ရက် ၁၀၀ အတွင်း လူသန်းတရာ ကာကွယ်ဆေးထိုးအစီအစဉ်လက်တွေ့ကျ - Anthony Fauci

အမေရိကန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Anthony Fauci။

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် စတာဝန်ယူချိန် ရက်ပေါင်း ၁၀၀ အတွင်းလူပေါင်းသန်း ၁၀၀ အတွက် ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ်ဟာ သမ္မတလက်ထက် တကယ့်ကို လက်တွေ့ကျတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ထိပ်တန်းကူးစက်ရောဂါပညာရှင်က တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါတယ်။ အခုလက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေရော နောက်ထပ်ပေါ်လာမယ့် ကိုဗစ်ကာကွယ်ဆေးတွေပါ စျေးကွက်ထဲအထိ မကြာခင်ရောက်လာဖို့ရှိသလို လူတွေကြား social distancing ခပ်ခွာခွာနေကြတာ မျက်နှာဖုံးနှာခေါင်းစည်းတွေ တပ်ဆင်ကြမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အခြေအနေကောင်းလာမှာပါလို့ NBC သတင်းဌာနနဲ့တွေ့ဆုံချိန် ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါ ကာကွယ်ရေးဌာန အကြီးအကဲ Anthony Fauci က ပြောဆိုခဲ့ပါတယ်။ လတ်တလောမှာ ကိုဗစ်ကူးစက်သူ ၂၄ သန်းအထိ ရှိလာနေတဲ့ အနေအထားမှာ အမေရိကန်ရဲ့ အခြေအနေကတော့ ကောင်းလာဖို့လမ်းကတော့ ဝေးနေဆဲပါပဲ။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ လော့ခ်အိန်ဂျလိစ်ခရိုင်တခုတည်းမှာတင် ဗြိတိန်ကလာတဲ့ ဗိုင်းရပ်စ်ပိုးသစ်နဲ့ ဒိန်းမတ်မှာတွေ့တဲ့ ဗိုင်းရပ်စ်ပိုးသစ်တွေ ကူးစက်သူတွေပါအပါ ကိုဗစ်ကူးစက်သူက ၁,၀၀၀,၀၀၀ ရှိသွားတဲ့အတွက် အမေရိကန်မှာ ကူးစက်သူ ၁,၀၀၀,၀၀၀ ဖြစ်ပွားတဲ့ ပထမဆုံးခရိုင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒိန်းမတ်မှာတွေ့တဲ့ ဗိုင်းရပ်စ်မျိုးဗီဇပိုးသစ်က ဗြိတိန်မှာတွေ့တဲ့ပိုးလိုပဲ ကူးစက်နှုန်းမြန်တဲ့ မျိုးဗီဇသစ်ဟုတ်၊ မဟုတ် မကျိန်းသေသေးပေမဲ့လည်း ဆေးသုတေသီတွေကတော့ စိုးရိမ်မှုရှိပါတယ်။

အိန္ဒိယနဲ့ ဘရာဇီးလ်မှာလည်း အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံးနိုင်ငံတွေအဖြစ် လူပေါင်း ၁၀.၅ သန်း နဲ့ ၈.၄ သန်း အထိကို ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။

မက္ကဆီကို သမ္မတက တနင်္ဂနွေမှာပြောဆိုရာမှာတော့ သူ့နိုင်ငံအနေနဲ့ကတော့ ကုလသမဂ္ဂ တောင်းဆိုထားကို လက်ခံတယ်လို့ပြောပါတယ်။ ဆင်းရဲတဲ့ တိုင်းပြည်တွေအတွက် ကာကွယ်ဆေးတွေ ပိုပြီး ရရှိစေဖို့၊ ချမ်းသာတဲ့နိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေး ရယူမှုမှာ တချို့ကို နောက်ဆုတ်ထားဖို့ ကုလသမဂ္ဂက ပန်ကြားထားတာပါ။

Pfizer vaccines ကာကွယ်ဆေး ရောက်လာဖို့နှောင့်နှေးနေချိန် မက္ကဆီကိုအနေနဲ့ Astra Zeneca, တရုတ်က CanSino နဲ့ ရုရှားထုတ် Russian Sputnik V vaccines လို တခြားကာကွယ်ဆေးတွေ ရနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း မက်ဆီကို သမ္မတက ပြောပါတယ်။

ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၂၁၀,၀၀၀ အထိရှိလာပြီး ဆေးရုံတွေမှာ အောက်ဆီဂျင်ပျက်လပ်အထိဖြစ်နေတဲ့ ဘရာဇီးလ်မှာတော့ တနင်္ဂနွေနေ့က ကိုဗစ်၁၉ ကာကွယ်ဆေး ၂ မျိုး ဖြစ်တဲ့ Astra-Zeneca နဲ့ တရုတ်ကထုတ်တဲ့ CoronaVac လို့လည်းလူသိကြတဲ့ Sinovac Biotech ဆေးတွေကို အရေးပေါ်သုံးဖို့ အတည်ပြုလိုက်ပါတယ်။

ပါကစ္စတန်ကလည်း သူတို့နိုင်ငံအနေနဲ့ Astra-Zeneca ကိုဗစ်၁၉ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုလိုက်ပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံပြီးရင် ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး ဖြစ်တဲ့ အနည်းဆုံး လူပေါင်း ၅၂၀,၀၀၀ လောက်အထိ ကူးစက်ခံနေရတဲ့ တောင်အာရှနိုင်ငံတနိုင်ငံလည်းဖစြ်ပါတယ်

ဗြိတိန်နိုင်ငံမှာတော့ နိုင်ငံတွင်း အရွယ်ရောက်ပြီးသူတိုင်း ဆေးထိုးနှံမယ့်အစီအစဉ်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာပါတယ်။ လူပေါင်း ၅၁ သန်းကို စက်တင်ဘာနောက်ဆုံးထား ကာကွယ်ဆေးထိုးနှံမှာဖြစ်ပါတယ်။

အရှေ့ဥရောပနိုင်ငံတွေမှာတော့ ကိုဗစ်ကာကွယ်ဆေး စိတ်ချလုံခြုံမှုအပေါ်သံသယရှိမှုတွေကမြင့်မားနေဆဲပါ။ ဆာဗီးယားမှာဆိုရင် လူ ၇,၀၀၀,၀၀၀ မှာမှ လူ ၂၀၀,၀၀၀ ပဲကာကွယ်ဆေးထိုးနှံဖို့ လျှောက်ထားပါတယ်။ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ဆာဗီးယားတင်းနစ်အားကစားသမား Novak Djokovic ကတော့ ကာကွယ်ဆေးထိုးကြဖို့ ဖိအားပေးတာမျိုး မခံချင်ဘူးလို့ ပြောပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-main-vaccine/5741764.html

တမူထူးခြားမယ့် အမေရိကန်သမ္မတသစ် ကျမ်းသစ္စာဆိုပွဲ

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden။

အမေရိကန်ပြည်ထောင်စုမှာ ရှားပါးတဲ့ တချို့ဖြစ်ရပ်ကလွှဲရင် သမ္မတသစ်တွေ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းတဲ့ အစဉ်အလာ သင်္ကေတ တရပ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဗုဒ္ဓဟူးနေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကတော့ တမူထူးနေပါတယ်။ Stebe Redisch သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

အမေရိကန်သမိုင်းတလေ ျှာက် သမ္မတသစ်တဦးကို အာဏာလွှဲပြောင်းပေးတာဟာ အမေရိကန်ဒီမိုကရေစီစနစ်ရဲ့ သူမတူတဲ့ အရည်အသွေးတခုဖြစ်ပါတယ်။ တခါတလေမှာတော့ နိုင်ငံရေးပါတီတခုကနေ အခြားပါတီတခုကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတာပါ။ မဲဆွယ်စည်းရုံးပွဲတွေမှာ ခါးသီးတဲ့ဖြစ်ရပ်တွေပေါ်ပေါက်ပြီး အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲတွေမှာ တောင်ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က သမ္မတ Donald Trump ကို ထောက်ခံသူလူအုပ်ကြီး ဝင်ရောက်စီးနင်းခဲ့တဲ့ အမေရိကန်လွှတ်တော်ရှေ့လှေကားထစ်တွေပေါ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုတော့မှာဖြစ်ပါတယ်။ အဲဒီလိုအကြမ်းဖက်မှုတွေပေါ်ပေါက်ခဲ့ပေမဲ့ မစ္စတာဘိုင်ဒန်ကတော့ အစဉ်အလာအတိုင်း လွှတ်တော်ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာပါလို့ ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေ ချမှတ်ထားရတဲ့အချိန်ကျင်းပတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားဟာ ဒီအကြမ်းဖက်မှုတွေကြောင့် ထပ်ပြီးအကျဉ်းရုံးကျင်းပဖို့ ဖြစ်လာပါတယ်။ George Washington တက္ကသိုလ်က နိုင်ငံရေးစီမံခန့်ခွဲမှုပညာဌာန ညွှန်ကြားရေးမှူး Lara Brown ကခုလို သုံးသပ်ပါတယ်။

"ကျမ်းသစ္စာကျိန်ဆိုပွဲဆိုတာ အမေရိကန်ပြည်သူအများစုအတွက်တော့ အောင်မြင်မှုရလိုက်တဲ့ အရာတခုအဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ကလည်း အဲဒီအောင်မြင်မှုကို ကိုယ်စားပြုလိမ့်မယ်လို့ထင်ပါတယ်။"

ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဖိတ်ကြားထားသူအရေအတွက် ကန့်သတ်ထားမှာဖြစ်သလို တက်ရောက်လာတဲ့ ဧည့်သည်တွေကိုလည်း ခပ်ကျဲကျဲ နေရာချထားမှာဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲနေ့ မိန့်ခွန်းပြောပြီးရင်တော့ မစ္စတာ ဘိုင်ဒန်က စစ်ရေးပြအခမ်းအနားကို ကြည့်ရှုမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မစ္စတာဘိုင်ဒန်နဲ့အတူ သမ္မတဟောင်းတွေဖြစ်ကြတဲ့ Barak Obama, George W.Bush နဲ့ Bill Clinton တို့ အာလင်တန်စစ်သချိုင်း အညတရ စစ်သည်ဂူဗိမာန်မှာ လွမ်းသူပန်းခွေချမှာဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ Pennsylvania လမ်းမကြီးပေါ်မှာ အရင်ကလို လမ်းလျှောက်ချီတက်တဲ့ အခမ်းအနားတွေ ကြီးကြီးကျယ်ကျယ်ဖြစ်မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာလမှာ မစ္စတာ ဘိုင်ဒန်က ခန့်မှန်းပြောဆိုထားပါတယ်။ အဲဒီအစား ရုပ်သံတွေကနေ Parade Across America ဆိုတဲ့အစီအစဉ်ကိုပဲ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီ အစီအစဉ်မှာတော့ နိုင်ငံတဝှမ်းလုံးက ကွဲပြားခြားနားတဲ့ လူမှုအသိုင်းအဝိုင်းပေါင်းစုံပါဝင်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို တွေ့မြင်ရမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲဆိုင်ရာ ကော်မတီကပြောပါတယ်။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့ညမှာ အစဉ်အလာအတိုင်း ကျင်းပနေကျ ကပွဲကိုလည်း မိနစ် ၉၀ ကြာရုပ်သံအစီအစဉ်နဲ့ အစားထိုးမှာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Tom Hanks က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်မှာဖြစ်သလို Bruce Springsteen ကနေ Demi Lovato တို့လို ဂီတအနုပညာရှင်တွေ ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲနေ့ကို တားမြစ်ထားတဲ့ကြားက ရောက်လာမယ့် သူတွေအနေနဲ့လည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တားမြစ်မှုနဲ့ ကြုံရမှာပါ။ George Washington တက္ကသိုလ် ပထဝီဝင်ဌာန ဥက္ကဋ္ဌဖြစ်တဲ့ Lisa Barton-Short ကခုလို မြင်ပါတယ်။

"ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံမှာ တရားမ ျှတစွာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ မတိုင်ခင် လွှတ်တော်ကိုကာကွယ်ဖို့ လုံခြုံရေးအရန်တပ်ဖွဲ့ ၁၅,၀၀၀ လောက် စေလွွှတ်ထားရတယ်ဆိုတာ ပြဿနာရှိတယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါ မကောင်းပါဘူး။”

Lisa Barton-Short ဟာ လွှတ်တော်ရှေ့က Natioanl Mall မြက်ခင်းပြင်အကြောင်း စာအုပ်ရေးသားခဲ့သူလည်းဖြစ်ပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်အကြမ်းဖက်တိုက်ခို်က်မှုမျိုး ထပ်ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Natioanl Mall ပတ်ပတ်လည်ကိုလည်း သံဆန်ကာတွေနဲ့ ကာရံထားပါတယ်။

"လွှတ်တော်နောက်ကျောဘက်ကနေ မျက်စိတဆုံးတွေ့နေရတဲ့ ဒီမြင်ခင်းပြင်ကြီးကို ကြည့်ရတာ ကျမတော့ သိပ်ပြီး သဘောကျပါတယ်။ အမေရိကန်ဆိုတာ ဘယ်သူတွေလဲဆိုပြီး ပြောပြနေတဲ့ မြင်ကွင်းတခုလည်း ဖြစ်ပါတယ်။ ခု ကျမ်းသစ္စာကျိန်ဆိုပွဲကတော့ အားရစရာကောင်းမှာ မဟုတ်ပါဘူး။ အဲဒီမြက်ခင်းပြင်ကြီးမှာ လူတွေ ရှိနေမှာ မဟုတ်တဲ့အတွက် ခြောက်ကပ်နေပါလိမ့်မယ်။ ဒါ သိပ်ပြီး ဝမ်းနည်းစရာကောင်းပါတယ်။”

လာမယ့် ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုပြီးရင်တော့ မစ္စတာ ဘိုင်ဒန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက်သမ္မတဖြစ်လာတော့မှာ ဖြစ်ပါတယ်။ 


နန်းလောင်ဝ်/VOA (Burmese)

https://burmese.voanews.com/a/inauguration-biden-like-no-other/5741729.html

 

ကမ္ဘာ့ အချမ်းသာဆုံးလူသား အီလွန် မတ်စ်ခ် ရဲ့ အင်္ဂါဂြိုဟ်မှာ အခြေချဖို့ လွှတ်မယ့် အာကာသယာဉ်

 

Starship ဒုံးပျံ အာကာသယာဉ်ဟာ စုစုပေါင်း မီတာ ၁၂၀ (၃၉၄ ပေ) အရှည်ရှိ

မကြာသေးခင်ကမှ ကမ္ဘာ့ အချမ်းသာဆုံးလူသား ဖြစ်သွားတဲ့ အီလွန် မတ်စ်ခ် ရဲ့ SpaceX ကုမ္ပဏီဟာ အင်္ဂါဂြိုဟ်ဆီကို လူအယောက် ၁၀၀ အထိ တင်သွားနိုင်ပြီး အကြိမ်ကြိမ်လည်း ပြန်လည် အသုံးပြုနိုင်တဲ့ ကြယ်ပြင်သွား သင်္ဘော Starship ဒုံးပျံ အာကာသယာဉ် ကို စမ်းသပ် စေလွှတ်ကြည့်ဖို့ ပြင်ဆင်နေပါတယ်။

ကမ္ဘာပေါ်က သက်ရှိတွေ အနေနဲ့ ကမ္ဘာဂြိုဟ်အပြင်ဘက်က နေရာတွေမှာ သွားရောက် အခြေချနိုင်ဖို့ ဆိုတာဟာ SpaceX ကုမ္ပဏီ ထူထောင်ရာမှာ အခြေခံတဲ့ ခံယူချက် တခုဖြစ်ပြီး ကမ္ဘာပေါ်က လူတွေ မျိုးတုန်းသွားနိုင်လောက်အောင် ကြီးမားတဲ့ ဥက္ကာခဲတွေ ကမ္ဘာကို တိုက်မိနိုင်ခြေ အပါအဝင် လူသားတွေ ကြုံရနိုင်တဲ့ ကမ္ဘာ့ပြင်ပ ခြိမ်းခြောက်ခံရမှုတွေက လွတ်နိုင်အောင်လို့လည်း ရည်ရွယ်ရင်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ Starship ဒုံးပျံ အာကာသယာဉ်ဟာ စုစုပေါင်း မီတာ ၁၂၀ (၃၉၄ ပေ) ရှည်ပြီး ထိပ်ပိုင်း မီတာ ၅၀ အရှည် (ပေ ၁၆၀ ) ရှိမယ့် အပိုင်းမှာကျမှ ကုန်ပစ္စည်း ဒါမှမဟုတ် လူတင်ဆောင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

အဲဒီ ထိပ်ပိုင်းရဲ့ အောက်က မီတာ ၇၀ (ပေ ၂၃၀) ရှိတဲ့ အပိုင်းကတော့ ဒုံးပျံ အပိုင်းလို့ ဆိုနိုင်ပါတယ်။ အဲဒီ အပိုင်းမှာ ဒုံးပျံလောင်စာတွေဖြစ်တဲ့ မီသိန်းဓာတ်ငွေ့အရည် (CH4) နဲ့ အောက်စီဂျင် ဓာတ်ငွေ့အရည် (O2) တို့က အင်ဂျင်တွေအတွက် လောင်စာပေးဖို့ သိုလှောင်မှာဖြစ်ပြီး တန် ၃၄၀ဝ ဆန့်မယ်လို့ ဆိုပါတယ်။

ဒုံးပျံမှာပါမယ့် အင်ဂျင်တွေဟာ ကမ္ဘာ့ ဆွဲငင်အားကို လွန်ဆန်ပြီး တန် ၁၀ဝ ကနေ တန် ၁၅၀ အထိ တွန်းတင်ပေးနိုင်မယ့် တွန်းကန်အား ရှိမယ်လို့ ဆိုပါတယ်။

အခုလို မီသိန်းနဲ့ အောက်စီဂျင် ဓာတ်ငွေ့အရည်တွေကို လောင်စာအဖြစ် ရွေးချယ်ရတာဟာ ဒီဓာတ်ငွေ့တွေကို အင်္ဂါဂြိုဟ် မျက်နှာပြင် အပေါ်ပိုင်းမှာရှိတဲ့ ရေနဲ့ ဂြိုဟ်ပေါ် လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ကနေ ပြန်လည် ထုတ်လုပ်နိုင်တာကြောင့်လို့ ဆိုပါတယ်။

Starship ပစ်လွှတ်မှု အောင်မြင်သွားရင် ၁၉၆၉ မှာ လပေါ် လူတွေ ပထမဆုံး ခြေချဖို့အတွက် သုံးခဲ့တဲ့ Saturn V ဒုံးပျံ က စံချိန်တင်ထားတဲ့ အရှည်ဆုံး၊ အလေးဆုံးနဲ့ စွမ်းအားအများဆုံး ဆိုတဲ့ စံချိန်တွေကို ချိုးနိုင်မယ်

အာကာသထဲ ဘယ်လို လွှတ်မှာလဲ

Starship ကို လွှတ်တင်ရာမှာ အောက်ပိုင်းမှာ ရှိတဲ့ ဒုံးပျံက အပေါ်ပိုင်းက အာကာသယာဉ်ကို ကမ္ဘာ့ဆွဲအား လွန်ပြီး အပြင်ဘက်ကို တွန်းထုတ်ပေးပြီးရင် ကမ္ဘာမြေပေါ်ကို ပြန်ဆင်းသွားမှာ ဖြစ်ပါတယ်။

နာဆာရဲ့ အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ် စတင်

အခုလို ပြန်ဆင်းသွားတဲ့ ဒုံးပျံအပိုင်းကို နောက်ထပ် အာကာသယာဉ် အပိုင်းတွေ လွှတ်တင်ရာမှာ ပြန်လည် အသုံးပြုနိုင်အောင် စီမံထားပြီး ပုံမှန်အားဖြင့် အာကာသယာဉ် လွှတ်တင်မှုတွေမှာ အခုလို ကမ္ဘာမြေပေါ်ကို ပြန်ဆင်းသွားတဲ့အပိုင်းက ပြန်သုံးမရတော့ပဲ လောင်ကျွမ်း ပျက်စီးသွားလေ့ရှိတာလည်း ဖြစ်ပါတယ်။

အခုလို ကမ္ဘာ့ဆွဲငင်အားကို လွန်ဆန်ပြီး တွန်းတင်ပေးတဲ့ ဒုံးပျံအပိုင်းကို မြေပေါ်ပြန်အကျမှာ အင်ဂျင် စွမ်းအင်နဲ့ ပြန်ထိန်းတာ မလုပ်ဘဲ လွှတ်တင်လိုက်တဲ့ စင်ကနေပဲ ကျလာတဲ့ ဒုံးပျံအပိုင်းကို ပြန်ဖမ်းထားတဲ့ လက်တံ တပ်မယ့် ပုံစံလည်း စဉ်းစားနေတယ်လို့ အီလွန် မတ် (စ်က်) က တွစ်တာမှာ လတ်တလော ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဒုံးပျံက တွန်းတင်ပေးလိုက်တဲ့ အာကာသယာဉ် အပိုင်းကတော့ အောက်ပြန် မကျနိုင်တော့တဲ့ ကမ္ဘာပတ်လမ်း အမြင့်လောက်အထိပဲ ရောက်ဦးမှာ ဖြစ်ပါတယ်။

အဲဒီ အာကာသယာဉ်က ကမ္ဘာကို ပတ်နေမယ့် ဂြိုဟ်တု အသွင် အနေအထား ရောက်သွားပြီ ဆိုရင် အင်္ဂါဂြိုဟ်ဆီကို ဆက်သွားဖို့အတွက် လောင်စာ ထပ်ဖြည့်ရဦးမယ့် အဆင့်လည်း ကျန်ပါသေးတယ်။

ဒီလို လောင်စာဖြည့်တယ်ဆိုတဲ့ အဆင့်ဟာ တကယ်တမ်းတော့ ကမ္ဘာပတ်လမ်းထဲမှာ လွွှတ်တင်ထားနှင့်ပြီးသား ဖြစ်တဲ့ ဒုံးပျံနောက်တခုနဲ့ ချိတ်ဆက်တာကို ဆိုလိုတာဖြစ်ပြီး အဲဒီ နောက်ထပ် ဒုံးပျံတခုရဲ့ တွန်းအားနဲ့အတူ အင်္ဂါဂြိုဟ်ကို ဆက်သွားမှာ ဖြစ်ပါတယ်။

Starship ရဲ့ လူ ဒါမှမဟုတ် ကုန်တင်ဆောင်နိုင်တဲ့ ထိပ်ဘက် အပိုင်းက အာကာသထဲမှာ ခွဲခွာသွားမယ့် ပုံစံ အနေအထား

Starship ကို ကနဦး ဘယ်လို သုံးမလဲ

ကြယ်ပြင်သွား သင်္ဘော Starship ဒုံးပျံ အာကာသယာဉ်ရဲ့ အင်္ဂါဂြိုဟ် အသွားအပြန်ခရီး တစ်ကြောင်းစီ ကြာချိန်ဟာ ကိုးလစီရှိမှာ ဖြစ်ပြီး ကနဦး အနေနဲ့ ယာဉ်ပျံရဲ့ ထိပ်ပိုင်းက အာကာသယာဉ်ရှိမယ့် အပိုင်းမှာ အခန်း ၄၀ ဖွဲ့ဖို့ စီစဉ်ထားတယ်လို့ မစ္စတာ မတ်စ်ခ် က ပြောပါတယ်။

