ကိုရိုနာဗက်-တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအကြောင်း ဘာတွေ သိထားသလဲ

ကမ္ဘာတလွှားက နိုင်ငံတွေရဲ့ အရေးပေါ် ကာကွယ်ဆေး စီမံကိန်းတွေမှာ တရုတ်ရဲ့ ကိုရိုနာဗက် ကာကွယ်ဆေးကို ထည့်သွင်း အသုံးပြုဖို့ စီစဉ်ထား

တရုတ်ဆေးကုမ္ပဏီ ဆိုင်နိုဗက်က ထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘရာဇီးလ်နိုင်ငံမှာ စမ်းသပ် အသုံးပြုခဲ့ရာမှာ အရင်အကြံပြုထားတာလောက် ဆေးအာနိသင် မရှိဘဲ ထိရောက်မှုက ၅၀.၄ ရာခိုင်နှုန်း ရှိတယ်ဆိုတာကို တွေ့ခဲ့တဲ့အတွက် စိုးရိမ်မှုတွေ ပေါ်ထွက်လာပါတယ်။

နိုင်ငံတချို့က ဒီ ကိုရိုနာဗက် ကာကွယ်ဆေးကို သူတို့ရဲ့ အရေးပေါ် ကာကွယ်ဆေး စီမံကိန်းမှာ ထည့်သွင်းဖို့ စီစဉ်နေတာမျိုး၊ စသုံးတာမျိုးတွေတောင် ရှိနေပြီး ဆေး သန်းနဲ့ချီ ရောက်နေပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်မှာ ဒီကာကွယ်ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်အသုံးပြု လေ့လာမှုတွေ လုပ်နေတဲ့ Butantan Institute ဌာနက သိပ္ပံပညာရှင်တွေက အစပိုင်းတုန်းကတော့ ဒီကာကွယ်ဆေးဟာ အပျော့စားကနေ အပြင်းစား ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေကို ကုရာမှာ ၇၈ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက ဒီကိန်းဂဏန်းရလဒ်ဟာ ကာကွယ်ဆေးထိုးအပြီး ဆရာဝန်ပြစရာ မလိုတဲ့ အပျော့စား ရောဂါကူးစက်မှု ဖြစ်ခဲ့သူ လူအုပ်စုတစ်ခုက ရတဲ့ ကိန်းဂဏန်းတွေ မပါဘူးလို့ သူတို့က ပြောပါတယ်။

ဒီကိန်းဂဏန်းတွေကို ထည့်သွင်းလိုက်တဲ့အတွက် အခုအခါ ဆေးထိရောက်မှုနှုန်းက ၅၀.၄ ရာခိုင်နှုန်း ဖြစ်သွားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီတော့ ဒီလို အရင်ထင်ထားတာထက် ဆေးအာနိသင် လျော့နေတယ်ဆိုတာ တွေ့ခဲ့ရတဲ့အတွက် ကမ္ဘာတဝန်းမှာ ဒီ ကိုရိုနာဗက် ကာကွယ်ဆေးကို သုံးဖို့ အစီအစဉ်တွေက ဘယ်လို ဖြစ်သွားမှာပါလဲ။ ဒီကာကွယ်ဆေးနဲ့ ပတ်သက်လို့ နောက်ထပ် ဘာတွေသိထားပါသေးသလဲ။

ကိုရိုနာဗက် ကာကွယ်ဆေးက ဘယ်လောက် စွမ်းသလဲ

ကိုဗစ်၊ ကိုရိုနာဗက်၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၊ တရုတ်၊ ဘရာဇီးလ်

Sinovac is a Beijing-based pharmaceutical company ဆိုင်နိုဗက် ကုမ္ပဏီဟာ ဘေဂျင်း အခြေစိုက် ဆေးကုမ္ပဏီတစ်ခု ဖြစ်

