ရခိုင်မှာ စစ်ကျန် လက်နက်ခဲယမ်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲ

ရခိုင်စစ်ပွဲကြောင့် တစ်နှစ်အတွင်း သေဆုံးသူ အရပ်သား ၁၈၀ ကျော် ရှိပြီး ၆၅၀ ကျော် ထိခိုက်ခဲ့လို့ အစိုးရ ထုတ်ပြန်ထား

ရခိုင်ပြည်နယ် မှာ ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ပြီးချိန်ကတည်းက တပ်မတော်နဲ့ ရက္ခိုင့် တပ်တော် အေအေ တို့ကြား ထိတွေ့မှု တိုက်ပွဲတွေ ကြီးကြီးမားမား မရှိတော့ပေမယ့် အရင် စစ်ပွဲတွေက ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးရမှုတွေ ဆက် ရှိနေတယ်လို့ ဒေသတွင်း အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ ရခိုင် ပြည်နယ်နဲ့ ချင်းတောင်ပိုင်း ဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်လ ကျော် အတွင်း အနည်းဆုံး မိုင်းပေါက်ကွဲမှုက ၂ ကြိမ် နဲ့ စစ်ကျန် လက်နက်ကြီး ကျည် ပေါက်ကွဲမှု ၁ ကြိမ် ဖြစ်ပွားခဲ့လို့ လူ ၁ ဦး သေဆုံးပြီး လူ ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ရပြီး ဖြစ်တယ်လို့ ဒေသတွင်း လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။

လူ ၁ ဦး သေ ၈ ဦး ဒဏ်ရာ ရတဲ့ မင်းပြား ဖြစ်စဉ်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မင်းပြားမြို့နယ်အတွင်းမှာ လက်နက်ကြီး ကျည်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ နောက်ထပ် ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောဆိုကြပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ မင်းပြားမြို့နယ် စပါးထားကျေးရွာထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အသက် ၄၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေထဲမှာတော့ ကလေးငယ်တွေနဲ့ လူငယ်ပိုင်းတွေပါဝင်တယ်လို့ သိရကြောင်း မင်းပြားမြို့ခံဦးသိန်းဇံက ပြောပါတယ်။

သေဆုံးသူဟာ အသက်၄၂ နှစ်အရွယ် ဒေါ်လှသန်းဝေဖြစ်ပြီး ဒဏ်ရာရရှိခဲ့ကြသူတွေကတော့ မမသန်းဌေး ၂၃၊ မအေအေးမိုး ၃ နှစ်၊ မစောသန်းနု ၁၆ နှစ်၊ ကိုသန်းရွှေမောင် ၂၆ နှစ်၊ ကိုကျော်ကျော် ၂၅၊ ဒေါ်နုနုသန်း ၄၂ နှစ်၊ မအေးစိုးချေ ၅ နှစ်၊ ကိုကျော်နု ၁၆ နှစ်တို့ဖြစ်ကြပါတယ်။

ရခိုင် မြောက်ပိုင်းက မင်းပြားမြို့နယ်ဟာ အေအေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒေသ တစ်ခု ဖြစ်

သေဆုံးသူရဲ့အလောင်းကို မင်းပြားဆေးရုံကိုပို့ဆောင်ထားပြီ ဒဏ်ရာရရှိသူ ၈ ဦးကိုတော့ မြောက်ဦးမြို့နယ် မြောင်းဘွေဆေး ရုံကိုပို့ဆောင်ထားက ဒဏ်ရာပြင်းထန်သူ ၅ ဦးကိုတော့ မြောက်ဦးဆေးရုံကို ဆက်လက်ပို့ဆောင်နေတယ်လို့ စပါးထားကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောပါတယ်။

"ဖြစ်တာက ၁ နာရီ ၃၅ မိနစ်မှာပါ၊ ပေါက်ကွဲသံကြားတော့ လာခဲ့ကြတယ်၊ ကလေးတွေကိုစုတယ်၊ မောင်သန်းရွှေဆိုသူရဲ့အိမ်နားမှာ လူတွေသွေးသံရဲရဲနဲ့ ငိုသူငိုယိုသူယိုဖြစ်နေကြပြီ၊ မိုင်းလား၊ လက်နက်ကြီးကျည်လားမသိဘူး၊ ရွာအစက အိမ်မှာဖြစ်တာပါ၊ ဒဏ်ရာရတဲ့သူတွေထဲမှာတော့ မိသားစုနှစ်စုပါ၊ သေဆုံးသွားတဲ့သူကတော့ အဲဒီအိမ်ကို အလည်လာနေတာပါ" လို့ ဦးမျိုးဇော်အောင်ကပြောပါတယ်။

