ပထမဆုံး လူမည်းနဲ့ အာရှနွယ်ဖွား အမျိုးသမီး ဒုသမ္မတ

ကာမလာဟဲရစ်က ဒုသမ္မတအဖြစ် ကျမ်းကျိန်

အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ အဖြစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ မကျိန်ဆိုခင်မှာ ကာမလာဟဲရစ်က ဒုသမ္မတအဖြစ် ကျမ်းကျိန်ခဲ့တာပါ။

ကာမလာ ဟဲရစ်ဟာ ပထမဆုံး အမျိုးသမီး၊ လူမည်းနဲ့ အာရှ နွယ်ဖွား အမေရိကန် ဒုသမ္မတ အဖြစ် သမိုင်းမှတ်တိုင်တစ်ရပ် စိုက်ထူခဲ့ပါတယ်။

အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ အဖြစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ မကျိန်ဆိုခင်မှာ ကာမလာဟဲရစ်က ဒုသမ္မတအဖြစ် ကျမ်းကျိန်ခဲ့တာပါ။

အိန္ဒိယနဲ့ ဂျမေကာနွယ်ဖွား မစ္စ ဟဲရစ်ဟာ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် အစောပိုင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ ဘိုင်ဒန်က ဒီပြိုင်ပွဲမှာ အနိုင်ရသွားခဲ့ပြီး မစ္စ ဟဲရစ်ကို သူနဲ့အတူ ရွေးကောက်ခံမယ့် ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။

"သာမန်ပြည်သူတွေအတွက် အကြောက်တရားကင်းမဲ့တဲ့ တိုက်ခိုက်ရေးသမား" လို့ မစ္စဟဲရစ်ကို မစ္စတာ ဘိုင်ဒန်က ညွှန်းဆိုခဲ့ပါတယ်။

အမေရိကန် လွှတ်တော်တွင်း ကျိန်းသစ္စာ မကျိန်ဆိုခင်မှာ မစ္စ ဟဲရစ်က သူ့အဆို သူ့မတိုင်ခင် မှတ်တိုင်စိုက်ထူခဲ့ကြတဲ့ အမျိုးသမီးတွေကို ချီးကျုးဂုဏ်ပြုခဲ့ပါတယ်။

"ကျွန်မ သူတို့ရဲ့ ပခုံးပေါ်မှာ ရပ်တည်နေတယ်" လို့ ဗီဒီယိုကနေတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် လွှတ်တော်တွင်း ဖြစ်ခဲ့တဲ့ ဆူပူမှုအတွင်း ထရမ့်ထောက်ခံသူ လူအုပ်ကို အထက်လွှတ်တော် အစည်းအဝေးခန်းမတွေကနေ မောင်းထုတ်ခဲ့တဲ့အတွက် သူရဲကောင်းလို့ ဂုဏ်ပြုခံခဲ့ရတဲ့ ရဲအရာရှိ ယူဂျီး ဂွတ်မန်းက မစ္စ ဟဲရစ်ကို ကျမ်းသစ္စတာ ကျိန်ဆိုပွဲမှာ စောင့်ကြပ်ပေးခဲ့ပါတယ်။

ကာမလာ ဟဲရစ် ဆိုတာ ဘယ်သူလဲ

အသက် ၅၆ နှစ်အရွယ် မစ္စဟဲရစ်ကို ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ကြတဲ့ အိန္ဒိယနွယ်ဖွား မိခင်နဲ့ ဂျမေကာနွယ်ဖွား ဖခင်တို့က ကယ်လီဖိုးနီးယားပြည်နယ် အိုကလန်မြို့မှာ မွေးဖွားခဲ့ပါတယ်။

ကာမလာ (ဘယ်) ကို သူ့အမေနဲ့ ညီမဖြစ်သူတို့နဲ့အတူ တွေ့ရစဉ်

မစ္စ ဟဲရစ်ဟာ အစဉ်အလာအားဖြင့် နိုင်ငံတွင်း လူမည်း ကောလိပ် တက္ကသိုလ်တွေထဲမှာ အကောင်းဆုံး ကျောင်းတစ်ကျောင်းလို့ ဆိုနိုင်တဲ့ ဟာဝါဒ် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူပါ။

တက္ကသိုလ်တက်တဲ့ကာလဟာ သူ့ဘဝအတွေ့အကြုံတွေကို အကောင်းဆုံး ပုံသွင်းပေးနိုင်ခဲ့တဲ့ အချိန်ကာလဖြစ်တယ်လို့ မစ္စဟဲရစ်က ဆိုလေ့ရှိပါတယ်။

သူ့ရဲ့ သွင်ပြင်လက္ခဏာနဲ့ ပတ်သက်လို့လည်း ဘယ်တော့မှ စိတ်ကသိကအောက် မဖြစ်ခဲ့ဘဲ သူဟာ "အမေရိကန်တစ်ဦး" လို့ပဲ သူ့ကိုယ်သူ ယူဆကြောင်း ပြောပါတယ်။

ဟာဝါဒ်တက္ကသိုလ်မှာ လေးနှစ်ကြာ ပညာဆည်းပူးခဲ့ပြီးတဲ့နောက် ကယ်လီဖိုးနီးယားတက္ကသိုလ် ဟေ့စတင်းစ်ကောလိပ်မှာ ဥပဒေဘွဲ့ ရယူခဲ့ပါတယ်။