ဒီကိုရိုနာဗက် ကာကွယ်ဆေးကို ဘေဂျင်းအခြေစိုက် ဆိုင်နိုဗက် ဆေးကုမ္ပဏီက ထုတ်ခဲ့တာပါ။ ဒီကာကွယ်ဆေးဟာ သက်မဲ့သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် အပိုင်းအစ တွေကို အသုံးပြုထားတာဖြစ်ပြီး ဒီကာကွယ်ဆေး ထိုးပြီးရင် လူ့ကိုယ်ခန္ဓာက ကိုယ်ခံအားစနစ်ဟာ ဒီဗိုင်းရပ်စ်ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသွားစေပါတယ်။ ဒါ့အပြင် ဘေးထွက်ဆိုးကျိုး ရောဂါတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်လည်း နည်းပါတယ်။

"ကိုရိုနာဗက် ကာကွယ်ဆေးဟာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးလို ဆေးအတော်များများမှာ အောင်အောင်မြင်မြင် အသုံးပြုနေတဲ့ ရှေးရိုးပိုဆန်တဲ့ နည်းလမ်းမျိုးနဲ့ ဖော်စပ်ထားတာပါ"လို့ နန်ယန် နည်းပညာတက္ကသိုလ်က ပါမောက္ခ လျို ဒါဟိုင်းက ဘီဘီစီကို ပြောပြပါတယ်။

ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး MMR ကာကွယ်ဆေးနဲ့ ရေကျောက် ကာကွယ်ဆေးလို တခြားကာကွယ်ဆေးတွေကတော့ အားလျော့နေတဲ့ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယား အရှင်ကို အသုံးပြုဖော်စပ်ထားတာပါ။

Sars-CoV-2 ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား အတွက် အထူး ဖော်စပ်တဲ့ ကာကွယ်ဆေးတွေအနက် တချို့က ဥပမာ-ဖိုင်ဇာ (Pfizer) နဲ့ မိုဒါနာ (Moderna) ကုမ္ပဏီက ထုတ်တဲ့ ကာကွယ်ဆေးတွေကတော့ mRNA ကာကွယ်ဆေးတွေပါ။

ဆိုလိုတာကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ သင်္ကေတ ကို လူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းပေးလိုက်တဲ့အခါ အဲဒီကနေ ဗိုင်းရပ်စ် ပရိုတင်းတွေ (ဗိုင်းရပ်စ်ပိုး အပြည့်အစုံတစ်ခုလုံးမဟုတ်ပါ) ထွက်လာစေပါတယ်။ အဲဒီ ဗိုင်းရပ်စ် ပရိုတင်းတွေက လူ့ကိုယ်ခံအား စနစ်ကို လေ့ကျင့်ပေးသွားပြီး တကယ့်ဗိုင်းရပ်စ် ကိုယ်ခန္ဓာထဲကို ဝင်လာတဲ့အခါမှာ ပြန်တိုက်ခိုက်နိုင်တဲ့အခြေအနေကို ဖြစ်စေပါတယ်။

"mRNA ကာကွယ်ဆေးတွေကတော့ ကာကွယ်ဆေးအမျိုးအစား အသစ်ဖြစ်ပြီးတော့ လူထုကြားထဲမှာ သုံးထားပြီးပြီ၊ အောင်မြင်ထားပြီးပြီဆိုတဲ့ ဥပမာတော့ မရှိသေးပါဘူး" လို့ ပါမောက္ခ လျိုက ဆိုပါတယ်။

ကိုရိုနာဗက် ကာကွယ်ဆေးကို ဘရာဇီးလ်(ပုံ) တူရကီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ နောက်ဆုံးအဆင့် စမ်းသပ်အသုံးပြုမှုတွေ လုပ်နေ

Sars-Cov-2 ရောဂါ ကာကွယ်ဆေးမှန်သမျှ စည်းမျဉ်းပိုင်းဆိုင်ရာ အတည်ပြုချက်ရဖို့ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ဆေးအာနိသင် ရှိရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စံနှုန်း သတ်မှတ်ထားပါတယ်။ ကိုရိုနာဗက် ကာကွယ်ဆေးက ဒီစံနှုန်းထက် နည်းနည်းလေးပဲ ကျော်ပါတယ်။