စပါးထားကျေးရွာဟာ မင်းပြားမြို့ရဲ့အထက်ပိုင်း လေးမြို့မြစ်အရှေ့ဘက်ကမ်းက ကျေးရွာတစ်ရွာဖြစ်ပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အဲ့ဒီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားဖူးသလို တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဖျားပျော်ကျေးရွာ အနီးမှာ တည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။

အဲဒီပေါက်ကွဲမှုဟာ လက်နက်ကြီးကျည်ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီလက်နက်ကြီးကျည်ကို ဒဏ်ရာရသူတွေထဲကတစ်ဦးဖြစ်တဲ့ ကိုကျော်နုက ရွာပြင်လယ်တောထဲမှာတွေ့ရှိတဲ့အတွက် ရွာကိုယူဆောင်လာခဲ့ပြီး လူတွေကိုပြရာမှာ နောက်ထပ် ဒဏ်ရာရသူတွေဖြစ်တဲ့ ကိုသန်းရွှေမောင်တို့နေအိမ်မှာရှိနေတဲ့ အမျိုးသားတစ်ဦးက သစ်တုံးနဲ့ ထုကြည့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကြီးကျည်ပေါက်ကွဲခဲ့ပြီး ကိုကျော်နု၊ ကိုသန်းရွှေမောင်အပါအဝင် ၈ ဦးဒဏ်ရာရခဲ့ကြောင်း သေဆုံးသွားတဲ့ ဒေါ်လှသန်းဝေရဲ့သားဖြစ်သူ ကိုလှကျော်သောင်းက ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ တိုက်ပွဲတွေအတွင်း ပစ်ခတ်ခဲ့ရာမှာ မပေါက်ကွဲဘဲကျန်နေခဲ့တဲ့ ကျည်ဖြစ်နိုင်ကြောင်းနဲ့ အရင်က ကျေးရွာသားတွေဟာ ရွာအပြင်ကိုမသွားလာခဲ့ကြဘဲကျေးရွာအတွင်းမှာသာနေထိုင်ခဲ့ကြကာ အခုတိုက်ပွဲတွေမရှိတော့ တဲ့အချိန်မှာ အပြင်ထွက်သွားလာသူတွေက အဲ့ဒီကျည်တွေကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။

စစ်ကျန် လက်နက် ကျည်တွေက ဒေသခံ လူထုကြားထဲ အန္တရာယ် အဖြစ် ဆက် ရှိနေ

အခုလိုဖြစ်စဉ်မျိုးမဖြစ်ရအောင် ကျေးရွာသားတွေကို အပြင်တွေမှာသွားလာရင်းတွေ့ရှိတဲ့ သံထည်အပိုင်းအစတွေနဲ့ အခုလိုပစ္စည်းတွေကို မကိုင်ကြဖို့၊ ရွာကိုမသယ်လာကြဖို့ ဆော်ဩထားပြီးဖြစ်ပေမယ့် မသိနားမလည်တဲ့သူတွေက အခုလိုယူဆောင်လာခဲ့တာကြောင့် ဖြစ်ရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောပါတယ်။

"ပြောစရာတော့ မရှိတော့ဘူး၊ ဘာမှလည်းမပြောချင်တော့ဘူး၊ ဖြစ်သွားတာကဖြစ်သွားပါပြီ၊ ဝဋ်ကြွေးရှိလို့ခံရတာပါပဲ၊ စစ်ပွဲတွေနဲ့ပတ်သက်လို့လည်း ဒီလိုမျိုးပြည်သူတွေကို ဒုက္ခမရောက်စေချင်ဘူး၊ ဒီလိုအဖြစ်ဆိုးမျိုးနဲ့လည်းမကြုံတွေ့စေချင်ဘူး၊ ဒါကြောင့် စစ်ပွဲတွေကိုလည်း ရပ်တန့်စေချင်တယ်" လို့ သေဆုံးသူရဲ့သား ကိုလှကျော်သောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မိုးနှောင်းကာလကလည်း အဲ့ဒီကျေးရွာအနီးဝန်းကျင်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ အေအေတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတဲ့အတွက် လက်နက်ကြီးပစ်ခတ်ခဲ့ရာမှာ ကျေးရွာဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းခိုလှုံနေကြတဲ့ ရွာသား ၆ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ဖူးပါတယ်။

