ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေ ဘေးထွက်ဆိုးကျိုး ခံစားရသူနည်းပါး

 
ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုး ဆိုးဆိုးဝါးဝါး ခံစားရတာ မရှိဘူးလို့ ကာကွယ်ဆေးထိုးပြီးတဲ့သူတချို့က ပြောကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ သာမန်ကိုက်ခဲတဲ့ ဝေဒနာခံစားခဲ့သူတွေ ရှိပါတယ်။

ဆေးထိုးပြီး ၁၂ နာရီလောက်အကြာမှာ ကိုက်ခဲလာတဲ့အတွက် ဆေးဝယ် သောက်လိုက်ကြပြီးနောက်ပိုင်း သက်သာသွားတယ်လို့ ပဲခူးမြို့က သကျနွယ်နာမှုနဲ့ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ကိုဖြိုးမင်းဗိုလ်က ပြောပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့က သကျနွယ်နာမှုနဲ့ လူမှုကူညီရေးအသင်းက စေတနာ့ဝန်ထမ်း ၁၅ ယောက်လည်း ကိုဗစ်ကာကွယ်ဆေးထိုးခဲ့ကြတာပါ။

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၈ ရက်နေ့က မိန့်ခွန်းပြောရာမှာ တချို့က သာမန်တုပ်ကွေး လက္ခဏာလောက်သာ ခံစားရပြီး ဆိုးဆိုး ဝါးဝါးခံစားရတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဆေးထိုးပြီးတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း သုံးပုံ နှစ်ပုံလောက်ပဲ ကိုက်ခဲတာ၊ ချမ်းတာ၊ အဖျားရှိသလို ဖြစ်တာတွေ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ကာကွယ်ဆေးထိုးပြီးချိန်မှာ ဆေးထိုးတဲ့နေရာနာတာ၊ နီတာ၊ ရောင်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲတာ၊ နုံးချိပြီး မအီမသာ ဖြစ်တာတွေကတော့ လူ ၁၀ ယောက်မှာ တစ်ယောက်ထက်ပိုပြီး ခံစားရ နိုင်ခြေရှိပြီး ဆေးထိုးထားတဲ့နေရာမှာ အကျိတ်ဖြစ်တာ၊ ဖျားတာ၊ အန်တာ၊ ရာသီတုပ်ကွေး သာမာန် လက္ခဏာတွေ ပေါ်တာတွေက လူ ၁၀ ယောက်မှာ တစ်ယောက်လောက်သာ ခံစားရနိုင်ခြေရှိတဲ့အကြောင်း၊ မူးဝေတာ၊ ယားယံတာ၊ ချွေးထွက်လွန်တာ၊ အစားစားချင်စိတ်လျော့တာ၊ ဗိုက်အောင့်တာ၊ ပြန်ရည်ကျိတ်များ ကြီးတာတွေက လူ အယောက် ၁၀၀မှာ တစ်ယောက်သာ ခံစားရနိုင်ခြေရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကာကွယ်ဆေးကို ဇန်နဝါရီ ၂၉ မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဇန်နဝါရီ ၃၀ ဒီကနေ့ မှာလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ထိုးပေးနေပါတယ်။

ဒီနေ့ ဇန်နဝါရီ ၃၀မှာ ဆေးထိုးပြီး နာရီဝက်အကြာ ခဏနားနေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်သူ ဦးစောမိုးမြင့်က ဆေးထိုးချိန်မှာ ဘာမှ ထူးထူးခြားခြား ခံစားရတာ မရှိပေမယ့် နောက်ပိုင်းမှာ ကိုက်ခဲတာ၊ ယားယံတာတွေ ဖြစ်လာရင် သောက်ဖို့ ဆေးတွေပါ ပေးထားတယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံကနေ လက်ဆောင်အဖြစ်ပေးတဲ့ ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ ဇန်နဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာတာပါ။ နောက်ထပ်လည်း ကာကွယ်ဆေး သန်း ၃၀ကို အိန္ဒိယနိုင်ငံကနေ မြန်မာအစိုးရက ဝယ်ယူထားပြီး အဲဒီ အထဲက ကာကွယ်ဆေး နှစ်သန်းဟာ အခုလာမယ့် ဖေဖော်ဝါရီ ပထမပတ်ထဲမှာ ရာက်လာဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီး/ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို စထိုးမှာဖြစ်ပါတယ်။

အဲဒီလို ထိုးတဲ့အခါမှာ မိမိအိမ်မှာနေထိုင်ရေးအစီစဉ် Stay at Home မှာရှိနေတဲ့ မြို့နယ်တွေက အသက်ကြီး သူတွေ၊ ရောဂါအခံရှိသူတွေနဲ့ ရောဂါရရှိဖို့လွယ်သူတွေကို ဦးစားပေးမှာပါ။

ကာကွယ်ဆေးရရှိတဲ့ အခြေအနေပေါ်မူတည်ပြီး Stay at home မြို့နယ်တွေထဲက ကူးစက်မှုများတဲ့ မြို့နယ်၊ နေရာဒေသတွေကို ဦးစားပေးသွားမှာဖြစ်ပြီး နောက်ထပ်ကာကွယ်ဆေး ရလာတဲ့ အရေအတွက်အပေါ် မူတည်ပြီးတော့လည်း ကျန်တဲ့အုပ်စုတွေကို ဦးစားပေးအစီအစဉ် အလိုက် ဆက်တိုက် ထိုးပေးသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/covid-shield-vaccine-less-side-effects-01302021063632.html

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေ ဘေးထွက်ဆိုးကျိုး ခံစားရသူနည်းပါး  ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေ ဘေးထွက်ဆိုးကျိုး ခံစားရသူနည်းပါး Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.