အဲဒီ အခန်းတခန်းစီမှာ လူ ခြောက်ယောက်အထိ လိုက်နိုင်မှာ ဖြစ်ပေမယ့် တခန်းကို အများဆုံး သုံးယောက်လောက် နှုန်းနဲ့ပဲ လက်ခံပြီး လူ ၁၀၀ ဝန်းကျင် တင်သွားနိုင်ဖို့ လုပ်ထားတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ အာကာသယာဉ်အပိုင်းမှာ လူနေခန်း ၄၀ အပြင် အများဆိုင် နားနေခန်းတွေ၊ ဝန်တင်ဖို့ နေရာတွေနဲ့ မီးဖိုချောင်တခု အပြင် နေရောင်ခြည် မုန်တိုင်းလို့ခေါ်တဲ့ နေမျက်နှာပြင်ပေါ်ကနေ ရုတ်တရက် လျှပ်စစ်ဓာတ်ပါတဲ့ အမှုန်တွေ အာကာသထဲ ဝေးဝေးလံလံအထိ ထုတ်လွှတ်မှုဒဏ်ကို ခိုလှုံဖို့ အခန်းကြီးတခန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

နာဆာရဲ့ လပေါ် လူတွေ ရေရှည် နေနိုင်ဖို့ ရည်ရွယ်တဲ့ Artemis စီမံကိန်းမှာ သုံးနိုင်တဲ့ Starship အမျိုးအစား နမူနာ

SpaceX ရဲ့ Starship စီမံကိန်းကို အမေရိကန် အာကာသ အေဂျင်စီ နာဆာကလည်း ၂၀၂၀ အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၁၃၅ သန်း ထောက်ပံ့ထားပြီး လပေါ်မှာ လူတွေ ရေရှည်နေနိုင်ဖို့ ရည်ရွယ်တဲ့ နာဆာရဲ့ Artemis စီမံကိန်းမှာ လူလိုက်ပါနိုင်တဲ့ လပေါ်ဆင်းတဲ့ ယာဉ်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီ Artemis စီမံကိန်းအတွက် ရည်ရွယ်တဲ့ Starship ကို စေလွှတ်ရာမှာတော့ အင်္ဂါဂြိုဟ်သွား Starship လို ကမ္ဘာမြေပေါ်ကို ဒုံးပျံ အစိတ်အပိုင်းက ပြန်ကျလာမှာ မဟုတ်ပဲ အာကာသထဲမှာပဲ ဆက်ရှိနေပြီး လနဲ့ ကမ္ဘာ အသွားအပြန် ခရီးအတွက် ကမ္ဘာပတ်လမ်းမှာ ထားရှိ အသုံးပြုမယ်လို့ ဆိုပါတယ်။

Starship တွေကို သုံးပြီး ကြာသပတေးဂြိုဟ် Jupiter အထိ လူသားတွေ နယ်ချဲ့နိုင်ဖို့ စိတ်ကူးတယ်လို့လည်း မစ္စတာ မတ်စ်ခ် က ပြော

Starship စီမံကိန်းမှာ လူလိုက်ပါဖို့အတွက် မဟုတ်ဘဲ ကုန်ပစ္စည်းတင်ဖို့ ရည်ရွယ်ဆောက်လုပ်တဲ့ ဒုံးပျံ အာကာသယာဉ်မှာ ဆိုရင်တော့ ပုံမှန် လူနေခန်းတွေ ပါမယ့် အာကာသယာဉ် အစိတ်အပိုင်းနေရာမှာ မိကျောင်းပါးစပ်နဲ့ အလားသဏ္ဍန်တူတဲ့ ကုန် အသွင်းအထုတ် အပေါက် ပါရှိမယ်လို့ ဆိုပြီး ဒီလို အဝကျယ် အနေအထားကြောင့် အဲဒီကနေ ဂြိုဟ်တုတွေ အမျိုးမျိုး လွှတ်တင်နိုင်ဖို့လည်း အသုံးဝင်မယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့်ဆိုရင် လက်ရှိ လွှတ်တင် အသုံးပြုနေတဲ့ နာမည်ကျော် အာကာသ အဝေးကြည့် မှန်ပြောင်း ဂြိုဟ်တု ဟပ်ဘယ်လ် နေရာမှာ လာမယ့် အောက်တိုဘာလမှာ အစားထိုးမယ့် ဂျိမ်းစ် ဝက်ဘ် အာကာသ အဝေးကြည့် မှန်ပြောင်း ဂြိုဟ်တုထက်တောင် ကြီးမားတဲ့ ဂြိုဟ်တု အမျိုးအစားတွေကို လွှတ်တင်ရာမှာ အဲဒီ ကုန်တင် အမျိုးအစား Starship တွေကို အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။

ဒီ စနစ်ကိုပဲ ကမ္ဘာပေါ်က တနေရာနဲ့ တနေရာ အမြန်ဆုံး သွားနိုင်ဖို့ ကြားခံ စခန်းအဖြစ် သုံးနိုင်သလို နောက်ပိုင်းမှာ Starship တွေကို သုံးပြီး ကြာသာပတေးဂြိုဟ် အထိ လူသားတွေ နယ်ချဲ့နိုင်ဖို့ စိတ်ကူးတယ်လို့လည်း မစ္စတာ မတ် စ်ခ် က ပြောပါတယ်။

Starship မြေပြင်ကို ရောက်ခါနီးတဲ့ အချိန်မှာ အထောင် အနေအထားအတိုင်း ပြန်ဆင်းနိုင်အောင် တွန်းတင်တဲ့ အင်ဂျင်ပါဝါကို သုံးမှာဖြစ်ပြီး လတ်တလော စမ်းသပ်မှုမှာတော့ အရှိန်မထိန်းနိုင်ဘဲ ပေါက်ကွဲမှု ဖြစ်ခဲ့

Starship ကမ္ဘာပေါ်ကို ဘယ်လို ပြန်ဆင်းမှာလဲ

အာကာသယာဉ်တွေ ကမ္ဘာကို ပြန်လာရာမှာ သမရိုးကျ အားဖြင့် ကမ္ဘာ့ဆွဲအားကို အသုံးချ ဝင်လာပြီး လေထုထဲ ရောက်တဲ့အချိန်ကျမှ လေထီးထုတ်ပြီး ဆင်းတဲ့ နည်းလမ်းနဲ့ လေယာဉ်အသွင် ပြေးလမ်းကတဆင့် ဆင်းတဲ့ နည်းလမ်းဆိုပြီး နှစ်မျိုး လုပ်လေ့ရှိပေမယ့် Starship ကတော့ တခြားနည်းနဲ့ ကမ္ဘာပေါ်ကို ပြန်ဆင်းမှာ ဖြစ်ပါတယ်။

Starship ဒုံးပျံ အာကာသယာဉ်ဟာ ကမ္ဘာ့ လေထုထဲကို ၆၀ ဒီဂရီ အစောင်း အနေအထားနဲ့ ပြန်ဝင်လာဖို့ ပုံစံထုတ်ထားပြီး မြေပြင်ကို ရောက်ခါနီးတဲ့ အချိန်မှာ လွှတ်တင်စဉ်က အထောင် အနေအထားအတိုင်း ဖြည်းဖြည်း ပြန်ဆင်းနိုင်အောင် တွန်းတင်တဲ့ အင်ဂျင်ပါဝါကို တခဏလေး ပြန်ဖွင့်ရမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းကို အသုံးပြုပြီး အထောင် ဆင်းနိုင်လောက်အောင် ညီညာတဲ့ ဘယ်လို ဂြိုဟ်ရဲ့ မျက်နှာပြင်မျိုးမှာ မဆို ရအောင် ဆင်းသက်နိုင်ခြေ ရှိတယ်လို့ မစ္စတာ မတ်စ်ခ်က ဆိုပါတယ်။

အခုလို ဆင်းမယ့် နည်းလမ်းဟာ ကမ္ဘာ့လေထုရဲ့ သိပ်သည်းမှု ခုခံအားကို အဓိကထား အသုံးပြုတာ ဖြစ်တဲ့အတွက် တည်တည်ငြိမ်ငြိမ် ဆင်းနိုင်ခြေ နည်းတာက အဓိက အားနည်းချက်လို့လည်း ဆိုနိုင်ပါတယ်။

အခုလို ကမ္ဘာပေါ်ကို ဆင်းသက်ရာမှာ ယာဉ်ပျံရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းမှာရှိတဲ့ လှုပ်ရှား ထိန်းညှိနိုင်တဲ့ ငါးဆူးတောင်သဖွယ် အပြားတွေကို အသုံးပြုမှာ ဖြစ်ပြီး လေယာဉ်ပေါ်က ခုန်ချပြီး လေဟုန်စီးသူတွေက လက်နဲ့ ခြေထောက်တွေကို လှုပ်ရှား ထိန်းညှိပြီး လိုရာ ရွေ့လျားပုံမျိုးနဲ့ အလားသဏ္ဍန် တူပါတယ်။

SpaceX ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်အတွင်းမှာရှိတဲ့ သူတို့ရဲ့ ဘိုကာ ချီကာ စမ်းသပ်စခန်းမှာ Starship ယာဉ်ပျံရဲ့ အပေါ်ပိုင်းဖြစ်တဲ့ အာကာသယာဉ် အစိတ်အပိုင်းကို အမျိုးမျိုး စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာဆိုရင် ရေလှောင် တာဝါတိုင်နဲ့တူတဲ့ Starhopper ဆိုတဲ့ အာကာယာဉ်ကို စမ်းသပ်ထားခဲ့ပြီး အမြင့် ၃၉ မီတာ (ပေ ၁၃၀ နီးပါး) ရှိတဲ့ အဲဒီ ယာဉ်ပျံကို မြေပြင်အထက် မီတာ ၁၅၀ (ပေ ၅၀ဝ နီးပါး) အမြင့်အထိ ရောက်အောင် စမ်းသပ် ပျံသန်းမှု အောင်မြင်ထားခဲ့ပါတယ်။

လက်ရှိ နောက်ဆုံး Starship ပုံစံနဲ့ အနီးစပ်ဆုံး အနေအထား စမ်းသပ်မှုကို ဆိုရင် ပြီးခဲ့တဲ့လ ၂၀၂၀ ဒီဇင်ဘာကမှ စလုပ်ခဲ့တာ ဖြစ်ပြီး ထိပ်ဖူးအတုံးနဲ့ ငါးဆူးတောင်သဖွယ် အပြားတွေ စတင်ပါဝင်လာတဲ့ ပုံစံလည်း ဖြစ်ပါတယ်။

အဲဒီ စမ်းသပ်မှုမှာတော့ အမြင့် ၁၂.၅ ကီလိုမီတာ (ပေ လေးသောင်းကျော်) အမြင့်အထိ စမ်းသပ် ပျံသန်းနိုင်ခဲ့ပေမယ့် ပြန်အဆင်းမှာ ကျလာတဲ့ အမြန်နှုန်းများသွားတဲ့အတွက် ယာဉ်ပျံက အထောင်အနေအထားနဲ့ မြေပြင်နဲ့ ပြန်အထိမှာ ပေါက်ကွဲသွားခဲ့ပါတယ်။

SpaceX ကုမ္ပဏီဟာ အခုလို ပေါက်ကွဲခဲ့ရတဲ့ Starship ပုံစံကို ပြန်လည် ပြုပြင်ကာ နောက်တခေါက် ထပ်မံ စမ်းသပ်ဖို့ ပြင်ဆင်နေပြီး အင်္ဂါဂြိုဟ်ကို လူမပါပဲ ပထမဆုံး Starship စတင် စေလွှတ်မှုကိုတော့ ၂၀၂၄ မှာ လုပ်မယ်လို့ ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55629309

