြားကာလ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ဒါ့ထက်ပိုပြီး အသေးစိတ် မပြောခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အမေရိကန် စီးပွားရေးအတွက် ဒေါ်လာ ၁.၉ ထရီလီယံ ထောက်ပံ့ရေးစီမံကိန်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရတဲ့ အမေရိကန် စီးပွားရေးအတွက် ဒေါ်လာ ၁.၉ ထရီလီယံ ထောက်ပံ့မယ်လို့ မစ္စတာ ဘိုင်ဒန်က ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော် ကြေညာခဲ့ပြီး လူတွေ အကြီးအကျယ် ရင်ဆိုင် ကြုံတွေ့နေရတဲ့ အကျပ်အတည်းကြီးက သိသာမြင်သာနေပြီး ဒါကို အချိန်မဆိုင်း ကူညီ ဖြေရှင်းပေးမှ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

အိမ်ငှားတွေကို နှင်မချဖို့၊ အိမ်တွေကို အကြွေးနဲ့ မသိမ်းဖို့ တားမြစ်ထားချက်ကို အချိန်ပိုကြာကြာ ပိုခိုင်ခိုင်မာမာ ပြဌာန်းပေးဖို့ တောင်းဆိုမှုတွေ ရှိနေ

တကယ်လို့ ဒီစီမံကိန်းကို ကွန်ဂရက်လွှတ်တော်ကသာ အတည်ပြု လိုက်မယ် ဆိုရင်တော့ အမေရိကန်ပြည်သူ အားလုံး ထောက်ပံ့ငွေ ဒေါ်လာ တစ်ထောင့် လေးရာစီ ရကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေ ဘေးအန္တရာယ်ကင်းကင်း ပြန်ဖွင့်နိုင်ရေးမှာလည်း ငွေကြေး ကူညီ ထောက်ပံ့ဖို့လည်း သူက စီစဉ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ သူ သမ္မတရာထူး လွှဲပြောင်းယူတဲ့ ၁၀ ရက်အတွင်း ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ကိုလည်း သူက ဆန္ဒရှိနေတာပါ။

ဒီငွေကြေး ထောက်ပံ့မှု စီမံကိန်းဟာ လူတွေ အကြာကြီး စောင့်ခဲ့ရအပြီး ဒီဇင်ဘာလတုန်းက ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဒေါ်လာ ဘီလျံ ၉၀၀ တန် ငွေကြေးအကူအညီ စီမံကိန်း အပြင် နောက်ထပ် ထပ်တိုးမယ့် စီမံကိန်း ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းဟာ ဒါ့ထက် ပိုကြီးတဲ့ စီမံကိန်းကြီးအတွက် ကနဦး ကြိုလုပ်တဲ့ စီမံကိန်း ဖြစ်တယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကတော့ ကပ်ရောဂါဘေးကြောင့် အကုန်အကျတွေ များနေတဲ့ အမေရိကန်နိုင်ငံအတွက် နောက်ထပ် ကြွေးတွေ ပုံလာနိုင်စေမယ့် ဒီဥပေဒကြမ်းပါ အချက်တချို့ကို ကန့်ကွက်ကြမယ့်ပုံ ရှိနေပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုဖို့အတွက် မစ္စတာ ဘိုင်ဒန်အနေနဲ့ ပါတီစုံဆီက ထောက်ခံမှု ရဖို့ လိုပါလိမ့်မယ်။

လက်ရှိမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်တွေက ထိန်းချုပ်ထားပေမဲ့ အမတ်အများစု အရေအတွက်က သိပ်မကွာကြပါဘူး။