ကျောက်တော် က မြေမြှပ်မိုင်း ဖြစ်စဉ်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ်ပိုင်း တုန်းကလည်း ကျောက်တော်မြို့နယ် ခဘော်ကျေးရွာက အမျိုးသမီးတစ်ဦးဟာ ထင်းခုတ် သွားတုန်း ကျေးရွာအနီးမြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အတွက် စစ်တွေဆေးရုံကိုပို့ဆောင်ကုသ နေရတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်က အသက် ၄၃ နှစ်အရွယ် ဒေါ်ခိုင်စံမေဟာ ညီမဖြစ်သူနဲ့အတူ ထင်းခုတ်သွားစဉ် ကျေးရွာရဲ့အရှေ့ဘက် ၇ မိုင်ခန့်အကွာ တောထဲမှာ စစ်ပွဲတွေအတွင်းထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကိုနင်းမိခဲ့တာဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်ဖြတ် လိုက်ရကာ မျက်နှာနဲ့ခန္ဓာကိုတစ်ခုလုံးမှာလည်း ထခိုက်ဒဏ်ရာတွေအများအပြားရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပလက်ဝ ဖြစ်စဉ်

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့မှာ အမှတ် ၂၈၉ တပ်ရင်းက ဒုတပ်ကြပ်တစ်ဦးရဲ့ ဒေသခံ ဇနီးဖြစ်သူ တစ်ဦး ဟာ တောင်ကို ဝါးခုတ်ဖို့ သွားရာကနေ မိုင်းနင်းမိတဲ့ အတွက် ခြေတစ်ဖက် ပြတ်သွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်မှာ ၂ နှစ် နီးပါး ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့

စစ်ကျန်ကျည်တွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ ပိုထိခိုက်ရ

ဒီ ဖြစ်စဉ်တွေဟာ နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေရပ်တန့်နေတဲ့အချိန်တွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့တဲ့ထိခိုက်မှု တွေဖြစ်ကြပါတယ်။

အခုလို မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းတွေ ပေါက်ကွဲမှုတွေကြောင့် တောတောင်တွေကိုအမှီပြုနေထိုင်နေကြတဲ့ ကျေးလက်နေပြည်သူတွေဟာ မကြာခဏဆိုသလို ထိခိုက်သေဆုံးရတဲ့ဖြစ်စဉ်တွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း မိုင်းနဲ့စစ်ကျန်လက်နက်ခဲယမ်းတွေပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ကြသူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပိုမိုများပြားနေတာ ကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ အတူ အသိပညာပေးရေး လိုအပ်နေ

အခုလိုဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့စစ်ဘေးရှောင်ကျေးရွာသားတွေဟာ စစ်ပွဲတွေမရှိတော့ပေမယ့် ကျေးရွာတွေ ကိုပြန်သွားလို့ရှိရင် မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းအန္တရာယ်တွေကို စိုးရိမ်ကြောက်လန့်ပြီး မပြန်ရဲကြဘဲ ဒုက္ခသည်စခန်းတွေမှာ ဆက်လက်နေထိုင်နေရတယ်လို့လည်း ပြောပါတယ်။

လက်ကျန် မိုင်းနဲ့ လက်နက်ကြီး ပေါက်ကွဲမှု အန္တရာယ် တွေ လျှော့ချနိုင်ဖို့ မိုင်းရှင်းလင်းရေးနဲ့ အသိပညာပေး လုပ်ငန်းတွေ လိုအပ်နေတယ်လို့ လွှတ်တော် အမတ်တွေနဲ့ စစ်ဘေးသင့် ပြည်သူတွေကို အကူအညီပေးနေတဲ့ အဖွဲ့ အစည်းတွေက ထောက်ပြကြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် မှာ မိန့်ခွန်းပြောကြားနေတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု

အရပ်သား ထိခိုက် သေဆုံးမှုတွေ အကြောင်း ပြည်နယ် အစိုးရ ပြောကြားချက်

ရခိုင်စစ်ပွဲကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ရရှိမှု များပြားနေတာကို ရခိုင်ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးညီပုကလည်း ပြီးခဲ့တဲ့တနင်္လာနေ့ တုန်းက ရခိုင်ပြည်နယ် လွှတ်တော် လက်ရှိ သက်တမ်း နောက်ဆုံးအစည်းဝေး ဖွင့်ပွဲ မိန်းခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ် ဇန်ဝါရီလကနေ ဒီနေ့ အထိ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေ ကြောင့် ပြည်သူ ၁၈၃ ဦးသေဆုံးပြီးတော့ ၆၅၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ မြေမြုပ်မိုင်း ပေါက်ကွဲပြီးသေတာက ၄၀ ဦးရှိပြီး ဒဏ်ရာရတာက ၇၄ ဦးရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမည်မသိ အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၆ ဦး၊ ဒဏ်ရာရသူ ၈ ဦးနဲ့ ဖမ်းဆီးခံထားရတာတွေလည်းလို့ ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုသွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55644416

ရခိုင်မှာ စစ်ကျန် လက်နက်ခဲယမ်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲ  ရခိုင်မှာ စစ်ကျန် လက်နက်ခဲယမ်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲ Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.