ဦးဝီရသူရုံးထုတ်ရေး ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကို ရဲစခန်း ၂ခုက အမှုဖွင့်ထား

ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကိုလမ်းမတော်နဲ့ အင်းစိန်ရဲစခန်း တွေမှာ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ၊ ၂၀ အပါအဝင် ပုဒ်မ ၄ခုနဲ့ အသီးသီးအမှုဖွင့်ထား

ဦးဝီရသူအပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေကို ရုံးထုတ်စစ်ဆေးပေးဖို့ ဆန္ဒပြမှုတွေကြောင့် ဦးဆောင် သူ သံဃာတော် (၃)ပါးနဲ့ အမျိုးသားရေးလှုပ်ရှားသူ (၅)ဦးတို့ကို လမ်းမတော်နဲ့ အင်းစိန်ရဲစခန်း တွေမှာ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ၊ ၂၀ အပါအဝင် ပုဒ်မ ၄ခုနဲ့ အသီးသီးအမှုဖွင့်ထားတယ်လို့ နှစ်နေရာစလုံးမှာ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ဦးပညာဝံသက ဘီဘီစီကို မိန့်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ ဆန္ဒထုတ်ဖော်မှုနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က အနောက်ပိုင်း ခရိုင်တရားရုံးမှာ ကမ်ပိန်းလုပ်တောင်းဆိုမှုတွေကြောင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေက အသီးသီးအမှု ဖွင့်ခဲ့တာဖြစ်ပါတယ်။

' ' အင်းစိန်ရှေ့မှာ အဖမ်းခံရတဲ့ ကိုဝင်းထွေးကိုတော့ ပုဒ်မ ၃ခုနဲ့ဖွင့်ထားတယ်လို့သိရတယ်။ အင်းစိန်မှာ တော့ ဆရာတော်ဦးပညာဝံသရယ် တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇ ရယ်ပေါ့။ ရဲစခန်းကတော့ မနေ့ က ၁၅ ရက်နေ့မှာ ပုဒ်မ ၂၀ နဲ့အမှုဖွင့်ထားတဲ့အပေါ်ခေါ်ပြီးစစ်ချက်ယူတယ်။ ထွက်ချက်ယူပြီးရင်တော့ ရုံးထုတ်ပြီး စစ်ဆေးမယ်ပေါ့။ ဘယ်နေ့ တရားရုံးတင် မယ်ဆိုတာတော့ မသိရသေးဘူး။ ဖုန်းနံပါတ်တွေတော့ယူထားတယ်။''လို့ အင်းစိန်ထောင်ရှေ့မှာ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အမှုဖွင့်ခံထားရသူ ဦးသက်မျိုးဦးက ပြောပြပါတယ်။

ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးရေးအတွက် အင်းစိန်ထောင်ရှေ့မှာ ဇန်နဝါရီ ၁၆ ရက်နေ့ကတောင်းဆိုခဲ့ကြ

အလားတူ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ဦးပညာဝံသက အင်းစိန်ရဲစခန်းမှာ သွားရောက်အစစ်ခံရာမှာ ၂ပတ်အတွင်း တရားရုံးတင်နိုင်ဖို့နဲ့ အထက်ကိုပြန်လည်တင်ပြသွားဖို့ အင်းစိန် ရဲစခန်းက တာဝန်ကျအရာရှိတွေက ပြန်လည်ပြောဆိုခဲ့တယ်လို့ မိန့်ပါတယ်။

' ' ဦးဇင်းတို့ကတော့ နိုင်ငံသားအခွင့်အရေးနဲ့အညီ အင်းစိန်ထောင်ရှေ့မှာ ပြဖို့အတွက် လျှောက်ထား ခဲ့တယ်။ မပေးတာကတော့ရဲအပိုင်းပေါ့။ ဦးဇင်းတို့ကတော့ ဥပဒေအညီပေါ့ လျှောက်ထားခဲ့တယ်။ အဲဒီပေါ်မှာ ကြမ်းတမ်းစွာ ဒီလိုလုပ်တဲ့အပေါ်မှာ ရှုတ်ချခဲ့တယ်''လို့ ဇန်နဝါရီ ၁၇ ရက်နေ့က အင်းစိန်ရဲစခန်းမှာ သွားရောက်အစစ်ခံခဲ့တဲ့အခြေအနေကို ထပ်မံ မိန့်ကြားပါတယ်။

အင်းစိန်ထောင်ရှေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှာ ဖမ်းဆီးခံရတဲ့ ဦးဝင်းထွေးကို ပုဒ်မ ၃ခုနဲ့ အမှုဖွင့်ထား

ဒါ့အပြင် ဆရာတော်ဦးပညာဝံသ၊ ဦးတေဇဝန္တနဲ့ ဦးသက်မျိုးဦး၊ ဦးမင်းမင်း၊ ဦးထွန်းကျော်၊ဦးစိုးပိုင်တို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်နေ့က ဆရာတော်ဦးဝီရသူကို အွန်လိုင်းကတဆင့်သာ ရုံးထုတ်စစ်ဆေးခဲ့တဲ့အပေါ် လက်မခံနိုင်တဲ့အတွက် အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရေးအတွက် ကမ်ပိန်းလုပ် တောင်းဆိုမှုကြောင့် ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် ထားတယ်လို့လည်း သိရပါတယ်။

' ' လမ်းမတော်ကတော့ ငြိမ်း၊စု၊စီ မတင်လို့ဆိုပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ စွဲထားတယ်။ ၂၁ ရက်နေ့မှာ တရားရုံးတင်မယ်လို့တော့ ရဲစခန်းကပြောတယ်။''လို့ ဦးတေဇဝန္တက မိန့်ပါတယ်။

ရဟန်းသံဃာအချို့နဲ့ လူပုဂိုလ်အချို့ ရည်ညွန်းဆန္ဒပြနေတဲ့ အမျိုးသားရေးဦးဆောင်ဆရာတော်တစ်ပါးလို့ လူသိများတဲ့ ဆရာတော်ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီနဲ့မေလတုံးက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ နဲ့ မြိတ်မြို့တွေမှာ ဟောပြောမှုတချို့မှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့စကားလုံးတွေထည့်သွင်း ဟောကြားခဲ့တယ်ဆိုပြီး အမှုဖွင့် ဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။

အာဏာပိုင်အဖွဲ့ရဲ့ ဝရမ်းထုတ်ခံရပြီး တစ်နှစ်ကျော်အကြာ နိုဝင်ဘာ ၂ ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

' ' အဓိကကတော့ ရုံးထုတ်တဲ့သူကျထုတ်တယ်။ မထုတ်တဲ့သူကျ မထုတ်ဘူး။ အားလုံးကိုတပြေးညီ ဖြစ်စေချင်တာ။ နိုင်ငံရေးပုဒ်မတွေကို ရုံးထုတ်စစ်ဆေးမယ်ဆို အားလုံးကိုထုတ်။ အပြစ်ရှိတယ် မရှိဘူး စစ်၊ ခုခံချေပခွင့်ရရမယ်။ အခုက ထောင်ထဲ ချထားတာပဲရှိတယ်။ ဆရာတော်ဦးဝီရသူ အပါအဝင် ဘူးလက်တို့ တခြား အမျိုးသားရေးအတွက်ကျနေတဲ့သူတွေရှိတယ်။ အခုကသူတို့က တရားစွဲမှာပဲဆိုတော့ ကျွန်တော်တို့ ကတော့ ကိုယ့်ဆရာတော်အတွက် အပတ်တိုင်း ငြိမ်းစုစီတင်ပြီး ဆက်ဝန်းရံသွားရမှာပဲ။လို့ မြို့နယ် ၂ခုမှာ အမှုဖွင့်စွဲဆိုခံထားရသူ ဦးသက်မျိုးဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55700409

 

မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ကူးစက်ခံရ

မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာ ကိုဗစ် စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၂၊ ၂၀၂၁)

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေကြေညာထားတဲ့ ဆလန်ကောပြည်နယ်မှာ စက်ရုံတခုတည်း အတူတူ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကပ်ရောဂါကူးစက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ပြည်နယ်တခုဖြစ်တဲ့ ဆလန်ကောက စက်ရုံတခုမှာ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေထဲက တချို့ကိုတော့ ဆေးရုံတင် ကုသပေးဖို့ စီစဉ်နေတယ်လို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝင်းမင်းစိုးက ပြောပါတယ်။

"လောလောဆယ်ကတော့ စက်ရုံအနေနဲ့ကတော့ ရောဂါပိုးကူးတဲ့ လုပ်သားတွေကို သီးသန့်ခွဲထားတယ်။ ခွဲထားတယ်ဆိုတာလည်း စိုးရိမ်ရတဲ့သူတွေဆိုရင်တော့ ဆေးရုံမှာပဲကုသမှုခံယူဖို့ လုပ်ထားတယ်။ နောက်တခုက သိပ်ပြီးတော့ စိုးရိမ်စရာမရှိတဲ့ အခြေအနေမှာဆိုရင် Quarantine Center တွေရှိတယ်။ အဲဒီ Quarantine Center တွေမှာ သူတို့ကို စနစ်တကျတော့ ခွဲထားပါတယ်ဗျ။"

ကပ်ရောဂါထိန်းချုပ်ရေး စည်းကမ်း ချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ့်အကြောင်း သတိပေးထားတာကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ စည်းကမ်းလိုက်နာကြဖို့လည်း မြန်မာသံရုံးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေကြောင့် တရားဝင် အထောက်အထား မရှိဘဲ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာ ကောင်းတယ်လို့လည်း မလေးရှားအခြေစိုက် ကပုန်းမြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းကပြောပါတယ်။

"လက်ရှိ မလေးရှားရဲ့အနေအထားက ဘယ်လိုလဲဆိုတော့ ရောဂါတွေက တနေ့ထက်တနေ့ များပြားနေတာတွေ့တယ်လေ။ တွေ့တဲ့အခါကျတော့ အားလုံးကကြောက်တယ်ပေါ့။ အထောက်အထားမရှိတဲ့သူတွေအတွက်က ဒီမလေးရှားမှာကတော့ တကယ့်ကိုအန္တရာယ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားမဝင်နေထိုင်တဲ့အတွက်ကြောင့် သူတို့က တအားကြောက်ဖို့ကောင်းနေတယ်။"

ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ မလေးရှား အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Selangor, Johor, Penang, Kuala Lumpur, Putrajaya နဲ့ Labuan တို့မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ခဲ့တာပါ။ မြန်မာနိုင်ငံသား အများအပြားနေထိုင်ကြတဲ့ ဒေသတွေမှာ ကပ်ရောဂါကူးစက်မှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာထားပြီး သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်တာကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့လည်းကွာလာလမ်ပူမြို့က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကိုထွေးလေး ကပြောပါတယ်။

"ကျနော်တို့ကတော့ အဆင်ပြေပါတယ်။ သူဌေးက ဖွင့်ပေးထားတယ်လေ။ စားသောက်ဆိုင်တွေကတော့ အခြေအနေမကောင်းဘူး။ ကျနော်သိတဲ့ဆိုင်ဆိုလို့ရှိရင် (မြန်မာတွေ) အများကြီးပဲ။ ဆိုင်ပိတ်လိုက်တော့ သူတို့ကို ထမင်းဖိုးလေးတော့ပေးတာပေါ့နော်။ သူတို့လည်း နည်းနည်းတော့တော်သေးတာပေါ့။ အလုပ်ကတော့ မလုပ်ရတော့ဘူး။ ဒုက္ခရောက်နေကြတဲ့သူတွေကတော့ တော်တော်ရောက်တယ်၊ အခြေအနေမကောင်းဘူး။ "

မလေးရှားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ တနေ့ကို ၃,၀၀၀ ဝန်းကျင်ရှိနေပြီး၊ အခုနောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရ နိုင်ငံတွင်း ကူးစက်ခံရသူပေါင်း ၁၆၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀၀ ကျော်ရှိနေပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/malaysia-myanmar-migrant-covid/5741773.html

ကရင်နယ်ခြားစောင့်တပ်အရာရှိ ၉၀ ကျော် နုတ်ထွက်စာတင်မှု ပြန်ရုပ်သိမ်းမည်

BGF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - KIC - သြဂုတ် ၂၀၊ ၂၀၁၉)

နယ်ခြားစောင့်တပ် BGF က နုတ်ထွက်စာတင်ထားတဲ့ ကရင်တိုင်းရင်းသား အရာရှိ ၉၀ ကျော်ဟာ တပ်မတော် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက် နုတ်ထွက်မယ့် အစီအစဉ်ကို ပြန်ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

ကရင်ပြည်နယ်ထဲမှာ တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုပြီး BGF တပ်ဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး တင်ဝင်းနဲ့ ဗိုလ်မှူးမုတ်သုန်တို့ကို နုတ်ထွက်ဖို့ တပ်မတော်က ဖိအားပေးခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို နယ်ခြားစောင့်တပ်ဖွဲ့က အရာရှိ ၉၀ ကျော် နုတ်ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ တပ်မတော်အရာရှိတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် နုတ်ထွက်စာ တင်ထားတာကို ပြန်ရုပ်သိမ်းဖို့ ပြင်ဆင်နေကြောင်း BGF ပြန်ကြားရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောပါတယ်။

“ကျနော်တို့ ဒီ နုတ်ထွက်စာကို ပြန်ရုပ်သိမ်းမယ့် သဘောရှိတယ်။ လက်ရှိဒီအတိုင်းပဲပေါ့။ မူလနေတဲ့ပုံစံအတိုင်းပဲ နေမှာပေါ့။”

BGF အရာရှိတွေ နုတ်ထွက်စာ တင်ထားတာကို ပြန်ရုပ်သိမ်းမယ့်အကြောင်း အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်း ဗိုလ်မှူးကြီးစောချစ်သူကလည်း သတင်းမီဒီယာတချို့ကို ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ထိပ်တန်းတပ်မှူး ၃ ယောက်ကို ထွက်ဖို့ တပ်မတော်က ဖိအားပေးထားတဲ့ကိစ္စ ပြေလည်မှု ရဖို့ကတော့ ဆက်လက် ညှိနှိုင်းရဦးမှာ ဖြစ်ကြောင်းလည်း BGF အဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောပါတယ်။

“လောလောဆယ်တော့ ဒီနုတ်ထွက်ခိုင်းတဲ့အပေါ်မှာလည်း ကျနော်တို့ နည်းနည်း ရှင်းပြအပေါ်မှာရှိမှာပေါ့နော်။ ကျနော်တို့အနေနဲ့ ပေါ်လစီနဲ့ ဘယ်လိုပုံစံမျိုးနဲ့။ ကျနော်တို့ လူတွေအားလုံး လက်ခံသွားရင်လည်း အဆင်ပြေသွားမှာပါ။ လက်မခံတော့လည်း အဲဒီအချိန်ကျရင်တော့ ဆက်စောင့်ကြည့်ရမှာပေါ့နော်။ အခုချိန်မှာတော့ငြိမ်နေတယ်။ ကျနော်ထင်တာကတော့ ပျက်စီးတဲ့လမ်းကြောင်းတော့ မရှိလောက်ဘူး ထင်ပါတယ်။ အကောင်းဆုံးတခုခုတော့ နိုင်ငံတော်ဘက်ကလည်း၊ တပ်မတော်ဘက်ကလည်း သူတို့အထိခိုက်ပျက်စီးမခံသလို ကျနော်တို့ဘက်ကလည်း ငြိမ်းချမ်းရေးကိုလည်း မပျက်စီးစေချင်ဘူး။”

ကရင်ပြည်နယ်ထဲက ကာစီနို လောင်းကစားရုံတွေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ကြီးစိုးနေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့တဲ့ ရွှေကုက္ကိုလ် စီမံကိန်းမှာ ဒေသခံ BGF တပ်ဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်ဆိုပြီး ဒီနှစ်ဆန်းပိုင်းတုန်းက BGF ခေါင်းဆောင်ဦး ၃ ဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးစောမုတ်သုန်တို့ကို တပ်မတော် ခေါင်း ဆောင်တွေကနေ ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခံခဲ့ရတာပါ။

ထိပ်တန်းတပ်မှူးတွေ ဖိအားပေး နုတ်ထွက်ခိုင်းခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေကြား မကျေနပ်မှုတွေ ပေါ်ပေါက်နေရတာလို့လည်း အမည်မဖော်လိုသူ BGF တပ်မှူးတဦးကပြောပါတယ်။

“အဓိက သူတို့ လူကြီး ၃ ယောက်ပဲ ထွက်ခိုင်း၊ သူ့အောက်ကလူတွေ ဘယ်ကျေနပ်မလဲ။ တကယ်လို့ ထွက်ခိုင်းရင် အကုန်လုံးထွက်မယ်။ အဲဒီလိုမှကျေနပ်တာပဲဗျ။ အကုန်လုံးထွက်လည်း လူကြီးတွေက မပေးထွက်ပြန်ဘူး။ စီးပွါးရေး စာတတ်တဲ့သူ ၃ ယောက်ပဲ ထွက်ခိုင်းတာ အဲဒီလိုမျိုး။”

နယ်ခြားစောင့်တပ် အရာရှိတွေ အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့မှာပဲ တပ်မတော် အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး ဦးဆောင်အဖွဲ့ကနေ မြိုင်ကြီးငူဒေသမှာ BGF ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့တာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ BGF ခေါင်းဆောင်တွေ ပတ်သက်ဆက်နွယ်နေတာတွေ ရှိနေတဲ့အတွက် သတိပေးတားမြစ်တာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

တရားမဝင် စီးပွားရေး လုပ်ငန်းတွေအပေါ် မြန်မာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်လာချိန်မှာပဲ ထိုင်းနိုင်ငံနဲ့နယ်စပ် ကရင်ပြည်နယ်ထဲမှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်နေတဲ့ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ ပတ်သက်မှု မရှိကြောင်း ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ တရုတ်နိုင်ငံက ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရပ်ခြားက လောင်းကစားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေကို ခွင့်မပြုကြောင်းလည်း ရန်ကုန်မြို့က တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ 


ကိုနိုင်ကွန်းအိန်/VOA (Burmese)

https://burmese.voanews.com/a/karen-bgf-yanmar-border-guard-force/5741680.html

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို TNLA တပ်ဖွဲ့ဝင်အချို့ကို ကျင်းပတဲ့ ဗိုလ်‌လောင်းသင်တန်းဆင်း အခမ်းအနားမှာ ၂၀၂၀၊ ဇူလိုင် ၂၃ ရက်နေ့က တွေ့ရစဉ် / Photo: Kan Thar / RFA

ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အခြေအနေကောင်းတယ်လို့ ရှုမြင်ကြောင်း တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပြောလိုက်ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၉ ရက်နေ့ အထိ TNLA ရဲ့ ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးရဲ့ သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း TNLA တပ်ဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ ဆွေးနွေးမှုစတင်နိုင်ပြီး ရခိုင်ပြည်နယ်မှာ လတ်တလော အပစ်ရပ်တန့်နိုင်တာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ် ဖော်ဆောင်မယ်ဆိုတဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွေကြောင့် ရှေ့ဆက်ဖို့ခက်ခဲနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်လည်အစပြုဖို့ အခြေအနေကောင်းတယ်လို့ ရှုမြင်တာဖြစ်ကြောင်း ပြောထားပါတယ်။

TNLA အနေနဲ့လည်း အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် အမြဲတမ်း အသင့်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

TNLA ရဲ့ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးမှာ နိုင်ငံရေး၊ စစ်ရေးပြင်ဆင်သုံးသပ်တာ၊ အုပ်ချုပ်ရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးဌာနတွေကို သုံးသပ်ပြီး လိုအပ်တဲ့ ဗဟိုလုပ်ငန်း ဌာနတွေကိုလည်း ပြင်ဆင်ခြင်းတွေပြုလုပ်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဖုန်းခေါ်ဆိုပေမယ့် ခေါ်ဆိုလို့မရပါဘူး။

TNLA အဖွဲ့အနေနဲ့ တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေ တစ်ဖက်သတ် ထိုးစစ်တွေရှိလာရင် ခုခံကာကွယ် သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် တအာင်းဒေသကပြည်သူတွေ ကိုဗစ် - ၁၉ ရောဂါကင်းဝေးဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ဖို့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက် ဖော်ဆောင်မယ်လို့ ဆိုထားပါတယ်။

TNLA တပ်ဖွဲ့ဟာ ၂၀၁၆ ခုနှစ်ကတည်းက မိုးကုတ်မြို့မှာရှိတဲ့ ကျောက်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေ ထံကနေ အခွန်ငွေကောက်ခံနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း မိုးကုတ်မြို့ စံပြမုန့်တိုက်ပိုင်ရှင်ကို အခွန်ငွေကိစ္စနဲ့ပဲ မိုးကုတ်မြို့ အောင်ချမ်းသာဈေးအနားမှာ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိပါတယ်။ အဲဒီနောက် တစ်လကျော်အကြာ ဇန်နဝါရီ ၁၅ ရက်နေ့မှာမှ စံပြမုန့်တိုက်ပိုင်ရှင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နဲ့ နမ္မတူမြို့တွေမှာလည်း TNLA နဲ့ RCSS တပ်တွေ ဒီလဆန်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင့် ငါးရာကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tnla-peace-process-01182021053053.html

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၂၊ ဇန်နဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: SOE THAN WIN / AFP

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး အဆင့် စီမံကိန်း ကိုးခုအတွက် ရင်းနှီးတည်ဆောက်ခွင့်ရခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီ အနေနဲ့ စီမံကိန်း အကောင်အထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာမှု၊ စာချုပ်မှာပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်မှု၊ ဘဏ္ဍာငွေ အထောက်အထား မတင်ပြနိုင်မှု တွေကြောင့် လုပ်ငန်းစာချုပ် ရပ်ဆိုင်းခဲ့တာလို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ပြောပါတယ်။

အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်းတဲ့ အကြောင်းကြားစာကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ပေးပို့ခဲ့တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင့်ထူးနိုင်က ပြောပါတယ်။

"ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး အဆင့်စီမံကိန်း လုပ်ငန်း ကိုးခုအတွက် ချုပ်ဆိုထားသော စီမံကိန်း လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်များ (Concession Agreements) အားလုံးကို ၃၀ ရက် ၁၂ လ ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဆိုင်းကြောင်း ကနဦးအဆင့် စီမံကိန်း ရင်းနှီးတည်ဆောက်ခွင့်ရှိသူ ကုမ္ပဏီထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်ကို အများပြည်သူသို့ အသိပေးအပ်ပါသည်။"

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဆောင်ရွက်ရာမှာ ပါဝင်ဖို့ ဂျပန်အစိုးရရဲ့ အဆိုပြုလွှာကို မြန်မာအစိုးရ က လက်ခံခဲ့ပြီးဖြစ်လို့ မြန်မာ၊ ထိုင်းနဲ့ ဂျပန် အစိုးရတို့ ပူးပေါင်းပြီး စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