ထရမ့်ချမှတ်ခဲ့တဲ့ အခွန်လျှော့ကောက်မှု အမိန့်ကို ပယ်ဖျက်ပစ်ရေး

ဂျိုးဘိုင်ဒန် ဦးစားပေး ဆောင်ရွက်ဖို့ ရှိတဲ့ စီးပွားရေးအစီအစဉ်တွေထဲမှာ ကိုဗစ်ကပ်ရောဂါဘေး ငွေကြေး အကူအညီ စီမံကိန်း တစ်ခုသာ မဟုတ်ပါဘူး။ သူသမ္မတ တာဝန် လွှဲယူပြီးတာနဲ့ တပြိုင်နက် ထရမ့်ရဲ့ အခွန် လျှော့ကောက်မှု အမိန့်ကို ချက်ချင်း ပယ်ဖျက်ပစ်မယ်လို့ ဂျိုးဘိုင်ဒန်က ပြောထားပါတယ်။

မစ္စတာ ထရမ့်ဟာ သူသမ္မတ ဖြစ်ပြီးကာစ ၂၀၁၇ ခုနှစ်မှာ အခွန်တွေ လျှော့ကောက်ဖို့ ဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ အချမ်းသာဆုံး အမေရိကန် သူဌေးတွေကိုပဲ မတရား အခွင့်အရေး ပေးနေပြီး စီးပွားရေးလုပ်ငန်းငယ်တွေထက် ကုမ္ပဏီကြီးတွေက ပိုအကျိုးဖြစ်ထွန်းနေတယ်လို့ ဘိုင်ဒန်ရဲ့ အဖွဲ့က ပြောနေပါတယ်။

ဒါ့အပြင် Made in America ဆိုတဲ့ အမေရိကန်နိုင်ငံထုတ် ပစ္စည်းတွေ ပိုထွက်ရှိရေး ဖိအားပေးတဲ့အနေနဲ့ အမေရိကန် ကုမ္ပဏီတွေ နိုင်ငံခြားကုန်ပစ္စည်းတွေကနေ ရတဲ့ အမြတ်အစွန်းတွေအပေါ် အခွန် နှစ်ဆတိုး ကောက်ခံဖို့ကို အမြန်ဆုံး လုပ်သွားမယ်လို့ ဂျိုးဘိုင်ဒန် က ပြောပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေအပေါ် အခွန်တွေ တိုးကောက်ဖို့ကိုလည်း စီစဉ်ထားပါတယ်။

သူ့ရဲ့ အခွန်ပေါ်လစီ ဥပဒေကို အတည်ပြုနိုင်ဖို့ကိုတော့ ကွန်ဂရက်လွှတ်တော်ကို တင်ပြဖို့ လိုပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲလာမှု တားဆီးရေး

ပဲရစ်မြို့ သဘောတူချက်ထဲ အမေရိကန် ပြန်ဝင်ရေး

အရင် စက်မှုကာလမတိုင်ခင်က အပူချိန် ၂ ဒီဂရီစင်တီဂရိတ် အောက် ရောက်အောင်နဲ့ ဒါ့ထက် ပိုပြီး ၁.၅ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားအောင် လုပ်ဆောင်ကြဖို့ ကမ္ဘာ့နိုင်ငံတွေ သဘောတူ လက်မှတ်ရေးထိုးထားကြတဲ့ ပဲရစ်မြို့ သဘောတူစာချုပ်ထဲ အမေရိကန် ပြန်ဝင်ဖို့ ကို သူသမ္မတရာထူး စလက်ခံတဲ့ ပထမဆုံးနေ့မှာပဲ လုပ်မယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

