ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရတဲ့ မြန်မာအလုပ်သမား တရက်ကို အယောက် ၂၀၀ နှုန်းလောက် တွေ့နေပြီး အခု သုံးရက်အတွင်း အယောက် ၇၀၀ ကျော် ရှိနေပါပြီ။ သူတို့ကို သီးခြားထားတဲ့ နေရာတွေဆီ ပို့နေပါတယ်။ ပြီးခဲ့တဲ့ရက်က ပိုးတွေ့ထားတဲ့ အမျိုးသမီးနဲ့ ကလေး အယောက် ၂၀ ကို ထိုင်းအာဏာပိုင်တွေက အဲဒီနေရာကို ပြန်ပို့လို့ ဆန္ဒပြတဲ့အတွက်လဲ သူတို့ကို ယာယီဆေးရုံမှာ ပို့ထားတယ်လို့သိရပါတယ်။
အခုတွေ့နေရတာက ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်က ပုဇွန်ဈေးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ မြန်မာအလုပ်သမားတွေကို သီးခြားခွဲထုတ် စောင့်ကြည့်ပေးမယ့် နေရာတွေကို ပို့ဖို့ ဒီနေ့ ဇန်နဝါရီလ ၆ ရက် ညနေ ၄ နာရီလောက်က ခေါ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာ အဲဒီပုဇွန်ဈေးက လုပ်ငန်းရှင် ထိုင်းအမျိုးသမီးကြီး တယောက်ဆီကနေစခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ဖြစ်ရပ်ဟာ တလအတွင်း ဆင့်ပွားပျံ့နှံ့မှု မြင့်တက်နေပါတယ်။ အခုဆိုရင် ပိုးကူးစက်ခံရတဲ့ မြန်မာအလုပ်သမား တရက်ကို အယောက် ၂၀၀ ကျော်နှုန်းနဲ့ ၃ ရက်အတွင်း အယောက် ၇၀၀ ကျော်ရှိနေပါပြီ။ ဒါနဲ့ပတ်သက်လို့ အဲဒီပုဇွန်ဈေးမှာ ပထမဆုံး ပိုးကူးခံရတဲ့ မြန်မာလုပ်သား ကိုအောင်ရွှေက အခုလို ပြောပြပါတယ်။
“ခေါ်သွားတာတော့ တနေ့ကို နှစ်ရာ။ ပိုးရှိတဲ့သူတွေလို့ပြောတာပဲ။ အပြင်မှာ ကွာရန်တင်း သွားဝင်တယ်။ ၁၄ ရက်လေ။ ဒီနေ့ရောဆို ၃ ရက်။ တနေ့ကို ၂၀၀ ဆိုတော့ ၆၀၀ ရှိသွားပြီ။ ကြားတာတော့ ဘောလုံးကွင်းလို့ ကြားတာပဲ။ ဒီလိုပဲ တန်းလျားတွေ။ တယောက်နဲ့ တယောက် ကပ်ကပ်လေးတဲ့။ အယောက် ၇၀၀ ကျော်တယ်လို့ ပြောတယ်”
ဒီနေ့ထုတ် The Nation သတင်းမှာဆိုရင် အဲဒီစမွတ်ဆာခွန်မှာ ဒီရက်ပိုင်းအတွင်း လူ ၃၈၀၀ စစ်ဆေးတဲ့အခါ လူ ၉၀၀ ပိုးကူးထားပြီး အဲဒီထဲမှာ မြန်မာအလုပ်သမား ၇၁ ရာခိုင်နှုန်း၊ ထိုင်း လူမျိုးက ၂၄ ရာခိုင်နှုန်းနဲ့ တခြားနိုင်ငံသားတွေက ၅ ရာခိုင်နှုန်း ပါနေတယ်လို့ ဒေသခံ ကျန်းမာရေးဌာနအရာရှိရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ညကဆိုရင် ပိုးကူးထားတယ်ဆိုတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေး အယောက် ၂၀ ကို သီးခြားခွဲထားတဲ့နေရာမှာ ထားဖို့ အဆင်မပြေတဲ့အတွက် ဆိုပြီး ထိုင်းအာဏာပိုင်တွေက သူတို့နေတဲ့ အလုပ်သမား ရပ်ကွက်ကို ပြန်ပို့တဲ့အခါ၊ ရောဂါမရှိသေးတဲ့သူတွေက အဲဒီလို ပြန်မပို့ဖို့ ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီအမျိုးသမီးနဲ့ ကလေး အယောက် ၂၀ ကို ဆေးရုံတခုကို ပို့ထားတယ်လို့ မြန်မာအလုပ်သမားများ အခွင့်အရေး ကူညီစောင့်ရှောက်နေတဲ့ MWRN အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပြပါတယ်။