ဂျပန်အစိုးရဘက်က အဆိုပြုလွှာကို လက်ခံတယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက အကြောင်းပြန်ခဲ့ပါတယ်။

စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က မြန်မာအစိုးရကို ဥပဒေကြောင်းအရ တုံ့ပြန် တရားစွဲဆိုလာခဲ့ရင် ကုမ္ပဏီဘက်က ပျက်ကွက်ခဲ့တဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်လုံလုံရှိတယ်လို့ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

"ထိုသက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့ ပျက်ကွက်ခဲ့တဲ့ တာဝန်တွေ၊ ဝတ္တရားတွေ အချက်အလက်တွေ၊ ကျနော်တို့ လက်ထဲမှာ ခိုင်ခိုင်မာမာ အထောက်အထားတွေ ရှိပါတယ်။ ယခင်ကလည်း သက်ဆိုင်ရာ ကုမ္ပဏီထံ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကို မကိုက်ညီဘူးဆိုတဲ့အကြောင်း အကြိမ်ကြိမ် အကြောင်းကြားခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ဆက်လက်ပြီး ဖြစ်ပေါ်လာမယ့် အခြေအနေ အပေါ်မှာ မူတည်ပြီး ကျနော်တို့ တုံ့ပြန်သွားရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လိုလားချက်ကတော့ အိမ်နီးချင်းနိုင်ငံက ကုမ္ပဏီလည်းဖြစ်ပြီးတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်ပြီး ရပ်ဆိုင်းလိုက်ရတဲ့အဖြစ်မှန် အပေါ်မှာ နှစ်ဘက် ပြေပြေလည်လည် ဖြေရှင်းဆောင်ရွက် သွားဖို့ကိုပဲ ရည်မှန်းမျှော်လင့်ပါတယ်လို့ ဖြေကြားပါရစေ။"

လက်ရှိအချိန်အထိတော့ အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က တုံ့ပြန်မှု မရှိသေးဘူးလို့ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

တကယ်လို့ အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က တရားစွဲဆိုချက် အောင်မြင်ခဲ့ရင် စာချုပ်ပါ ဥပဒေ စည်းကမ်းချက်တွေအရ အဲဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီ အသစ်က အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး လျော်ကြေးပေးရမှာပါ။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းရဲ့ နယ်နိမိတ်ဧရိယာဟာ မူလက ၂၀၄ စတုရန်း ကီလိုမီတာ ရှိခဲ့ပြီး နောက်ပိုင်းမှာ ၁၉၆ စတုရန်းကီလိုမီတာအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

အဲဒီထဲက ၂၇ စတုရန်းကီလိုမီတာရှိတဲ့ မြေဧရိယာပေါ်မှာ ကနဦးစီမံကိန်း ဧရိယာ သတ်မှတ်ခဲ့ပြီး ကျန်ဧရိယာ ကို ပင်မစီမံကိန်းဧရိယာလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကနဦး စီမံကိန်းတွေအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ၂၀၁၅ ခုနှစ်က စာချုပ် ကိုးခု ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မယ့် နယ်မြေထဲမှာ ရွာ ခြောက်ရွာရှိပြီး စီမံကိန်း မစတင်နိုင်သေးတဲ့အတွက် ပြောင်းရွှေ့တာတွေမရှိသေးဘဲ မြေယာ လျော်ကြေးကိစ္စတွေအတွက် မြေယာနဲ့ သီးနှံလျော်ကြေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်း ဒေသခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စောင့်ကြည့်လေ့လာနေတဲ့ ဒေသခံ ကိုဘိုဘိုက အီတာလျံ-ထိုင်း ကုမ္ပဏီအစား ဂျပန်နိုင်ငံက လုပ်ကိုင်မယ်ဆိုရင် ဒေသခံတွေအတွက် ပိုမိုကောင်းမွန်တဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။

"၂၀၁၅-၁၆ ကနေ တောက်လျှောက်ကတော့ အစိုးရ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတဲ့ဟာတွေနဲ့ပဲ အချိန် ကုန်ခဲ့တယ်၊ မြေပြင်မှာ လက်တွေ့လုပ်ဆောင်နိုင်မှုကတော့ မရှိဘူးပေါ့နော်၊ ဒါကြောင့် မြေပြင်မှာ သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူး၊ ထိုင်းကုမ္ပဏီ ထွက်သွားတာက ဒေသကလူတွေအတွက် အကောင်းဘက်ကို ပိုမြင်မယ်ထင်တယ်၊ တခြားရင်းနှီးမြှုပ်နှံသူတွေရောက်လာရင် ဒေသခံတွေအတွက် မျှော်လင့်ချက်အသစ်တွေ ရှိလာမယ်ထင်တယ်၊ ဒါပေမဲ့ ကြာဦးမယ်တော့ထင်တယ်၊ ဂျပန်ပါလည်း ညှိနှိုင်းစရာတွေရှိတော့ ကြာအုံးမယ်ထင်ပါတယ်။"

အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အားလုံးကို ဖျက်သိမ်းခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ထိုင်းနိုင်ငံ သံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဘက်ကတော့ အခုလို စာချုပ်ဖျက်သိမ်းခဲ့တာက အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့သာဖြစ်ပြီး မြန်မာနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းပြီး စီမံကိန်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

စီမံကိန်းဧရိယာ ကြီးမားကျယ်ပြန့်တာက ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲဖြစ်ပြီး နိုင်နိုင်နင်းနင်းရှိမယ့် ဧရိယာကို ရွေးချယ်လုပ်ကိုင်သင့်တယ်ဆိုတဲ့ သင်ခန်းစာရခဲ့တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေထဲမှာ ၁ဝ မိုင်ပတ်လည် စက်မှုဇုန်နယ်မြေ၊ ဆိပ်ကမ်းငယ်၊ သဘာ၀ ဓာတ်ငွေ့ဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံ၊ မြို့ပြစီမံကိန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေလှောင်ကန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်ကို ဖောက်လုပ်မယ့် နှစ်လမ်းသွား ကားလမ်းနဲ့ အခြေခံ အဆောက်အအုံစီမံကိန်းတွေ ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stop-contract-for-dawei-special-zone-project-01182021044528.html

နယ်စပ်ခြံစည်းရိုးကာမှု တရုတ်ပြန်နောက်ဆုတ်

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ ကျောက်တိုင်အနီး မြင်ကွင်း။ (ဓာတ်ပုံ - U Ngwe Doe - ဒီဇင်ဘာ ၁၀၊ ၂၀၂၀)

ကချင်ပြည်နယ်နဲ့ နယ်စပ်ဒေသမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး ကာရံခဲ့ရာမှာ ကြားခံနယ်မြေထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာအာဏာပိုင်တွေ ကန့်ကွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ပြန်ဆုတ်ပေးလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်နဲ့ မြန်မာဘက် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ လွယ်ဂျယ်နဲ့ နယ်စပ်ကြားမှာ တရုတ်နိုင်ငံက သံခြံစည်းရိုး ကာရံရာမှာ တချို့နေရာတွေမှာ ၂ နိုင်ငံကြားခံနယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာဘက်က ကန့်ကွက်ခဲ့တာပါ။ နယ်နမိတ်မှတ်တိုင် ၄၉/၂ နဲ့ မှတ်တိုင် ၅၀ ကြား ကြားခံနယ်မြေဖြစ်တဲ့ ၁၀ မီတာ အတွင်းပိုင်းမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာခဲ့လို့ ၂ နိုင်ငံ နယ်စပ်စာချုပ်စည်းကမ်းတွေအရ စာပေးပို့ ကန့်ကွက်ခဲ့တာလို့လည်း လွယ်ဂျယ်မြို့ အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း နှစ် နိုင်ငံ သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ နယ်မြေအတိုင်း တရုတ်နိုင်ငံက ပြန်ဆုတ်ပေးလိုက်ပြီလို့ ပြောပါတယ်။

“အဓိကတော့ နယ်နမိတ်မှတ်တိုင်ရှိတဲ့နေရာ တိုင်းရတာပေါ့နော်၊ မှတ်တိုင်ရှိတဲ့နေရာ တိုင်းလိုက်တော့ ၁၀ မီတာပြည့်ဖို့အတွက် ၁ ပေလိုတယ်၊ ၁ ပေလိုတော့ သူတို့ကို စာနဲ့ ကန့်ကွက်တယ်၊ နှုတ်နဲ့ကန့်ကွက်တယ်။ ကန့်ကွက်တော့သူတို့ နောက်ကိုပြန်ဆုတ်ပေးတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာလည်း တရုတ်ဘက်က နိုဝင်ဘာလကတည်းက ခြံစည်ရိုးကာနေတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ နယ်စပ်ခြံစည်းရိုးကျောက်တိုင်ကျော်ပြီး ကာရံခဲ့လို့ မြန်မာဘက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တရုတ်လင်ချန်းခရိုင် ဒုမြို့တော်ဝန်အဆင့် တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၂ ရက်ကတွေ့ပြီး ဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာရံနေတာဟာ ကိုဗစ်ကပ်ရောဂါကာလ ယာယီအစီအစဉ်သာ ဖြစ်တယ်လို့ တရုတ်ဘက်က တုံ့ပြန်ထားကြောင်းလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ပြောပါတယ်။

“ရောဂါတွေ ကင်းစင်ပပျောက်သွားရင် ပြန်ဖြုတ်ပေးမယ်လို့ ပြောပါတယ်။ သူတို့လည်း သဘောပေါက်ပါတယ်တဲ့ ဒါတွေက နောင်ကျရင် ပြန်ဖြုတ်ပေးရမှာလေ။ တောင်သူတွေထဲရောက်နေတာ တချို့ဟာ သူတို့ကာတာတွေက။ နယ်စပ်မျဉ်းထဲ ရောက်တယ်ဆိုရင်တော့ ကျနော်တို့က သိတာနဲ့ ကန့်ကွက်လိုက်တာပေါ့။ အဲဒီတော့သူတို့ နောက်ပြန်ဆုတ်ပေးတာပေါ့ ဒါမျိုးတွေ။”

တရုတ်ဘက်က ခြံစည်းရိုးကာဖို့ ခက်ခဲတဲ့ နေရာတွေက လွဲလို့နေရာအများစုမှာ ခြံစည်းရိုးကာနေတာပါ။ အငြင်ပွားမှု မကြာခဏရှိနေတဲ့ မြန်မာ- တရုတ်နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၉၇) ကို လက်မှတ်ရေးထိုး ထားတာရှိပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ် ဒီလိုထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ငွေကြေးအထောက်အပံ့ကိစ္စ တချို့ကို နားလည်မှု စာချွန်ရေးထိုးခဲ့သလို နယ်စပ်ဒေသတည်ငြိမ်ရေး ပူးတွဲလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/china-myanmar-border-dispute/5741843.html

ဗီဇပြောင်း ကိုဗစ်ကူးစက်မှု မြင့်မားလာနေတဲ့ Los Angeles

COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ Los Angeles က Dodger Stadium အနီး လာရောက်ကြည့်ရှုနေသူနှစ်ဦး။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင်ဟာ နိုင်ငံတွင်း COVID-19 ဖြစ်ပွားသူ အရေအတွက် ၁ သန်းကျော်ကို ရောက်သွားတဲ့ ပထမဆုံးခရိုင် ဖြစ်ပါတယ်။ ဗြိတိန်မှာစဖြစ်တဲ့ ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်လည်း Los Angeles မှာ ဖြစ်နေကြောင်း ခရိုင်ရဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ကောင်တီဟာ တနင်္ဂနွေနေ့မှာ COVID-19 ဖြစ်ပွားသူ ၁ သန်းထိ စံချိန်တင် ရောက်ရှိခဲ့တာပါ။ ဗြိတိန်က ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရိုင်တွင်းမှာ အခက်အခဲတွေ့နေကြောင်း၊ လူပေါင်း ၇,၅၀၀ ကျော် ဆေးရုံတင်ထားရတာနဲ့အတူ Los Angeles ခရိုင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခက်တွေ့နေကြောင်း ခရိုင်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Barbara Ferrer က ကြေညာချက်ထုတ် ပြောဆိုခဲ့တာပါ။