အရင်သမ္မတ ထရမ့်လက်ထက်မှာ အဲဒီ ၂၀၁၅ခုနှစ် ပဲရစ်မြို့ သဘောတူစာချုပ်ထဲကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့တာပါ။ နိုဝင်ဘာလ ၄ ရက်နေ့မှာ ဒီစာချုပ်ထဲကနေ အမေရိကန် တရားဝင် နုတ်ထွက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ ပထမဆုံး နုတ်ထွက်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မစ္စတာ ဘိုင်ဒန်က ရာသီဥတု ပူနွေးလာမှု လျှော့ချရေးကို ဒါ့ထက် ပို စံနှုန်းမြှင့် ဆောင်ရွက်သွားမယ်၊ သူ့ရဲ့ သမ္မတသက်တမ်း ရက် ၁၀၀ အတွင်းမှာတင် ရာသီဥတု ပူနွေးလာမှု တားဆီးရေး ကမ္ဘာ့ထိပ်သီးညီလာခံကြီး တစ်ခုကို ခေါ်ယူ ကျင်းပသွားမယ်လို့ ကတိပြုထားပါတယ်။

၂၀၅၀ ခုနှစ်မတိုင်ခင် အမေရိကန်မှာ ကာဘွန်ဓာတ်ငွေ့ လုံးဝ မထုတ်လွှတ်တဲ့ အဆင့် ရောက်အောင် လုပ်ခွင့်ပြုမယ့် ဥပဒေ အတည်ဖြစ်လာနိုင်ရေးအတွက် ကွန်ဂရက်လွှတ်တော်နဲ့ သူ ပူးပေါင်း ဆောင်ရွက်လိုတယ်လို့လည်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

၂၀၁၇ ခုနှစ်က သမ္မတထရမ့် အတည်ပြုခဲ့တဲ့ Keystone XL ပိုက်လိုင်း စီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေကြသူတွေ

Keystone XL ရေနံပိုက်လိုင်းတွေ ဖျက်သိမ်းရေး

နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အထိတ်တလန့် ဖြစ်သွားစေခဲ့တဲ့ ဆောင်ရွက်ချက် တစ်ခု ကတော့ တက္ကဆက်ပြည်နယ်က ရှိထားပြီးသား ရေနံပိုက်လိုင်းတစ်ခုကို ပြန် ဆက်ဖို့အတွက် မွန်တားနားနဲ့ တောင်ပိုင်း ဒါကိုတာ ပြည်နယ်တွေကို ဖြတ်ပြီး ကနေဒါနိုင်ငံရဲ့ အယ်လ်ဘာတာ ပြည်နယ်က ရေနံမြေတွေကနေ ရေနံထုတ်လုပ် သွယ်တန်းဖို့ အငြင်းပွားစရာ Keystone XL ရေနံပိုက်လိုင်း စီမံကိန်းအတွက် နယ်စပ်ဖြတ်ကျော် သွယ်တန်းခွင့် ပါမစ်ကို ပယ်ဖျက်ပစ်ဖို့ မစ္စတာ ဘိုင်ဒန်က စီစဉ်နေတယ် ဆိုတာပါ။

ထရမ့် ပြင်ဆင်ခဲ့တဲ့ စည်းမျဉ်းဥပဒေ အများအပြားကို ပြန်လည် ပြောင်းလဲ ချမှတ်ရေး

ဂျိုးဘိုင်ဒန် ဦးစားပေး ဆောင်ရွက်မယ့် နောက်ကိစ္စတစ်ခုကတော့ မော်တော်ယာဉ်တွေကနေ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ ဆောင်ရွက်နေမှုတွေကို သမ္မတ ထရမ့်လက်ထက်မှာ ဖြေလျှော့ပေးခဲ့တာမျိုးအပါအဝင် ရာသီဥတု ပြောင်းလဲလာမှုနဲ့ စွမ်းအင်ဆိုင်ရာ စည်းမျဉ်းတွေ ပြင်ဆင် ချမှတ်ခဲ့တာတွေကို ပြန်ပြင်ဖို့ ဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒန်က ကာဘွန်ဓာတ် ထုတ်လွှတ်မှု တားဆီးရေးအတွက် မော်တော်ယာဉ်တွေနဲ့ အင်ဂျင်အားကြီးတဲ့ မော်တော်ယာဉ်တွေပေါ် စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်နိုင်ဖို့ ၊ အမေရိကန်နိုင်ငံရဲ့ မြေတွေနဲ့ ပင်လယ်ရေတွေ ၃၀ ရာခိုင်နှုန်း ပျက်စီး ဆုံးရှုံးမသွားအောင် ၂၀၃၀ ခုနှစ်မတိုင်ခင် ထိန်းသိမ်း စောင့်ရှောက်ဖို့၊ ပြည်သူပိုင်မြေတွေမှာ ရေနံ တူးဖော်မှုအသစ်တွေ ပိတ်ပင်ဖို့နဲ့ အာတိတ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အနီးအနားက ရေနံ တူးဖော်မှုတွေကို ပိတ်ပစ်ဖို့ စတာတွေကို သူညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အာတိတ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနားမှာ ရေနံတူးဖော်တာကို ရပ်တန့်ဖို့ ဆန္ဒပြ

