ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို.က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို၊ အခုနှစ်သစ်မှာ AA ရခိုင်တပ်ဖက်က ပြန်လွှတ်ပေးလိုက်တာကို၊ NLD ဘက်က အပြုသဘောတုံ့ပြန်လိုက်ပါတယ်။
ဒီဟာက ငြိမ်းချမ်းရေးနဲ့ ရခိုင်မှာ မဖြစ်ခဲ့တဲ့ရွေးကောက်ပွဲတွေပြန်ဖြစ်ရေး အထောက်အကူပြုလိမ့်မယ်လို့၊ NLD ပြောခွင့်ရနဲ့ သုံးသပ်သူတစ်ဦးက ဆိုပါတယ်။ ကိုဝင်းမင်းက မေးရာမှာ၊ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က -
ဒေါက်တာမျိုးညွှန့်။ ။ ဖမ်းဆီးထားတဲ့ လူတွေကို ပြန်လွှတ်ပေးတယ်ဆိုတာကတော့ ဒါက ကောင်းတဲ့ အပြုအမှု ၊ အပြုသဘောဆောင်တဲ့ အပြုအမှုဆိုတာ ကျနော်တို့ လက်ခံပါတယ်။ ကောင်းတဲ့ ဖြစ်ရပ်တခုပါပဲ နှစ်သစ်နဲ့လည်း တိုက်ဆိုင်နေတော့ ဒီလိုအပြုအမှုမှာ မူတည်ပြီးတော့ ရခိုင်အရေးအခင်းနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတိုင်းက ဒီညှိနှိုင်းမှုတွေကို စဉ်ဆက်မပျက်လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ အလားအလာကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ အဲဒီတော့ ရှေ့မှာငြိမ်းချမ်းရေးအတွက် ဘယ်လိုအလားလာဖြစ်လာဖို့ မျှော်လင့်ထားသလဲ။
ဒေါက်တာမျိုးညွှန့်။ ။ဒီလို လွတ်မြောက်လာတာနဲ့အတူ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းပြည်ကို နှစ်သစ်နှုတ်ခွန်းဆက်စကားပြောတဲ့အခါမှာ ထည့်သွင်းပြောခဲ့သလိုပဲ ပင်လုံစာချုပ်ရဲ့ ၇၅ နှစ်မြောက် ၂၀၂၂ မှာ ငြိမ်းချမ်းရေးရတဲ့အထိကို အခုလို ကောင်းမွန်တဲ့အလားအလာတွေ ဆင့်ကဲဖြစ်လိမ့်မယ်။ အားလုံးကြိုးစားလိမ့်မယ်လို့ အကောင်းဘက်က မျှော်လင့်ပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ နောက်တခုက ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်မယ့်အလားအလာတွေရော။
ဒေါက်တာမျိုးညွှန့်။ ။အခုလက်ရှိ ဥပဒေအရဆိုရင် လက်တလောချက်ချင်း ရွေးကောက်ပွဲတွေလုပ်လို့ မရဘူးဆိုတာကို ဥပဒေကျွမ်းကျင်သူတွေ သိနိုင်ပါတယ်။ နောက်တခါ ရခိုင်ပြည်မြောက်ပိုင်းမှာ ရှိတာက တိုက်ပွဲ ၂ ဖက် ရပ်ရုံနဲ့ မပြီးပါဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဖြစ်ဖို့ဆိုတာက အင်္ဂါရပ်များစွာလိုပါတယ်။ မောင်တော ၊ မင်းပြား၊ မြေပုံမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀၊ ၇၀ ၊ ၄၀ စသည်ဖြင့် နုတ်ထွက်ထားတာပါ။ အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ မရှိပဲနဲ့ ဘယ်လိုလုပ်ပြီး မဲရုံတွေ ကျနော်တို့ လုပ်မတုန်း။ ကျေးရွာအုပ်ချုပ်ရေးမှူး ဆိုတာကလည်း မင်းလုပ်လိုက်.. ဆိုပြီး ပြောလို့မရပါဘူး။ သူတို့မှာလည်း ဥပဒေရှိပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးဖို့ဆိုရင် ကြီးကြပ်ရေးမှူကစ ဖွဲ့ရမယ် ။ နောက်ပြီးတော့ အဆင့်ဆင့်လုပ်ရပါတယ်။ ဒါကိုအမြန်ဆုံး လုပ်တာကိုတော့ ကျနော်တို့ လိုလားပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ဒီနေရာမှာ တပ်မတော်နဲ့ ညှိနှိုင်းမှု အနေအထားတွေ တိုးတက်လာတဲ့ အနေအထား တခုလို့ရော သုံးသပ်လို့ရနိုင်သလား ဆရာရေ။