Los Angeles ခရိုင်မှာ ပြီးခဲ့တဲ့ နွေရာသီအတွင်း COVID-19 ကြောင့် ဆေးရုံတင်ရမှုနဲ့ သေဆုံးမှုထက် အခု ၅ ဆလောက် ပိုများနေတာနဲ့ ကြုံနေရတယ်လို့လည်း ဒေါက်တာ Ferrer က ပြောပါတယ်။ COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး Gavin Newsom က ပြီးခဲ့တဲ့ သောကြာနေ့က Los Angeles မှာရှိတဲ့ Dodger Stadium မှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ကာကွယ်ဆေးတွေကို အအေးခန်းထဲကထုတ်ပြီး လူတွေကို ထိုးပေးဖို့ လိုအပ်နေတာပါ။”

COVID-19 ကာကွယ်ရေး စည်းမျဉ်းတွေကိုလည်း ဆက်လက် လိုက်နာကြဖို့လည်း အုပ်ချုပ်ရေးမှူးက တိုက်တွန်းသွားပါတယ်။

Los Angeles က Dodger Stadium မှာလည်း အခု COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ နေရာအဖြစ် အသုံးပြုနေပြီး တရက်ကို လူ ၁၀,၀၀၀ ထိ ထိုးပေးနိုင်ပါတယ်။ Los Angeles မှာ COVID-19 ဖြစ်မှု တိုးလာချိန် နေထိုင်သွားလာမှု ဂရုစိုက်နေကြရတဲ့အကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် Los Angeles UCLA က မြန်မာကျောင်းသားများအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ကိုစွမ်းရဲထွဋ်ကလည်း ပြောပြပါတယ်။

ကိုစွမ်းရဲထွဋ် - “LA မှာနေတော့ လူတွေလည်းများတော့၊ ပြီးတော့ ကျောင်းသားတွေများတဲ့ ရပ်ကွက်ဆိုတော့ စိုးရိမ်စရာတွေတော့ ရှိတာပေါ့။ Situation ကြောင့်မို့လေ။ ဒါပေမယ့် ဒီမှာ ကျနော်နဲ့နေတဲ့ သူငယ်ချင်းတွေက ကိုဗစ်အကြောင်းကို စကားအများကြီး ပြောပြီးတော့ သူငယ်ချင်းနဲ့ တွေ့တာကို လျှော့၊ ပြီးတော့ အပြင်တွေ ဘာတွေ မသွားတာမျိုး အဲဒါမျိုး၊ သိပ်တော့ စိတ်မပူဘူးဗျ။”

မသိင်္ဂီထိုက် - အခုလောလောဆယ် ကျောင်းလည်း မတက်ရဘူး၊ အပြင် Apartment မှာပဲ နေနေကြရတယ်ဆိုတော့ ကျောင်းစာတွေ ဘယ်လို ဆက်လုပ်နေကြပါလဲ။

ကိုစွမ်းရဲထွဋ် - “ကျနော်တို့က တခြားကျောင်းသားတွေလိုမျိုး၊ အမေရိကားမှာတက်တဲ့ တခြားနိုင်ငံတွေက ကျောင်းသားတွေလိုမျိုး အွန်လိုင်းကနေပဲ ဆက်တက်နေရတယ်။ ကျနော်တို့ရဲ့ Apartment အခန်းတွေထဲမှာ ကွန်ပျူတာနဲ့ Zoom တွေပေါ်မှာ အခန်းတက်နေရတယ်။ စာတွေဆိုလည်း အွန်လိုင်းမှာ စာလုပ်တာတို့၊ စာသင်တာတို့၊ စာမေးပွဲဖြေတာ အကုန်လုံး Remote Learning ဖြစ်နေတယ်ဗျ။ မြန်မာပြည်မှာရှိနေတဲ့ UCLA ကျောင်းသားတွေကလည်း အွန်လိုင်းကနေ တက်နေရတယ်။”

မသိင်္ဂီထိုက် - ဒီကျောင်းသားတွေ အားလုံးက အမေရိကားမှာနေတဲ့ ကျောင်းသားတွေလား၊ ဒါမှမဟုတ် ဗမာပြည်ကလာတဲ့သူတွေရော ပါပါသလား။

ကိုစွမ်းရဲထွဋ် - “တော်တော်များများက ဗမာပြည်က အင်တာနေရှင်နယ် ကျောင်းတွေက လာတဲ့လူတွေများတယ်။ အမေရိကားမှာမွေးတဲ့ ဒါမှမဟုတ် အမေရိကားမှာ ကြီးလာတဲ့ ကျနော့်လိုမျိုး ဗမာလူငယ်တွေက နည်းနည်းတော့ ပိုနည်းတယ်။ ဆိုတော့ ကျနော်တို့အဖွဲ့အစည်းက အပိုအခက်အခဲတခုက ဘာရှိလဲဆိုတော့ အကုန်လုံး Campus (တက္ကသိုလ်ပရဝုဏ်) မှာ မတွေ့နိုင်တော့ အွန်လိုင်းမှာ Meeting တွေဘာတွေ လုပ်ရတယ်လေ။ တချို့ကျောင်းသားတွေက ဗမာပြည်ကို ဒီအချိန်မှာ ပြန်ရောက်နေတော့ Meeting လုပ်တာ အချိန်တွေဘာတွေ မတူတော့ အချိန်လွဲနေတော့ အခက်အခဲတော့ ရှိတာပေါ့။”

မသိင်္ဂီထိုက် - ဒီ UCLA မှာတက်နေတဲ့ မြန်မာပြည်က လာတဲ့သူတွေကတော့ ဒီအချိန်မှာ မြန်မာပြည်ကို ပြန်နေကြရတယ်ဆိုတဲ့ သဘောလား၊ ဒီမှာဆက်ပြီး နေလို့ရတဲ့ အခြေအနေရော ရှိပါသလား။

ကိုစွမ်းရဲထွဋ် - “တော်တော်များများကတော့ ဗမာပြည်ကို ပြန်ပြီးတော့မှ ကိုယ့်မိဘတွေနား တော်တော်များများ ပြန်သွားတယ်။ တချို့ကတော့ ကျနော့်လိုမျိုး ကျောင်းဘေးနားက ရပ်ကွက်မှာ Apartment နဲ့နေတဲ့လူမျိုး တယောက်နှစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် တော်တော်များများက ဗမာပြည်ကို ပြန်လို့ရရင် ပြန်သွားကြတယ်ဗျ။”

Los Angeles က UCLA တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုစွမ်းရဲထွဋ် ပြောပြခဲ့တာပါ။

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ၉၄ သန်းခွဲ ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့စာရင်းက ဖော်ပြပါတယ်။ အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ကူးစက်သူ စုစုပေါင်း ၂၃.၇ သန်း ရှိပါတယ်။


မသိင်္ဂီထိုက်/VOA (Burmese)

https://burmese.voanews.com/a/covid19-los-angeles/5741535.html

သင်္ဃန်းကျွန်းမြို့နယ်၌ စတိုးဆိုင်အတွင်းလုယက်မှုကျူးလွန်သူသုံးဦးကို ဖမ်းဆီးရမိ


ရန်ကုန်  ဇန်နဝါရီ  ၁၇

သင်္ဃန်းကျွန်းမြို့နယ်  နနွင်းကုန်း ရပ်ကွက် လေးထောင့်ကန်လမ်းမကြီး အမှတ်(၃၃၇/ခ)ရှိ  G & G စတိုးဆိုင် သို့  ဇန်နဝါရီ ၁၀ ရက် ည ၁၁ နာရီခွဲ က   အမျိုးသားသုံးဦး  ရောက်ရှိလာပြီး   ဆိုင်ဝန်ထမ်း  အမျိုးသမီး နှစ်ဦးထံမှ  ရွှေထည်ပစ္စည်းများနှင့်   လက်ကိုင် ဖုန်းများကို လည်းကောင်း၊ ကောင်တာ အံဆွဲအတွင်းမှ   ငွေကျပ်  ၈၄၀၅၀ နှင့် ဂိမ်းကတ်တို့ကို  လည်းကောင်း ခြိမ်းခြောက်လုယူ၍   တက္ကစီယာဉ်   ဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့်    သင်္ဃန်းကျွန်းမြို့မ    ရဲစခန်းတွင်    အမှုဖွင့်တိုင်တန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ရပ်မှ စစ်ဆေး ချက်များအရ   ပြစ်မှုကျူးလွန်သူများ မှာ တာမွေမြို့နယ်  မလွှကုန်းမီးရထား ရပ်ကွက် မလွှကုန်းမီးရထား လိုင်းခန်းနေ စည်သူအောင်နှင့် ကျောက်မြောင်းကြီး ရပ်ကွက် အောင်မင်္ဂလာလမ်း (ဒု)ထပ် ဝဲခန်း အမှတ်  ၆၇  တွင်    အတူနေထိုင်သည့် ရှိုင်းထက်အောင်  (ခ)  ငကျိုးနှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင်တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းတို့ သုံးဦးအား ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁နာရီတွင် တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက် ဓမ္မစိန္တာလမ်းမ ပေါ်၌ ဖမ်းဆီးရမိသည်။

ဖမ်းဆီးရမိသူ    စည်သူအောင်၊ ရှိုင်းထက်အောင် (ခ) ငကျိုးနှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင်တို့    အား စစ်ဆေးရာ  အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့်  သက်သေခံ ပစ္စည်းများအစား အရည်ကျိုထား သည့် ရွှေတုံးတစ်တုံး၊ လက်ကိုင်ဖုန်း သုံးလုံးနှင့် ဂိမ်းကတ်များ စုစုပေါင်း တန်ဖိုးငွေကျပ်   ၇၂၄၀၀၀ ကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့သုံးဦးကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း   သိရသည်။              


ရဲပြန်ကြား

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ပြင်ဦးလွင်သစ်တောကြိုးဝိုင်းထဲ တရားမဝင် မြေကွက် အရောင်းအဝယ် ဖြစ်နေဆဲ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင်းက အကွက်ရိုက် ရောင်းချနေတဲ့ အစိုးရသစ်တောဦးစီးဌာနပိုင် ဧရိယာတွေကို သစ်တောဦးစီးဌာနက တိုင်လိုက်စိုက်နေပေမယ့် အရောင်းအဝယ်တွေ ရှိနေဆဲပဲလို့ ဒေသခံတွေက ဆိုပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ သစ်တောကြိုးဝိုင်းအတွင်း အကွက်ရိုက် ရောင်းချထားတဲ့ မြေနေရာတွေကို သစ်တောဦးစီးဌာနက ဇန်နဝါရီလ ပထမပတ်လောက်က စတင်ပြီး သစ်တောပိုင်မြေမကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူနေတာဖြစ်ပါတယ်။

သစ်တောကြိုးဝိုင်းဧရိယာတွေကို အကွက်ရိုက်ရောင်းချနေတာ ၂၀၁၂ ခုနှစ်လောက်ထဲက ဖြစ်ပြီး အခုလို သစ်တောပိုင်မြေဆိုပြီး ဆိုင်းဘုတ်ထောင်တာ ၂၀၁၆ ခုနှစ် ကလည်း တစ်ကြိမ်လုပ်ခဲ့ဖူးပြီး ဘာမှ ဆက်ဖြစ် မလာခဲ့ဘူးလို့ ပြင်ဦးလွင်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဝီလျံသိန်းက ပြောပါတယ်။

