တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပွားနေပြီလို့ တရားဝင်ကြေညာတာ ဒီနေ့ တစ်နှစ်ပြည့်မြောက်သွားပါပြီ၊ ဒီနှစ် ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်နိုင်ငံသားတစ်ယောက် ပထမဆုံးသေဆုံးရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က covid-19 လို့ နာမည်ပေးခဲ့ပြီး မတ်လမှာ ကပ်ရောဂါအဖြစ် ကြေညာပါတယ်။ ခုချိန်ထိ ကမ္ဘာမှာ လူ ၈၂ သန်းကျော် ကူးစက်ခံထားရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်ဟာ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေပြီလို့ တရုတ်နိုင်ငံက ကမ္ဘာကို တရားဝင်အသိပေးကြေညာတာ တစ်နှစ်တင်းတင်း ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဝူဟန်မြို့က ပင်လယ်စာနဲ့ သားစိမ်းငါးစိမ်းသာမက သားကောင်တွေပါ အရှင်လတ်လတ် ရောင်းတဲ့ဈေးကစတင်လို့ နမိုးနီးယားအဆုတ်ရောင် ရောဂါတစ်မျိုးဖြစ်ပွားတယ်လို့ ကနဦးမှာ အသိပေးကြေညာခဲ့ပါတယ်။ ကမ္ဘာမှာ ကပ်ဆိုးကြီးကျရောက်မယ့် အရိပ်မည်းကြီးကို အများကသတိမမူမိသေးဘဲ ၂၀၂၀ နှစ်သစ်ကို မျှော်လင့်ချက်အပြည့် အင်သစ်အားသစ်အပြည့်နဲ့ ကြိုဆိုခဲ့ပေမယ့် ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်နေ့အရောက်မှာ တစ်ကမ္ဘာလုံးက လူသား ၈၂ သန်းကျော် covid-19 ကပ်ရောဂါ ကူးစက်ခံရပြီး ကမ္ဘာမှာ စစ်မဖြစ်ဘဲ လူ တစ်သန်းခုနှစ်သိန်းခွဲကျော် အသက်ဆုံးပါးသွားရပါပြီလို့ အရှေ့ခြမ်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲကျော်မှာ အမေရိကန် Johns Hopkins တက္ကသိုလ်စာရင်းက ဖော်ပြပါတယ်။
တရုတ်နိုင်ငံက တရားဝင် အသိပေးပြီး နောက်တစ်ရက်ဖြစ်တဲ့ ကမ္ဘာ့နှစ်ဆန်းတစ်ရက်နေ့ ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့မှာ ဌာနချုပ်၊ ဒေသဆိုင်ရာဌာနချုပ်တွေနဲ့ နိုင်ငံအဆင့်စတဲ့ အဆင့်သုံးဆင့်ပါတဲ့ စီမံရေးအထောက်အကူအဖွဲ့ကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖွဲ့ပါတယ်။
မြန်မာ့လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်မှာတော့ ဒါဟာ နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ပြီး ဝူဟန်မှာ လူအသေအပျောက်မရှိဘူးလို့ WHO လူမှုမီဒီယာမှာ ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒီ ဗိုင်းရပ်စ်ဟာ လူကလူကိုကူးမှန်း အထောက်အထား မတွေ့ရသေးဘူးလို့ New York Times သတင်းမှာလည်း ဒီလ ၂၈ ရက်က ဖော်ပြထားပါတယ်။ WHO ကလည်း ဒီဗိုင်းရပ်စ်အကြောင်း သေသေချာချာမသိရသေးဘဲ လေ့လာနေရတယ်လို့ အစပိုင်းမှာ ပြောခဲ့တာပါ။
ဇန်နဝါရီ ၁၁ ရက်မှာတော့ ဝူဟန်ဈေးကို သွားနေကျ ဖောက်သည် ၆၁ နှစ်ရွယ် အမျိုးသားတစ်ဦး သေဆုံးတဲ့သတင်း ပထမဆုံးကြားရပါတယ်။ နောက်နှစ်ရက်အကြာ ဇန်နဝါရီ ၁၃မှာ တရုတ်နိုင်ငံပြင်ပ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတစ်ယောက် စတွေ့ရတဲ့ သတင်းထွက်လာပါတယ်။
ဒီကိုရိုနာဗိုင်းရပ်စ်ဟာ လူကလူကို ကူးတယ်လို့ WHO က ဇန်နဝါရီ ၂၂ ရက်မှာ ပြောချိန်မှာ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းမပျက်ရှိနေပါတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းမှာ ကူးစက်နေတယ်လို့လည်း WHO ကထုတ်ပြန်တဲ့ ပထမဆုံး အစီရင်ခံစာမှာ ပါရှိပါတယ်။ ဝူဟန်ကနေ ဝါရှင်တန်ပြည်နယ်ကို ပြန်လာတဲ့ အသက် ၃၀ ရွယ် အမျိုးသားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ဇန်နဝါရီ ၂၁ မှာ သိရပြီး နောက် ၁၁ လအကြာမှာ အမေရိကန် ၁၉ သန်းခွဲကျော် ကူးစက်ခံရပြီး သုံးသိန်းကျော် သေဆုံးရပါတယ်။