ရေနံနဲ့ ဓာတ်ငွေ့ လည်ပတ်မှုတွေကနေ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်နေမှုကို တင်းကျပ်တဲ့ ကန့်သတ်မှုတွေ လုပ်ဖို့နဲ့ ပြည်သူပိုင်မြေနဲ့ ရေတွေပေါ်မှာ ရေနံနဲ့ ဓာတ်ငွေ့ အငှားချ တူးဖော်ခွင့်သစ်တွေ ပေးတာကို တားမြစ်သွားဖို့ ကိုလည်း စီစဉ်နေတယ်လို့ အစိုးရအဖွဲ့သစ်က ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေး ပေါ်လစီ

အမေရိကန်ထဲ ဝင်ခွင့် ပိတ်ပင်ထားမှုကို ပယ်ဖျက်ရေး

ဂျိုးဘိုင်ဒန် ပယ်ဖျက်ဖို့ စီစဉ်ထားတဲ့ ပေါ်လစီတွေထဲမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက မစ္စတာ ထရမ့် သမ္မတတာဝန် လွှဲပြောင်း ယူပြီးပြီးချင်း ၇ ရက်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်နိုင်ငံထဲ ဝင်ခွင့် တားမြစ်ပိတ်ပင်ချက် အမိန့်က အရင်ဆုံး ပယ်ဖျက်မယ့် ပေါ်လစီတွေထဲမှာ ပါပါတယ်။

အမေရိကန်နိုင်ငံကို ကလေးဘဝက မိဘတွေနဲ့အတူ တရားမဝင် ရောက်လာခဲ့ပြီး အခုအခါ နိုင်ငံထဲကနေ နှင်ထုတ်ခံရမယ့် အခြေအနေ ရှိနေသူတွေကို ဆက်နေခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြ

ဒီတားမြစ်ပိတ်ပင်ချက် အမိန့်ဟာ ကနဦးတုန်းက မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လူတွေကို အမေရိကန် နိုင်ငံထဲ ဝင်ရောက်ခွင့် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဥပဒေကြောင်းအရ တရားရုံးကနေ စိန်ခေါ်မှုတွေ ဆက်တိုက် ဖြစ်ခဲ့အပြီး နိုင်ငံတွေ စာရင်းကို ပြန်မွမ်းမံ ပြင်ဆင်ခဲ့ပါတယ်။ အခုအခါမှာတော့ အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆီးရီးယား၊ ယီမင်၊ ဗနီဇွဲလားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့က နိုင်ငံသားတွေကို အမေရိကန်နိုင်ငံထဲ ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။

အမေရိကန်နိုင်ငံသား ဖြစ်ခွင့် လမ်းကြောင်း ဖန်တီးပေးရေး

ဦးစားပေး ဆောင်ရွက်ဖို့ မစ္စတာ ဘိုင်ဒန် ကတိပြုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နောက်ထပ် အဓိက ကိစ္စတစ်ရပ်အဖြစ် အမေရိကန်နိုင်ငံထဲမှာ နေထိုင်နေတဲ့ အထောက်အထားမဲ့ လူ ၁၁ သန်းကို နိုင်ငံသား ဖြစ်ခွင့် လမ်းကြောင်းတစ်ခု ဖန်တီးပေးဖို့ ဥပဒေကြမ်းတစ်ခုကို ကွန်ဂရက်လွှတ်တော်ထံ အမြန်ဆုံး တင်ပြဖို့ ရှိတယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

