ရခိုင်မှာ ကျန်နေသေးတဲ့ ရွေးကောက်ပွဲကိစ္စ အစိုးရနဲ့ AA ဆွေးနွေးဖို့လိုကြောင်း သမ္မတရုံးပြော


ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ်တွေမှာ လွှတ်တော်သစ် မစတင်ခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပပေးဖို့ တပ်မတော်က ဇန်နဝါရီလ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အပေါ် အစိုးရရဲ့ သဘောထားကို RFA သတင်းဌာနက မနေ့က သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ လုပ်ဖို့ ကျန်နေတဲ့ မြို့နယ် ၉ မြို့နယ်မှာ အစိုးရက ရွေးကောက်ပွဲ လုပ်စေချင် ပေမယ့် လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ရခိုင့်တပ်တော် AA တို့ကြား ခိုင်မာတဲ့ သဘောတူညီချက်တွေ ရဖို့ လိုတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

“အစိုးရပိုင်းအနေနဲ့ ကျွန်တော်တို့က ဖြစ်စေချင်တယ်။ နံပါတ် ၁ ကျတော်တို့က ဖြစ်စေချင်တယ်၊ နံပါတ် ၂ ဒီအတိုင်းတော့ ဖြစ်လို့မရဘူး၊ ဒီအတိုင်း ပြီးပြီးရောတော့ လုပ်လို့မရဘူး၊ အဲဒီတော့ ဒီလိုအဆင့်တွေ လုပ်ငန်းစဉ် တွေရှိတယ်။ ဒီ Process တွေ ခိုင်ခိုင်မာမာ လုပ်ဖို့အတွက် ကျတော်တို့ကြားမှာ ခိုင်မာတဲ့ သဘောတူညီချက်တွေ ရဖို့လိုတယ်။ အဲဒါဘာလဲဆိုတော့ ကျတော် ပထမ ရှင်းပြတဲ့ လေးဖွဲ့နဲ့ လုပ်နေတဲ့ အဆင့် ၃ ဆင့်ပဲ၊ ဒီအဆင့် ၃ ဆင့်ကို မြန်မြန်သွားဖို့ လိုတယ်၊ Bilateral နှစ်ဖက် အပစ်အခတ်ရပ်စဲရေးရပြီး ထိုးတာက တစ်ပိုင်း၊ အဲဒီမှာ ကိစ္စတစ်ခုချင်း ကျတော်တို့ ရှင်းရမယ်။ IDP စစ်ဘေးရှောင်စခန်းတွေ ကိစ္စရှိမယ်။ ရွေးကောက်ပွဲ မကျင်းပရသေးတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကိစ္စရှိမယ်။ ပြီးရင် တပ်နေရာချထားရေး ကိစ္စတွေရှိမယ် ၊ တိုက်ပွဲ မဖြစ်အောင်ရှောင်ရှားရေး စသဖြင့်ပေါ့နော် တစ်ခုချင်း တစ်ခုချင်း သဘောတူပြီးသွားရင် အဲဒါ သဘော တူညီချက်အရ လုပ်လို့ရတယ်"

လွှတ်တော်သစ် မစတင်ခင် ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးဖို့ တပ်မတော်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို ဒီနေ့ အချိန်အထိ တပ်မတော်ဘက်က လုံခြုံရေးဆိုင်ရာ အာမခံချက်ပေးဖို့ တရားဝင် အကြောင်းမကြားဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်ရမယ့်ကိစ္စတွေ အများအပြား ရှိသလို၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုလည်း မဲဆွယ်ဖို့ အချိန်ကာလ ပေးရမယ်၊ စစ်ဘေးဒုက္ခသည်တွေ မဲပေးနိုင်ရေးအပါအဝင် မဲရုံတွေအတွက် အထူးရဲတွေ ခန့်ထားရမယ့် လုပ်ငန်းတွေ လုပ်ဖို့လိုတယ်လို့လည်း ပြောဆိုပါတယ်။

အလားတူ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စမှာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေ မဲပေးနိုင်ရေး ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုသလို၊ ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေ မျှမျှတတ ရှိဖို့လို ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက - ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖြစ် မဖြစ်ဆိုတာ အစိုးရနဲ့ UEC အပေါ်မှာပဲ အဓိက မူတည်နေပြီး၊ လုံခြုံရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း တုံ့ပြန်ပါတယ်။

“ရွေးကောက်ပွဲ ကျင်းပဖြစ်မယ် မဖြစ်ဘူးဆိုတာက အဓိကကတော့ အစိုးရနဲ့ UEC အပေါ်မှာပဲ မူတည်တယ်ဗျ။ ကျတော်တို့ဘက်ကတော့ ဒီလုံခြုံရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို ကျတော်တို့ အကောင်းဆုံး ကူညီဆောင်ရွက်ပေးမယ်ဆိုတာ တရားဝင်ထုတ်ပြန်ပြီးသားရှိတယ်။ အဲဒီ အလားတူပဲ မြန်မာစစ်တပ်ဘက် ကလည်း သူတို့ ဒီရွေးကောက်ပွဲ ဖြစ်စေချင်တယ်ဆိုတာ သူတို့ဘက်ကနေ ထုတ်ပြန်ချက်ထုတ်ပြီး ပြောထားပြီးပြီ။ ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်ခြင်း မဖြစ်ခြင်းက ဒါ ဘယ်သူကနေပြီးတော့ ကြန့်ကြာအောင်လုပ်နေသလဲဆိုတာ သုံးသပ်ကြည့်ပေါ့ဗျာ”