ဒေါက်တာမျိုးညွှန့်။ ။တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေက အခု ကိုယ်စားလှယ်လောင်း ၃ ဦး ပြန်လည်လွှတ်ပေးချင်းမှာ ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို ကျနော်တို့ လက်ခံပါတယ်။ တကယ်တော့ တပ်မတော်ဆိုတာက အစိုးရရဲ့ အဖွဲ့အစည်းတရပ်ဖြစ်ပါတယ်။ အဲဒီတော့ AA အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ ဘယ်လိုတိုးတက်မှုရှိတာကို ပွင့်ပွင့်လင်းလင်း မိမိ အစိုးရအဖွဲ့ကို တင်ပြသင့်တယ်လို့ ယူဆပါတယ်။ အဲဒီလို တိုးတက်မှုတွေ ရှိလာတာနဲ့ အမျှ ကျနော်တို့ အစိုးရကလည်း ရခိုင်ပြည်နယ် နိုင်ငံရေးသမားတွေ တောင်းဆိုနေတဲ့ အချက်အချို့ကို လိုက်လျောနိုင်ဖို့ အခြေအနေကောင်း တွေဖြစ်လာလိမ့်မယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ဒီနေရာမှာ တခုက NLD အနေနဲ့ အခုဖွဲ့စည်းလိုက်တဲ့ ဆရာအောင်မိုးညိုတို့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့အနေနဲ့ ရခိုင်ကို သွားဖို့ အလားအလာရော။
ဒေါက်တာမျိုးညွှန့်။ ။နဂိုထက်စာရင်တော့ အခြေအနေ ပိုကောင်းလာတယ်လို့ မြင်မိပါတယ်။ သို့သော် သွားသင့် မသွားသင့်ကတော့ တာဝန်ပေးလိုက်တဲ့ အဖွဲ့တွေကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။”
အဲဒီတော့ အခုလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ ဘယ်လိုဆက်ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာတွေကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဆက်မေးထားရာမှာ ဦးသန်းစိုးနိုင်က အခုလို စရှင်းပြပါတယ်။
“ ဦးသန်းစိုးနိုင်။ ။ ဒီကိစ္စမှာလည်း ရွေးကောက်ပွဲနဲ့ပဲ ပတ်သက်နေတဲ့ အကြောင်းအရင်းဖြစ်နေတာကြောင့် လွှတ်ပေးသင့်တယ်လို့ AA ကိုတောင်းဆိုခဲ့တာပါ။ သို့သော်လည်း အခုက တပ်မတော်နဲ့ ၂ ဦး ၂ ဖက် တွေ့ဆုံဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာတော့ တပ်မတော်သား ၃ ယောက်ကို လွှတ်လိုက်ပါတယ်။ အဲဒါဆိုရင်တော့ NLD ပါတီအနေနဲ့ ရခိုင်ဒေသမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့အတွက် UEC ကို အခင်းအကျင်းတွေ အခုစတင်ပြီးတော့ လုပ်ဆောင်မယ့်နည်းလို့ ယူဆပါတယ်။ အဲဒီကို လုပ်ခြင်းဟာ NCA လမ်းကြောင်းပေါ်ကို FPNCC တဖွဲ့လုံး ဝင်ရောက်လာနိုင်ဖို့ အရင်ဆုံး တခါးတချပ်ဖွင့်ပေးလိုက်တာပါပဲ။”
၀င်းမင်း/VOA (Burmese)
https://burmese.voanews.com/a/nld-reaction-on-the-release-/5721969.html

No comments:
Post a Comment