ဒါပေမဲ့ ဒီကာကွယ်ဆေးကို တူရကီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ စမ်းသပ် အသုံးပြုခဲ့ပြီး ဖြစ်ရာမှာ ကွဲပြားတဲ့ ရလဒ်တွေ ထွက်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ တူရကီက နောက်ဆုံးအဆင့် စမ်းသပ်အသုံးပြုမှုရဲ့ ကနဦး ကိန်းဂဏန်းရလဒ်တွေအရ ဒီဆေးဟာ ၉၁.၂၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုသီတင်းပတ်မှာ အင်ဒိုနီးရှားနိုင်ငံက ဒီကာကွယ်ဆေးကို စမ်းသပ်အသုံးပြုမှုရဲ့ ကနဦးအချက်အလက်တွေကို အခြေခံ လေ့လာခဲ့ရာမှာ ကာကွယ်ဆေး ထိရောက်မှုနှုန်းက ၆၅.၃ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

တခြားပြိုင်ဖက် ဆေးကုမ္ပဏီတွေ ထုတ်ဖော်ကြေညာထားတဲ့ သူတို့ဆေးတွေရဲ့ ထိရောက်မှု ဆေးအာနိသင်တွေ ကတော့ ပိုများတာ တွေ့ရပါတယ်။ ဖိုင်ဇာ (Pfizer)က ထုတ်တဲ့ ဘိုင်အွန်တက်ခ် (BioNTech) ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်း၊ မိုဒါနာ (Moderna)ကာကွယ်ဆေးက ၉၄ ရာခိုင်နှုန်း၊ ရုရှားထုတ် စပွတ်နစ်ခ် (Sputnik V) ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်း၊ အက်စထရာ ဇန်နကာ/အောက်စဖို့ဒ် ၆၂ (AstraZeneca/Oxford 62)က ၉၀ ရာခိုင်နှုန်း ထိရောက်မှု အာနိသင် အသီးသီး ရှိကြပါတယ်။

ကာကွယ်ဆေးတွေအကြား နှိုင်းယှဉ်ချက်ဇယား

ကိုရိုနာဗက် ကာကွယ်ဆေးရဲ့ အဓိက အားသာချက်တစ်ခုက ဒီကာကွယ်ဆေးကို အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်နဲ့ ၈ ဒီဂရီ စင်တီဂရိတ်အကြား သာမန် ရေခဲသေတ္တာတစ်ခုထဲ ထည့်သိမ်းထားနိုင်တဲ့ အချက် ဖြစ်ပါတယ်။ အောက်စဖို့ဒ်-ဇန်နကာ ကာကွယ်ဆေးလိုပဲ ဒီကာကွယ်ဆေးဟာ ချင်ပန်ဇီ မျောက်ဝံတွေမှာ အအေးမိရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို မျိုးဗီဇ ပြန်ပြင်ပြီး ဖော်စပ် ထုတ်လုပ်ထားတာပါ။

မိုဒါနာ ကာကွယ်ဆေးက အပူချိန် အနုတ်လက္ခဏာ ၂၀ စင်တီဂရိတ်မှာ သိုလှောင်ထားဖို့ လိုပြီး ဖိုင်ဇာ ကာကွယ်ဆေးကတော့ အပူချိန် အနုတ်လက္ခဏာ ၇၀ စင်တီဂရိတ်မှာ သိုလှောင်ထားဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ကိုရိုနာဗက် နဲ့ အောက်စဖို့ဒ်-ဇန်နကာ ကာကွယ်ဆေးတွေဟာ အရမ်းအေးခဲတဲ့ ရေခဲသေတ္တာတွေ သိပ်မရနိုင်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အများကြီး ပိုအသုံးတည့်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ကာကွယ်ဆေးစီမံကိန်းကြီး စစချင်း ပထမဆုံးနေ့မှာပဲ သမ္မတ ဂျိုကို ဝီဒိုဒို ကိုရိုနာဗက် ကာကွယ်ဆေး ထိုးခဲ့