ဇန်နဝါရီ ၂၃ မှာ လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကို တရုတ်အာဏာပိုင်တွေက လုံးဝပိတ်ချလိုက်ပါတယ်။ အဲဒီအချိန်မှာ လူ ၁၇ ယောက်ထက်မနည်း သေဆုံးနှင့်ပြီး ထိုင်ဝမ်၊ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအပါအဝင် လူ ၅၇၀ ကျော် ကူးစက်ခံထားရပါပြီ။
ဇန်နဝါရီ ၃၀ မှာ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အခြေအနေအဖြစ် WHO က ကြေညာပါတယ်။ တရုတ်နိုင်ငံမှာတော့ လူထောင်နဲ့ချီ ကူးစက်လို့နေပါပြီ။ ဖိလစ်ပိုင်မှာ ၄၄ နှစ်ရွယ် အမျိုးသားတစ်ယောက် ဗိုင်းရပ်စ်ကူးစက်ခံရလို့ ဖေဖော်ဝါရီ ၂ ရက်မှာ သေဆုံးသွားတာဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံး ကွယ်လွန်ရတဲ့ဖြစ်ရပ်ပါ။ ဒီအချိန်မှာ ဗိုင်းရပ်စ်ကြောင့် လူ ၃၆၀ ကျော် သေဆုံးရပါတယ်။
လူတွေက တရုတ်ဗိုင်းရပ်စ်၊ ဝူဟန်ဗိုင်းရပ်စ်၊ ကိုရိုနာဗိုင်းရပ်စ်လို့ အမျိုးမျိုးခေါ်တွင်နေတုန်း ၂၀၁၉ မှာ ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်အဖြစ် covid-19 လို့ WHO က ဖေဖော်ဝါရီ ၁၁ ရက်မှာ နာမည်ပေးလိုက်ပါတယ်။
တရုတ်ဧည့်လမ်းညွှန်တစ်ယောက် ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကွယ်လွန်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ လေးယောက်မြောက် သေဆုံးရတာဖြစ်ပြီး ဥရောပမှာ ပထမဆုံး သေဆုံးရမှုဖြစ်ပါတယ်။
တောမီးလိုပျံ့သွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့လူသားတွေ ကြောက်ရွံ့ပူဆွေးနေကြပြီး မတ်လ ၁၁ ရက်မှာ covid-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က ကြေညာလိုက်ပါတယ်။
အဲဒီအချိန်ထိ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ လူနာမရှိသေးပါဘူး။
ဒါပေမဲ့ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ နေရာဒေသမရွေး ဘယ်သူ့ကိုမဆို ဘယ်နေရာမှာဖြစ်ဖြစ် အချိန်မရွေးကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကိုလည်း ချမ်းသာခွင့် မပေးပါဘူး၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်က ပြန်လာတဲ့ လူနှစ်ယောက်ဆီမှာ ပထမဆုံးစတွေ့ရတယ်လို့ မတ်လ ၂၃ ရက်က တရားဝင်ကြေညာချိန်ဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်တဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းကို ထိန်းထားနိုင်ပေမယ့် ရခိုင်ပြည်နယ်က စတင်လာတဲ့ ဒုတိယလှိုင်းဒဏ်ကို သြဂုတ်လကတည်းက ရင်ဆိုင်ရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့က CB ဘဏ် ဝန်ထမ်းတစ်ယောက်မှာ ပိုးတွေ့ရတယ်လို့ သြဂုတ် ၁၅ ရက်နေ့မှာ တရားဝင်ကြေညာပြီး ရန်ကုန်မှာ ၂၃ ရက်ကစလို့ ဒုတိယလှိုင်းဝင်ပါတယ်။
နိုင်ငံတကာ သုတေသီတွေပြုစုတဲ့ WorldOMeter ဇယားမှာ ၆၈ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့နိုင်ငံဖြစ်တဲ့ မြန်မာပြည်မှာ မနေ့က လူ ၂၇ ယောက် ထပ်မံသေဆုံးရပါတယ်။ covid-19 ကပ်ရောဂါကြောင့် ကွယ်လွန်ရသူ ၂၆၆၄ ယောက်ရှိပြီး အတည်ပြုလူနာသစ် ၅၈၇ ယောက် မနေ့က ထပ်တွေ့ရပြန်တဲ့အတွက် စုစုပေါင်း လူ ၁၂၃၇၄၀ ကူးစက်ခံထားရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/world-corona-12302020204851.html

No comments:
Post a Comment