"အမေရိကန်နိုင်ငံမှာ နေထိုင်နိုင်ခွင့် အိပ်မက် မက်ခဲ့ရသူတွေ၊ အမေရိကန်နိုင်ငံကို ကလေးဘဝက မိဘတွေနဲ့အတူ တရားမဝင် ရောက်လာခဲ့ပြီး အခုအခါ နိုင်ငံထဲကနေ နှင်ထုတ်ခံရမယ့် အခြေအနေ ရှိနေသူတွေ၊ ဒီလူတွေအားလုံးကို အမေရိကန်နိုင်ငံမှာ နေထိုင်နိုင်ခွင့် ချက်ချင်း ပေးပြီး နိုင်ငံသား ဖြစ်ခွင့် လမ်းကြောင်းတစ်ခု ဖန်တီးပေးမှာပါ"လို့ အောက်တိုဘာလနှောင်းပိုင်းက မစ္စတာ ဘိုင်ဒန်က ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲကာလ နှောင်းပိုင်းလောက်မှာ မစ္စတာ ဘိုင်ဒန်ရဲ့ မဲဆွယ် အဖွဲ့က အမေရိကန်နိုင်ငံ တောင်ပိုင်း နယ်စပ်မှာ မိဘတွေနဲ့ ခွဲပြီး ထားထားတဲ့ ရွှေ့ပြောင်းဒုက္ခသည် ကလေး ၅၄၅ ဦးကို မိသားစုနဲ့ ပြန်ပေါင်းစည်းပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့တစ်ခုကို မစ္စတာ ဘိုင်ဒန် ဖွဲ့စည်းမယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလမှာတော့ မစ္စတာ ဘိုင်ဒန်ရဲ့ အဖွဲ့က မစ္စတာ ထရမ့် ချမှတ်ခဲ့တဲ့ ပေါ်လစီတွေထဲက တစ်ခုကို ပြန်ပြင်ဆင်ဖို့အတွက် အချိန် ပိုလိုလိမ့်မယ်လို့ ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။ အဲဒီပေါ်လစီဟာ အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ရရေးအတွက် အမေရိကန် လူဝင်မှု ကြီးကြပ်ရေး တရားရုံး ကြားနာစစ်ဆေးဖို့ မက္ကဆီကိုနိုင်ငံမှာ စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်းများစွာအတွက် ချမှတ်ထားတဲ့ ပေါ်လစီဖြစ်ပါတယ်။

တစ်ရက်အတွင်း လုပ်ဆောင်မယ်လို့ အရင်က ကတိပြုခဲ့ပေမဲ့ အခုတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ အချိန် ၆ လ လောက် ကြာနိုင်တယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက အခုအခါ ပြောနေတာပါ။

နယ်စပ် ခြံစည်းရိုး တံတိုင်း ဆောက်လုပ်နေမှု ရပ်ဆိုင်းရေး

အမေရိကန်နဲ့ မက္ကဆီကို နိုင်ငံအကြား ခြံစည်းရိုးတံတိုင်းမှာ သမ္မတထရမ့် လက်မှတ်ထိုးနေပုံ