ဘရာဇီးလ်နိုင်ငံက လေ့လာသူတွေက ဒီကာကွယ်ဆေးဟာ ဆရာဝန်ပြဖို့ လိုတဲ့ အပျော့စား ရောဂါကူးစက်မှု မျိုးတွေ မဖြစ်အောင် တားဆီးကာကွယ်ရာမှာ ၇၈ ရာခိုင်နှုန်း ထိရောက်မှု ရှိနေဆဲ ဖြစ်ပြီး အလယ်အလတ်နဲ့ အပြင်းစား ရောဂါကူးစက်မှုမျိုး မဖြစ်အောင် တားဆီးရာမှာ ၁၀၀ ရာခိုင်နှုန်း ထိရောက်မှု ရှိနေဆဲပဲလို့ အခိုင်အမာ ပြောနေပါတယ်။

အခုအခါ ဘရာဇီးလ် အာဏာပိုင်တွေက ကိုရိုနာဗက် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို သုံးသပ်နေပြီး အသုံးပြုခွင့် ပေးသင့်မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို တခြားနိုင်ငံတွေမှာ သုံးနေကြပြီ ဖြစ်ပြီး တရုတ်နိုင်ငံမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လကတည်းက ရောဂါကူးစက်ဖို့ အန္တရာယ် ပိုများတဲ့ လူတွေကို အရေးပေါ် ထိုးပေးဖို့ ပထမဆုံး ခွင့်ပြုခဲ့တာပါ။

တူရကီနိုင်ငံမှာတော့ ကိုရိုနာဗက် ကာကွယ်ဆေး အသုံးပြုတဲ့ ကာကွယ်ဆေး စီမံကိန်းအရ မကြာခင် ရက်ပိုင်းအတွင်း လူထုကို ကာကွယ်ဆေး ထိုးပေးတော့မှာပါ။

အင်ဒိုနီးရှားနိုင်ငံမှာလည်း အများပြည်သူကို ကာကွယ်ဆေးထိုးပေးတဲ့ စီမံကိန်းကြီး စလုပ်နေပြီ ဖြစ်ပြီး ကိုရိုနာဗက် ကာကွယ်ဆေးကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ကိုရိုနာဗက် ကာကွယ်ဆေး ထိုးခဲ့ပါတယ်ဒ

တခြားနိုင်ငံတွေကတော့ ဘရာဇီးလ်က ထုတ်ပြန်လိုက်တဲ့ စမ်းသပ်အသုံးပြုမှု ရလဒ် အပေါ် သတိနဲ့ စောင့်ကြည့်နေကြပါတယ်။

တကယ်လို့ ကိုရိုနာဗက် ကာကွယ်ဆေးရဲ့ ထိရောက်မှု အာနိသင်က ၇၀ ရာခိုင်နှုန်းအောက် နည်းနေမယ် ဆိုရင်တော့ သူတို့မှာထားတဲ့ ဆေး ၁ ဒဿမ ၉ သန်း ကို မယူတော့ဘဲ ငွေပြန်အမ်းခိုင်းမယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။

ထိုင်းနိုင်ငံကတော့ ကိုရိုနာဗက် ကာကွယ်ဆေး သုံးဖို့ အစီအစဉ်ကို ပြန်ပြောင်းဖို့ မရှိပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဒီကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေ ထပ်ပေးဖို့ ဆိုင်နိုဗက် ကုမ္ပဏီကို ထိုင်းအစိုးရက တောင်းဆိုထားပါတယ်။ ကိုရိုနာဗက် ကာကွယ်ဆေး ၂ သန်းနဲ့ အောက်စဖို့ဒ်-ဇန်နကာ ကာကွယ်ဆေး ၆၁ သန်း ဝယ်ဖို့ ထိုင်းအစိုးရက သဘောတူထားတာပါ။