“ထိုင်း ပြည်နယ်ကျန်းမာရေးအဖွဲ့နဲ့ အုပ်ချုပ်ရေး ယန္တရားအဖွဲ့တွေက သူတို့ကို ယာယီဆေးရုံတွေမှာ သွားပြီး နေရာချထား ပေးလိုက်တယ်လို့ ကျနော်တို့ ကြားသိရပါတယ်ခင်ဗျ”
ပုဇွန်ဈေးမှာ ပိုးကူးထားတာ စတွေ့တဲ့ ထိုင်းလုပ်ငန်းရှင် အမျိုးသမီးရော၊ သူ့ဆီကနေ တဆင့် ကူးစက်ခံရတဲ့ မြန်မာအလုပ်သမား ကိုအောင်ရွှေရောပါ အခုတော့ ပိုးကင်းစင်လို့ ဆေးရုံကဆင်းပြီး နေအိမ်တွေ ပြန်ရောက်နေပါပြီ။ မနေ့ကပဲ သူအိမ်ပြန်ရောက်တယ်လို့ ကိုအောင်ရွှေက ပြောပြပါတယ်။
အခုလို မြန်မာလုပ်သားတွေကြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း များနေပြီး အခက်အခဲဖြစ်နေတာနဲ့ ပတ်သက်လို့ မြန်မာသံရုံးက ဘယ်လိုစီစဉ်ဆောင်ရွက် နေလဲဆိုတာ သိရအောင် အလုပ်သမား သံအရာရှိတွေကို ဒီနေ့ညနေမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါပေမယ့် သံအမတ်ကြီးနဲ့ သံရုံးအရာရှိတွေက ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ၊ အလုပ်သမားတွေကို လာတွေ့ဆုံအားပေးတာတွေ တွေ့ရတယ်လို့ မြန်မာလုပ်သမား ကိုအောင်ရွှေရော၊ MWRN အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်ကျော်ကရော ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေ အခုအခြေအနေမှာ ဘာတွေလိုအပ်နေလဲဆိုတော့ ဦးအောင်ကျော်က ....
“လုပ်သားတွေကိုယ်တိုင် မြန်မာသံအမတ်ကြီးတွေ ဘာတွေလာတဲ့အခါမှာ ပြောတာက မြန်မာပြည်မှာ စောင့်ရှောက်သလိုမျိုး Positive ဖြစ်ပြီဆိုရင် ဘေးကင်းအောင် အဲဒီလုပ်သားကို မိသားစုနဲ့ပါခွဲပြီး ခေါ်သွားပေးပါ။ အဲဒါမျိုးတွေ လုပ်သားတွေ ကိုယ်တိုင် တောင်းဆိုထားတယ်ဆိုတာ သိရတယ်။ အဲတော့ ကျနော်ထင်ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းအစိုးရကလည်း ယာယီဆေးရုံတွေ အသစ်တိုးပြီး တည်ဆောက်နေပြီ ဆိုတော့ ကျနော်တို့ စိုးရိမ်နေတာတွေ ပပျောက်သွားမယ်လို့ ထင်ပါတယ်။ ဖြစ်ပြီဆို ခေါ် သွားမယ်ဆိုတာက လုပ်သားတွေရဲ့ ဆန္ဒပါ”
အဲဒီစမွတ်ဆာခွန် ပုဇွန်ဈေးမှာ မြန်မာဆရာဝန်တွေလည်း စေတနာ့ဝန်ထမ်းအနေနဲ့ ကူညီနေကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ အခုတကျော့ပြန် ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းကြောင့် တနိုင်ငံလုံး ၇၆ ခရိုင်ရှိတဲ့ အထဲမှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ခရိုင် ၅ ခရိုင်ကို အပြည့်အဝ ပိတ်ပင်ကန့်သတ်မိန့် ထုတ်ပြန်လိုက်ပါတယ်။ မြဝတီ တဖက်ကမ်း မဲဆောက်မြို့ရှိတဲ့ တာ့ခ်ခရိုင်၊ မြန်မာပြည် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ကန်ချနဘူရီခရိုင်၊ ရနောင်းခရိုင်၊ ချွန်ဘူရီခရိုင်နဲ့ စမွတ်ဆာခွန်ခရိုင်တို့ ဖြစ်ပါတယ်။
RFA Burmese

No comments:
Post a Comment