အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ လေဆိပ်ကနေ ဒီကနေ့ စနေနေ့မှာ လူ ၆၂ ဦးခန့်ပါ ခရီးသည်တင် လေယာဉ်တစ်စင်း ထွက်ခွာပြီးပြီးချင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားမှုဟာ လေယာဥ်ပျက်ကျမှုဖြစ်တယ်လို့ ယူဆရပါတယ်။
ဒီလေယာဥ်နဲ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၀ မှာ နောက်ဆုံး အဆက်အသွယ်ရပြီးနောက် ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လေယာဉ်ခရီးစဉ် ခြေရာခံတဲ့ ဝက်ဘ်ဆိုက်တွေမှာ အဲဒီ ဘိုးအင်း 737 လေယာဉ်ဟာ ရေဒါစက်ကွင်းတွေထဲက ပျောက်မသွားခင် ဝေဟင်အမြင့် မီတာ ၃ ထောင်ကျော် (ပေ တစ်သောင်း)အထိ အောက်ကို ထိုးကျသွားတယ်လို့ ဖော်ပြထားပါတယ်။
Sriwijaya Air အင်ဒိုနီးရှား လေကြောင်းကုမ္ပဏီပိုင် အဲဒီလေယာဉ်ဟာ ပွန်တီယာနက်ခ်မြို့ဆီ သွားဖို့ စထွက်ခွာစဉ်မှာ အခုလို ဖြစ်ခဲ့တာပါ။
မျက်မြင်တချို့က အနည်းဆုံး ပေါက်ကွဲမှု တစ်ခုကို မြင်ခဲ့၊ကြားခဲ့ရတယ်လို့ ပြောပါတယ်။
မြေပုံ
"လေယာဥ်က မီးတန်းကြီးလို ပင်လယ်ထဲကို ထိုးဆင်းလာတာ။ ပြီးတော့ ရေထဲမှာ ပေါက်ကွဲသွားတယ်" လို့ မျက်မြင်တွေ့ခဲ့တဲ့ ငါးဖမ်းသမားတစ်ဦးက ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြောပါတယ်။
"အဲဒါကျွန်တော်တို့နဲ့ တော်တော်နီးတယ်။ လေယာဥ်က အထပ်သားလို အပိုင်းအစတွေတောင် ကျွန်တော်တို့ သင်္ဘောကို လာမှန်တော့ မလိုပဲ"လို့ သူက ပြောပါတယ်။
လေယာဥ်ရဲ့ အပျက်အစီးတွေလို့ ယူဆရတဲ့ အစိတ်အပိုင်းပုံတွေကို တီဗီနဲ့ ဆိုရှယ်မီဒီယာတွေမှာ တွေ့ရပါတယ်။
ရဲတပ်ဖွဲ့နဲ့ ငါးဖမ်းသမားတွေက လေယာဥ်က အပျက်အစီးတွေလို့ ယူဆရတာတွေကို ပြသလေယာဥ်က အပိုင်းအစတွေလို့ ထင်ရတာတွေကို တွေ့ရတယ်လို့ လေယာဥ်ပျောက်သွားတဲ့နေရာ အနီးအနားက ကျွန်းမှာ နေသူတချို့က ဘီဘီစီ အင်ဒိုနီးရှား ဌာနကို ပြောပါတယ်။
ဒီလေယာဉ်ဟာ လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ အင်ဒိုနီးရှားနဲ့ အီသီယိုပီးယားက လေယာဉ်ပျက်ကျမှု နှစ်ခု ဖြစ်ခဲ့တဲ့ 737 Max အမျိုးအစားတော့ မဟုတ်ဘူးလို့ သိရပါတယ်။
ဒီလေယာဥ်ပျောက်ဆုံးမှုအတွက် ရှာဖွေကယ်ဆယ်ရေးတွေ စလုပ်နေပြီလို့ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီလေယာဥ်ဟာ သက်တမ်း ၂၇ နှစ်ရှိ ဘိုးအင်း 737-500 လေယာဥ်ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
BBC Burmese

No comments:
Post a Comment