မစ္စတာ ဘိုင်ဒန်က မစ္စတာ ထရမ့်ရဲ့ သမ္မတသက်တမ်းကာလအတွင်း ဆောက်လုပ်နေတဲ့ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံအကြား ခြံစည်းရိုးတံတိုင်း စီမံကိန်းကို ရပ်ဆိုင်းပစ်မယ်လို့ ကတိပြုထားပါတယ်။ ဒီခြံစည်းရိုး စီမံကိန်းဟာ တကယ့် ခြိမ်းခြောက်မှု အန္တရာယ်တွေကို မကာကွယ်နိုင်ဘဲ အရေးပါတဲ့ အရင်းအမြစ်တွေကို သုံးပစ်နေတဲ့ ဖြုန်းတီးမှု တစ်ခုသာ ဖြစ်တယ်လို့ မစ္စတာ ဘိုင်ဒန်ရဲ့ အဖွဲ့က ပြောခဲ့ပါတယ်။

အဲဒီ့အစား ဗဟိုအစိုးရရဲ့ ငွေတွေကို နယ်စပ် စစ်ဆေးရေး လုပ်ငန်းလို ဆောင်ရွက်မှုအသစ်တွေမှာ သုံးစွဲမယ်လို့ ဘိုင်ဒန် အစိုးရက ပြောနေပါတယ်။

လူမျိုးရေးနဲ့ ရာဇဝတ်ကြောင်း တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကိစ္စ၊ စီးပွားရေးကိစ္စနဲ့ ရာသီဥတုပူနွေးလာမှု တားဆီးရေး ကိစ္စရပ်တွေအပြင် နိုင်ငံတဝန်း လူမျိုးရေး တန်းတူညီမျှရှိရေး ကိစ္စရပ်ကလည်း သူ့အတွက် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ရမယ့် စတုတ္ထမြောက် ကိစ္စရပ် ဖြစ်တယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

အိမ်ယာချထားရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေမှာ လူမျိုးရေး တန်းတူ ညီမျှ မရှိတာကို ဖြေရှင်း ဆောင်ရွက်ရေးလိုမျိုး ကိစ္စတွေကို မစ္စတာ ဘိုင်ဒန်အနေနဲ့ အလေးထား ဆောင်ရွက်သွားဖို့ ရှိပါတယ်။

သူ့ရဲ့ သမ္မတသက်တမ်း ပထမ ရက် ၁၀၀ အတွင်း မှာ ရဲဌာန ပြင်ဆင်ဖွဲ့စည်းရာမှာ အကူအညီပေးဖို့ နိုင်ငံလုံးဆိုင်ရာ ရဲကြီးကြပ်ရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးမယ်လို့ မစ္စတာ ဘိုင်ဒန်က ကတိပြုထားပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ် အသေးစိတ်ကိုတော့ အသေအချာ မသိရပါဘူး။

အနည်းဆုံး ထောင်ဒဏ် သတ်မှတ်ထားမှုကို ပြန်ပြင်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းအခြေစိုက် ရဲတွေ ချထားရေးမှာ ငွေပိုတိုးသုံးဖို့ ဆောင်ရွက်ချက်တွေ ထည့်သွင်းထားတဲ့ လုံခြုံစိတ်ချရတဲ့ တရားစီရင်ရေး ဥပဒေကြမ်းကို ကွန်ဂရက်က အမြန်ဆုံး အတည်ပြုပေးဖို့ လိုလားတယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

LGBT တွေကို အကာအကွယ်ပေးရေး

LGBT လိင်တူချင်း စိတ်ဝင်စားသူတွေရဲ့ အသိုင်းအဝိုင်းအတွက် ဆောင်ရွက်ပေးမယ်လို့လည်း မစ္စတာ ဘိုင်ဒန်က ကတိပြုထားပါတယ်။ လိင်ပြောင်းထားသူတွေအပေါ် အကြမ်းဖက် ရန်ပြုမှုတွေကို တားဆီးရာမှာ ငွေအားလူအား အရင်းအမြစ်တွေ သုံးစွဲဖို့၊ လိင်ပြောင်းထားသူတွေ စစ်မှုမထမ်းရ ဆိုတဲ့ တားမြစ် ပိတ်ပင်ထားချက်ကို ပယ်ဖျက်ရေးနဲ့ ကျောင်းတွေမှာ လိင်ပြောင်းထားသူ ကျောင်းသူကျောင်းသားတွေအတွက် လမ်းညွှန်ချက် ထားရှိပေးရေး စတာတွေကို လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