စင်္ကာပူနိုင်ငံကတော့ သူတို့ရဲ့ ကာကွယ်ရေးစီမံကိန်းကြီးအတွက် မိုဒါနာ၊ ကိုရိုနာဗက်နဲ့ ဖိုင်ဇာ ဘိုင်အိုအင်တက်ခ် ကာကွယ်ဆေး ၃ မျိုးကို သုံးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီဆေး ၃ မျိုးထဲက ဖိုင်ဇာ ဘိုင်အွန်တက်ခ် ကာကွယ်ဆေးတစ်မျိုးတည်းကိုပဲ တရားဝင် အတည်ပြုထားပါသေးတယ်။

ခုနောက်ဆုံး ထွက်လာတဲ့ ကိုရိုနာဗက်ရဲ့ ထိရောက်မှု ရာခိုင်နှုန်းကြောင့် နိုင်ငံတချို့က စိုးရိမ်မိကြောင်း ထုတ်ပြော

စျေးဘယ်လောက် ရှိနိုင်မလဲ ဆိုတာ အသေအချာ မသိရသေးပေမဲ့ အခုနှစ် အစောပိုင်းက တရုတ်နိုင်ငံ ယီဝူမြို့မှာ ဒီဆေးတစ်လုံးကို တရုတ်ယွမ် ၄၀၀ (အမေရိကန်ဒေါ်လာ ၆၀)နဲ့ သူနာပြုဆရာမတွေက ထိုးပေးနေတာကို ဘီဘီစီ သတင်းအဖွဲ့က တွေ့ခဲ့ရပါတယ်။

အင်ဒိုနီးရှားအစိုးရပိုင် ဘိုင်အို ဖာမာ (Bio Farma)ကုမ္ပဏီကတော့ ဒီဆေးတစ်လုံးကို အင်ဒိုနီးရှား ရူပီးယား ၂ သိန်း (အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာနီးပါး) ကျနိုင်တယ်လို့ ပြောပါတယ်။

ဒါဟာ တစ်လုံးကို ၄ ဒေါ်လာလောက်ပဲ ကျတဲ့ အောက်စဖို့ဒ်ထုတ် ကာကွယ်ဆေးထက်တော့ အများကြီး စျေးကြီးနေဆဲပါ။ ဒါပေမဲ့ တစ်လုံးကို ၃၃ ဒေါ်လာကျတဲ့ မိုဒါနာ ကာကွယ်ဆေးထက်တော့ စျေးပိုသက်သာပါလိမ့်မယ်။

ဆိုင်နိုဗက် ကုမ္ပဏီဟာ အသစ်ဆောက်လုပ်လိုက်တဲ့ စတုရန်းမီတာ ၂၀၀၀၀ ကုဗပေ ကျယ်တဲ့ စက်ရုံကြီးကနေ တစ်နှစ်ကို ဆေး သန်း ၃၀၀ လောက် ထုတ်ပေးနိုင်တယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌက တရုတ်အစိုးရ သတင်းဌာန CGTN ကိုပြောပါတယ်။

မိုဒါနာကုမ္ပဏီက ၂၀၂၁ ခုနှစ်မှာ ဆေး သန်း ၅၀၀ လောက် သင်္ဘောနဲ့တင်ပို့ဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပြီး အက်စ်ထရ ဇန်နကာကုမ္ပဏီ ကလည်း ၂၀၂၁ ခုနှစ် ပထမ သုံးလပတ် ကုန်ပိုင်းလောက် မတိုင်ခင် ဆေး သန်း ၇၀၀ လောက် ထုတ်မယ်လို့ ပြောထားပါတယ်။

ဒီသတင်းဆောင်းပါးကို အိဗက်တန်နဲ့ အန်ဒရေ ဘီယာနက်သ် တို့က စုစည်းတင်ပြထားတာပါ


BBC Burmese

https://www.bbc.com/burmese/world-55657164

ကိုရိုနာဗက်-တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအကြောင်း ဘာတွေ သိထားသလဲ  ကိုရိုနာဗက်-တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအကြောင်း ဘာတွေ သိထားသလဲ Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.