ရခိုင့်တပ်တော် AA အပါအဝင် TNLA တအာင်းပလောင် ၊ MNDAA ကိုးကန့်၊ KIA ပါဝင်တဲ့ မြောက်ပိုင်း ၄ ဖွဲ့နဲ့ ဇန်နဝါရီလ ဒုတိယပတ်အတွင်း မြစ်ကြီးနား၊ ဒါမှမဟုတ် ကျိုင်းတုံမြို့မှာ တွေ့ဆုံနိုင်ဖို့ ညှိုနှိုင်းဆောင်ရွက် နေကြောင်း၊ မြောက်ပိုင်း လေးဖွဲ့နဲ့ Bilateral လို့ ခေါ်တဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးနိုင်ဖို့ စာချုပ်မူကြမ်းကို အစိုးရဘက်က ပေးပို့ထားကြောင်း၊ ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ အစိုးရနဲ့ AA တို့ကြား ကတိကဝတ် ရှိဖို့လိုတဲ့အတွက် အစိုးရပိုင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ဘက်က AA အဖွဲ့နဲ့ ဆက်လက် ညှိုနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကတော့ အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေးမယ့် ရက်နဲ့ နေရာ အတိအကျကို မသိသေးဘူးလို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ANP နိုင်ငံရေး ဦးဆောင်မှု ကော်မတီဝင် ဦးဖေသန်း ကတော့ အစိုးရက ရခိုင်ပြည်နယ်မှာ လွှတ်တော်သစ်မစခင် နောက်ဆက်တွဲ ရွေးကောက်ပွဲလုပ်ချင်တဲ့ ဆန္ဒမရှိဘဲ၊ ကြားဖြတ် ရွေးကောက်ပွဲသာ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အချိန်ဆွဲနေတယ်လို့ ဝေဖန်ပါတယ်။

“ခု ဇန်နဝါရီလရောက်နေပြီ။ လွှတ်တော်သစ်တောင် အခုခေါ်နေပြီ။ အဲဒီအချိန်မှ ဒီစကားကို ပြောတယ်။ အခုထက်ထိ AA နဲ့ မတွေ့ရသေးဘူး။ AA နဲ့ တွေ့ပြီးမှ ရွေးကောက်ပွဲ ကိစ္စကို ဆွေးနွေးမယ်ဆိုတာကတော့ အချိန်လည်း မရှိတော့ဘူး။ သူတို့ ဖြစ်စေချင်တာကတော့ လောလောဆယ် နောက်ဆက်တွဲရွေးကောက်ပွဲ မလုပ်ချင်ဘူး။ ကြားဖြတ်ရွေးကောက်ပွဲကိုပဲ လုပ်မယ်ဆိုတဲ့ ပုံစံမျိုး သူတို့ခေါင်းဆောင်လည်း ပြောထားတယ်။ အဲဒီလိုပဲ အခု အဲဒီလို သူတို့ပြောနေတာကလည်း အဲဒီအခင်းအကျင်းမျိုးကိုပဲ ရောက်အောင် ပြောနေတယ်။ အချိန်ဆွဲနေတယ်လို့ပဲ မြင်တယ်ဗျ"

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ အပါအဝင် ငြိမ်းချမ်းရေး ကိစ္စတွေမှာ အစိုးရနဲ့ တပ်မတော်တို့ကြား ညှိုနှိုင်းတိုင်ပင်မှုမရှိဘဲ ဆောင်ရွက်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဇန်နဝါရီလ ၄ ရက်နေ့ က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဂုဏ်ပြုဆုများ ပေးအပ်ပွဲ အခမ်း အနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစကားပြောခဲ့တာနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်း ခဲ့ရာမှာ ပြောကြားချက်တွေက အပြုသဘောဆောင်ပြီး ကောင်းမွန်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

“ကျွန်တော်တို့လည်း တချို့သတင်းဓာတ်ပုံတွေ ထုတ်ပြန်ထားပါတယ်။ အဲဒါတွေကြည့်ပြီး အရိပ်အကဲပေါ့၊ အနည်းအကျဉ်းတော့ ခန့်မှန်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒုတိယအချက်အနေနဲ့ အဲဒီနေ့ အပြန်အလှန် ပြောကြားတဲ့ ကိစ္စတွေက အားလုံးက အပြုသဘောဆောင်ပါတယ်။ အပြုသဘော ဆောင်တဲ့အတွက် ကောင်းမွန်တယ်လို့ ကျတော်တို့ကတော့ ရှုမြင်ပါတယ် အဲလိုပဲ ယုံကြည်ပါတယ်"

နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုနိုင်တဲ့ နိုင်ငံရေးပါတီတချို့ရဲ့ ဝေဖန်ချက်တွေ၊ တရားစွဲဆိုမှုတွေ ရှိပေမယ့် အစိုးရသစ် ဖွဲ့စည်းဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး အစိုးရ လွှဲပြောင်းရေးအတွက်လည်း အခက်အခဲမရှိဘူးလို့ ဦးဇော်ဌေးက ပြောကြားသွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/comments-on-president-office-press-conference-01082021184758.html

ရခိုင်မှာ ကျန်နေသေးတဲ့ ရွေးကောက်ပွဲကိစ္စ အစိုးရနဲ့ AA ဆွေးနွေးဖို့လိုကြောင်း သမ္မတရုံးပြော  ရခိုင်မှာ ကျန်နေသေးတဲ့ ရွေးကောက်ပွဲကိစ္စ အစိုးရနဲ့ AA ဆွေးနွေးဖို့လိုကြောင်း သမ္မတရုံးပြော Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.