နောက်ဦးစားပေး ကိစ္စရပ်ကတော့ တန်းတူညီမျှမှု ရှိရေး ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီ ဥပဒေကြမ်းအရ လက်ရှိချမှတ်ထားတဲ့ နိုင်ငံသား အခွင့်အရေး ဥပဒေတွေမှာ လိင်တူစိတ်ဝင်စားသူ၊ လိင်ပြောင်းထားသူတွေအတွက် အခွင့်အရေးတွေကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဥပဒေကြမ်းကို အတည်ပြုဖို့ ဘယ်လောက် မြန်မြန် လုပ်နိုင်မလဲ ဆိုတာကတော့ အသေအချာ မသိရသေးဘဲ ဖြစ်နေဆဲပါ။

အမေရိကန်အပေါ် မိတ်ဘက်နိုင်ငံတွေ ပြန်ယုံကြည်စိတ်ချလာအောင် လုပ်ရေး

ထရမ့် အစိုးရ လက်ထက်မှာ အဆင်မပြေ ဖြစ်နေခဲ့တဲ့ မိတ်ဘက်နိုင်ငံတွေနဲ့ ပြန်အဆင်ပြေအောင် အမြန်ဆုံး ကြိုးစားသွားမယ်လို့ သမ္မတသစ် ဂျိုးဘိုင်ဒန် က ပြောခဲ့ပြီး သူတို့ကို အမေရိကန်နိုင်ငံက အားပေး ထောက်ခံသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ "ကမ္ဘာကို အမေရိကန် ပြန်ဦးဆောင်နိုင်ဖို့ ကြိုးစားနေတယ် ဆိုတာကို အမေရိကန်အစိုးရက သက်သေပြမှာပါ၊ အင်အားနဲ့ ပြရုံတင်မက စံနမူနာ ဖြစ်အောင် လုပ်ပြသွားပါ့မယ်" လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဂျိုးဘိုင်ဒန်က သမ္မတရုံးမှာ သူ ပထမဆုံး အလုပ်ဝင်တဲ့နေ့ကျရင် နေတိုးအဖွဲ့ဝင် မိတ်ဘက် နိုင်ငံတွေကို "အမေရိကန် ပြန်လာပြီ၊ အမေရိကန်ကို ပြန်အားကိုးလို့ ရပါပြီ" ဆိုပြီး လှမ်းပြောမယ်လို့ ဆိုပါတယ်။

နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ကာကွယ်ရေး အသုံးစရိတ် ပိုသုံးဖို့ ဖိအားပေးခဲ့တဲ့ အမေရိကန် သမ္မတတွေထဲမှာ မစ္စတာ ထရမ့်ဟာ တစ်ဦးတည်းသော သမ္မတ မဟုတ်ခဲ့ပေမဲ့ နေတိုးအဖွဲ့ထဲကနေ အမေရိကန် နုတ်ထွက်မယ် ဆိုပြီး ခဏခဏ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ မစ္စတာ ဘိုင်ဒန်ကတော့ နေတိုးအဖွဲ့ဟာ "လွတ်လပ်တဲ့ ဒီမိုကရေစီစံကို အခိုင်အမာ အကာအကွယ်ပေးနေတဲ့ ကျောက်တံတိုင်းကြီး ဖြစ်တယ်"လို့ ဖော်ညွှန်းပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55723918

ဂျိုးဘိုင်ဒန် ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စတွေ  ဂျိုးဘိုင်ဒန် ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စတွေ Reviewed by THITHTOOLWIN on 18:41 Rating: 5

No comments:

Powered by Blogger.