အဲဒီနောက် အလီမီဒါကောင်တီက ခရိုင်တရားသူကြီးရုံးမှာ အလုပ်စဝင်ခဲ့ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ ခရိုင် တရားသူကြီး ဆန်ဖန်စ္စကိုမှာ အဆင့်မြင့်ဆုံး အစိုးရ ရှေ့နေ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်မှာ လူဦးရေ အထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရှေ့နေချုပ်၊ ထိပ်တန်း ရှေ့နေနဲ့ ဥပဒေပြဋ္ဌာန်းသူအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပထမဆုံး အမျိုးသမီး၊ အာဖရိကန်နွယ်ဖွား အမေရိကန်တွေထဲမှာ ပထမဆုံး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

ကာမလာ (ဘယ်) ကို သူ့အမေနဲ့ ညီမဖြစ်သူတို့နဲ့အတူ တွေ့ရစဉ်

ရှေ့နေချုပ်အဖြစ် တာဝန်သက်တမ်း နှစ်ကြိမ်နီးပါး တာဝန်ထမ်းဆောင်ပြီးတဲ့နောက် မစ္စဟဲရစ်ဟာ ဒီမိုကရက်ပါတီရဲ့ ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်အဖြစ် ဂုဏ်သတင်းကြီးခဲ့ပါတယ်။

ဒီအခွင့်အရေးကို အသုံးပြုပြီး ၂၀၁၇ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။

သူဟာ အထက်လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဒုတိယမြောက် လူမည်းအမျိုးသမီးဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အစမှာတော့ အိုကလန်မြို့က လူပေါင်း ၂၀,၀၀၀ ကျော် ရှေ့မှောက်မှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ မစ္စ ဟဲရစ်ဟာ ခိုင်မာပြတ်သားတဲ့ ယုံကြည်ချက်တစ်ခု ချပြဖို့အတွက် ပျက်ကွက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလို အဓိက ကျတဲ့ မူဝါဒ လမ်းစဉ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေမှာ သေသေချာချာ မဖြေဆိုနိုင်ခဲ့ပါဘူး။

သူဟာ အကောင်းဆုံး ပြိုင်ပွဲဝင်အဖြစ် မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ရှေ့နေ အရည်အချင်းတွေကို ပြသခဲ့တဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်တွေဟာ မစ္စတာ ဘိုင်ဒန်ကို မကြာခဏဆိုသလို ဝေဖန်ခဲ့တာပါ။ မှတ်မှတ်ထင်ထင် အရှိဆုံးကတော့ လူမျိုးရေးခွဲခြားမှုကို ထောက်ခံတဲ့ အထက်လွှတ်တော်အမတ်ဟောင်းတွေနဲ့ မစ္စတာ ဘိုင်ဒန် ရှိခဲ့တဲ့ ပြည်သူ့ လုပ်ငန်း ဆက်ဆံရေးနဲ့ ပတ်သက်လို့ မစ္စတာ ဘိုင်ဒန်ရဲ့ အမွှမ်းတင်မှုကို ဝေဖန်ခဲ့တာပါ။


သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုကနေ ၂၀၁၉ ဒီဇင်ဘာလမှာ သူနုတ်ထွက်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒန် နဲ့ ကာမလာဟဲရစ်

ဒါပေမဲ့ မစ္စတာ ဘိုင်ဒန်ဟာ ဩဂုတ်လမှာ သူ့နဲ့အတူ ဝင်ရောက်ရွေးကောက်ခံမယ့် ဒုသမ္မတအဖြစ် မစ္စ ဟဲရစ်ကို ရွေးချယ်ခဲ့ပြီး "ကြံ့ခိုင်မှုအရှိဆုံး ပြည်သူ့ဝန်ထမ်းတစ်ဦး" လို့ ခေါ်ဆိုခဲ့ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မစ္စတာ ဘိုင်ဒန် အနိုင်ရကြောင်း ကြေညာတဲ့အခါမှာလည်း မစ္စတာ ဘိုင်ဒန်ကို ဖုန်းဆက်ပြီး ဂုဏ်ပြုကြောင်း ပြောဆိုနေတဲ့ ဗီဒီယို ဖိုင်တခုကို မစ္စ ဟဲရစ်က တွစ်တာမှာ တင်ခဲ့ပါတယ်။

"ငါတို့ လုပ်နိုင်ခဲ့ပြီ။ စွမ်းဆောင်နိုင်ခဲ့ပြီ၊ ဂျိုး။ ရှင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်လာမယ့် သမ္မတတဦး ဖြစ်တော့မယ်" လို့ မစ္စဟဲရစ်က ပျော်ရွှင်ဝမ်းမြောက်စွာ ပြောဆိုခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55757218

ပထမဆုံး လူမည်းနဲ့ အာရှနွယ်ဖွား အမျိုးသမီး ဒုသမ္မတ  ပထမဆုံး လူမည်းနဲ့ အာရှနွယ်ဖွား အမျိုးသမီး ဒုသမ္မတ Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.