တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်သစ်မှာ မြန်မာပြည်ရောက်မည်

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်သစ်မှာ မြန်မာပြည်ရောက်မည် မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီးရဲ့ ကိုဗစ်-၁၉ရောဂါ အထူးကြပ်မတ်ကုသဆောင်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဝေဒနာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် / Photo MOHS

တရုတ်နိုင်ငံကထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိ မှာဖြစ်ပြီး နှစ်နိုင်ငံကြားဆွေးနွေးမှုတွေလည်း ဆက်လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီကာကွယ်ဆေးကို တရုတ်အစိုးရက၂၀၂၀ ဇွန်လထဲက အရေးပေါ်သုံးစွဲမှုအနေနဲ့ ခွင့်ပြုထားခဲ့တာဖြစ်ပြီး ပေကျင်းမြို့က မြန်မာသံရုံးအနေနဲ့လည်း ကာကွယ်ဆေး ထုတ်လုပ်တာ၊ စမ်းသပ်တာနဲ့ သုံးစွဲတာကို စောင့် ကြည့်နေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြပါတယ်။

ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မှုနဲ့ စမ်းသပ်မှု အောင်မြင်ပြီး တရုတ်အစိုးရက အသိမှတ်ပြုထားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အစိုးရဌာနတွေ၊ သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆွေနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

အခုလထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူဖို့ အိန္ဒိယဆေးကုမ္ပဏီ Serum Institute နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ အန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အန္ဒိယနိုင်ငံနဲ့ ဆွေးနွေးမှုဟာ လူ ၁၅ သန်းအတွက် ကာကွယ်ဆေးဝယ်ယူနိုင်ဖို့ ဆွေးနွေးနေတာလို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ Gavi လို့ခေါ်တဲ့ ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့ ပူးပေါင်းပြီးလုပ်ဆောင်ထားတဲ့ ကာကွယ်ဆေးထိုး အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်မှာ မြန်မာ နိုင်ငံလည်းပါဝင်တာမို့ ဒီအစီအစဉ်ကနေလည်း ကာကွယ်ဆေးရမှာဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ပြောထားပါတယ်။

ဒီအစီစဉ်ကနေတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက်သာ ကာကွယ်ဆေးရမှာပါ။ ဒါက မလုံလောက်နိုင်တဲ့အတွက် တခြားဘက်ကလည်း ဝယ်ယူဖို့လည်း စီစဉ်ထားတယ်လို့ အတိုင်ပင်ခံက ပြောထားဖူးပါတယ်။

ကာကွယ်ဆေးတွေရလာရင် သိုလှောင်ဖြန့်ဖြူးထိုးပေးမယ့် အစီစဉ်တွေ စနစ်တကျဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးအကြံပေးအဖွဲ့ကို ဝါရင့်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့လည်း အတိုင်ပင်ခံက ပြည်သူတွေကို အသိပေးထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/china-covid-vaccine-will-get-myanmar-12312020070131.html

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်သစ်မှာ မြန်မာပြည်ရောက်မည်  တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်သစ်မှာ မြန်မာပြည်ရောက်မည် Reviewed by THITHTOOLWIN on 01:34 Rating: 5

No comments:

Powered by Blogger.