"သာမန်ဆို အခုကျူး အခုသစ်ပင်ခုတ် အခုအရေးယူတာ ထုံးစံပဲ အခုကြမှ ကာလာတွေကြာပြီး အခိုင်အမာ အုတ်တံတိုင်းတွေဖြစ်မှ လာတားမြစ်တာ အမှန်က အောက်ခြေဝန်ထမ်းတွေက တားမြစ်ချင်လို့ တားမြစ်တာ မဟုတ်ဘူး သူတို့သိတယ် ဥပက္ခာပြုထားတာဖြစ်နိုင်သလို သူတို့ပူးပေါင်းဆောင်ရွက်ပြီး အကျိုးစီးပွားလုပ်ထားတာလဲ ဖြစ်နိုင်တာပဲ။ အခု အထက်က တိုင်းအစိုးရက တားမြစ်ပါဆိုမှ တားမြစ်တာ ဒီလိုတားမြစ်မှုမျိုးက ၂၀၁၆/၁၇ တုန်းက ဖြစ်ခဲ့တယ် ဆိုင်းဘုတ်ထောင်တာ ထောင်တာပဲ ပြီးတော့ ဘာဆက်ဖြစ်တယ် မသိရဘူး အကွက်ရိုက်ပြီးဆက်ရောင်းနေကြတာပဲ အခုလဲ လာထောင်တယ် ဒီသဘောပဲ"

သစ်တောကြိုးဝိုင်းတွေမှာ သစ်တော၊ နှစ်ရှည်၊ ကော်ဖီ စတဲ့သီးနှံတွေကို ပုဂ္ဂလိကပေးပြီး စိုက်ပျိုးခွင့် ပြုထားတာဖြစ်ပါတယ်။

အဲဒီလို စိုက်ပျိုးခွင့်ပြုထားတဲ့ ဧကကွက်တွေကို လူနေထိုင်ဖို့ အကွက်ရိုက်ပြီး ရောင်းချနေကြတာဖြစ်ပါတယ်။ ရောင်းချရာမှာ နေရာအလိုက် ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၅၀ ကနေ ၅၀၀ အထိ ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။

ရောင်းချရာမှာ ပုံစံ ၇ (လယ်ယာမြေလုပ်ကိုင်ခွင့်)၊ မြေစာရင်းကထုတ်ပေးတဲ့ မြေပုံ (၁၀၅) စတဲ့ စာရွက်စာတမ်းတွေကို ကိုင်ဆောင်ပြီး ဝယ်ယူသူကို မိတ္တူပေးကာ အရပ်စာချုပ်တွေနဲ့ ရောင်းဝယ်ကြတာ ဖြစ်ပါတယ်။

အရပ်စာချုပ်သဘောတရားမှာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတွေရဲ့ လက်မှတ်ပါရှိပြီး ရောင်း၊ ဝယ်ကြရတာဖြစ်တဲ့အတွက် ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးဇာနည်မောင်ကို ဇန်နဝါရီ ၁၁ ရက်ကနေ ၁၇ ရက်အထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ပြင်ဦးလွင် သစ်တောကြိုးဝိုင်းအားလုံးနီးပါးကို အကွက်ရိုက်ရောင်းချနေတာဖြစ်ပြီး အခုလို ဆိုင်းဘုတ် လာထောင်နေပေမယ့်လည်း မြေပြင်မှာ ရောင်းဝယ်တာတွေက ရှိနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင် ကိုနနက ဆိုပါတယ်။

"လက်ရှိ သစ်တောဆိုင်းဘုတ် လာထောင်ထားတဲ့နေရာမှာလည်း လာကြည့်နေတဲ့လူတွေ ရှိနေတုန်းပဲ အကွက်ရိုက်ရောင်းတဲ့သူတွေကလည်း ဒီလိုမျိုးသစ်တောက လာထောင်ထားတာကို ဘာမှ မဖြစ်ဘူးဆိုတဲ့အကြောင်း လက်ရှိမှာလည်း လုပ်နေတုန်းဆိုတဲ့အကြောင်း ကြောက်တဲ့သူကလည်း ကြောက်တယ် မကြောက်တဲ့သူကလည်း မကြောက်ဘူးဗျ အခုထိ ဝယ်ရောင်း ရှိနေသေးတယ်။"

ပြင်ဦးလွင်မြို့နယ်မှာ သစ်တောကြိုးပြင်၊ ကြိုးဝိုင်း ၁၉ ခု ဧရိယာအားဖြင့် ၂၁၉,၀၀၀ကျော် ရှိပြီး ပုဂ္ဂလိက စိုက်ပျိုးခွင့်ပြုထားတာဖြစ်ပါတယ်။

သစ်တောက ချထားပေးတဲ့ စိုက်ပျိုးဧကတွေကို အကွက်ရိုက်ရောင်းချနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး ခဲ့ရာမှာ ပိုင်ရှင်တွေက အဆင့်ဆင့်ပြောင်းလဲသွားပြီး သစ်တောမှာ လုပ်ကိုင်ခွင့် တောင်းထားသူတွေရဲ့ အမည်ပေါက်မဟုတ်တော့တာကို တွေ့ရတယ်လို့ ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုပါတယ်။

ဝယ်ယူထားသူတွေက ဒီမြေဟာ တရားမဝင်ဘူးဆိုတာ သိသိရက်နဲ့ ဝယ်ယူထားကြတာဖြစ်ပြီး မြေထီထိုးကံစမ်းကြတာလို့ ဦးအောင်မင်းက ပြောပါတယ်။

"သစ်တောမြေတွေ အကုန်ခပ်များများက ဝင်ရောက်ကျူးကျော် ကွက်ရိုက်တာတွေ အများကြီးပဲ အချို့ဆို လေးထပ်တိုက်တောင်ဖြစ်နေပြီ စိုက်ပျိုးခွင့်ချထားတာကို အများကြီးဆောက်ထားကြပြီ အခု စပ်ကူး မတ်ကူးကာလ ရွေးကောက်ပွဲမှာတောင် ထိန်းမရအောင် အများကြီးလုပ်နေကြတာ တကယ်တမ်းကြတော့ အဲဒီမြေတွေကို ကွက်ရိုက် ကျူးနေကြသူတွေအားလုံးက အခြေခံလူတန်းစားတွေ တစ်ယောက်မှမပါဘူး။ တကယ်နေစရာမရှိလို့ လုပ်နေတာဆိုရင် ဘယ်လိုကူညီပေးရမလဲ စဉ်းစားရမယ် ဝယ်၊ ရောင်းလုပ်နေတဲ့ သူတွေက အခြေခံလူတန်းစား တစ်ယောက်မှ မပါဘူး စီးပွားရေးအရ လုပ်နေကြတာ ကြီးပဲ။"

သစ်တောဧရိယာအတွင်း စိုက်ပျိုးစည်းကမ်းနဲ့ မညီတာတွေကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မန္တလေးတိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ အဲဒီကတည်းက သစ်တောပိုင်မြေနေရာတွေကို ဆိုင်းဘုတ်ထူတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သစ်တောပိုင်ဧရိယာအတွင်း ကျူးကျော်မှုတွေကို အရေးယူတာတွေကို စဉ်ဆက်မပြတ်လုပ်နေပြီး ဒီလို တိုင်စိုက်တာ ၂၀၁၃ ထဲက ဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်မျိုးအောင်က ဆိုပါတယ်။

"အရေးယူတာ အခုမှ မဟုတ်ဘူး ၁၉၉၂ ဥပဒေထဲက အရေးယူနေတာ ၂၀၁၈ ဥပဒေပြဌာန်းပြီးတော့လည်း အရေးယူနေတာ၊ ဒီတိုင်တွေ စိုက်တယ်ဆိုတာကလည်း အခုမှမဟုတ်ဘူး ၂၀၁၃ ထဲက စိုက်နေတာ အခုမှ ဖေ့ဘုတ်တင်လိုက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားတာ။"

သစ်တောမြေအတွင်း ကျူးကျော်မှုကို အရေးယူဆောင်ရွက်ရာမှာ ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပြဋ္ဌာန်းပြီးနောက် အမှုပေါင်း ၄၉ မှု၊ လူဦးရေ ၁၁၇ ဦးကို တရားစွဲဆိုပြီး ဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၄၀ အပိုဒ်ခွဲ (က) အရ မည်သူမဆို သစ်တောနယ်မြေဧရိယာပေါ် မှာ သတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကျူးကျော်မှုတွေကို အရေးယူရာမှာ ပထမအဆင့်အနေနဲ့ သစ်တောဦးစီးဌာန ဝန်ထမ်းတွေက ကိုယ်တိုင် သွားရောက် တားမြစ်ပြီး ဒုတိယအဆင့်အနေနဲ့ သတ်မှတ်ရက်အတွင်းဖယ်ရှားပေးဖို့ စာထုတ်တားတာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အကွက်ရိုက်ရောင်းချထားပြီးဖြစ်တဲ့ ခြံတွေမှာ ပိုင်ရှင်မည်သူမည်ဝါဆိုတာကို မသိရတဲ့ အတွက် ဘယ်သူကို တားမြစ်စာပေးရမယ်မှန်းမသိတဲ့ အခက်အခဲတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ သစ်တောမြေတွေကို ပြန်လည်စိုက်ပျိုးတာမရှိပဲ အခုလို အကွက်ရိုက် ရောင်းချ နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိနေပြီး ပြင်ဦးလွင်မြို့ရဲ့ အပူချိန်ဟာ အရင်ကထက် ပိုမိုများပြားလာတာ၊ ရေရှားပါးမှုပြဿနာတွေ ရင်ဆိုင်နေရတဲ့အတွက် အကွက်ရိုက်ရောင်းချမှုတွေကို အရေးယူပြီး သစ်တောမြေ ပြန်လည်ထူထောင်ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/pyint-oo-lwin-illegal-land-selling-01172021011454.html

ရွေးကောက်ခံသမ္မတ Joe Biden အစိုးရဖွဲ့ပြီးတာနဲ့ အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်မည်

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden. (ဇန်နဝါရီ ၁၅၊ ၂၀၂၁)

ရွေးကောက်ခံသမ္မတ Joe Biden အနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီး အစောပိုင်းအချိန်တွေ အတွင်းမှာပဲ သမ္မတအုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး သူ့အရင် သမ္မတ Trump လက်ထက် ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ပြောင်းလဲသွားဖို့ ရှိပါတယ်။

အလားတူပဲ သမ္မတအခွင့်အာဏာကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမိန့်တွေ ထုတ်ပြန်ချမှတ်သွားဖို့လည်း ရှိပါတယ်။

ဒီလိုအမိန့်တွေနဲ့ ပတ်သက်လို့ ရွေးကောက်ခံသမ္မတ Biden လက်ထက် တာဝန်ယူမယ့် အိမ်ဖြူတော်အရာရှိချုပ်ရဲ့ စနေနေ့က ထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖော်ပြထားတာပါ။

Joe Biden အနေနဲ့ ကွန်ဂရက်လွှတ်တော်ကို မစောင့်ဆိုင်းတော့ဘဲ တိုင်းပြည်ကို အလျင်အမြန် ဦးဆောင်သွားဖို့ ကြိုးပမ်းနေတာကြောင့် သမ္မတ အခွင့်အာဏာနဲ့ ထုတ်ပြန်မယ့် အမိန့်တွေကို သူကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်အတွင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။

ဒီလိုထုတ်ပြန်မယ့် အမိန့်တွေထဲမှာ မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ သမ္မတ Trump ချမှတ်ထားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်တွေကို အဆုံးသတ်သွားဖို့၊ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူစာချုပ်မှာ ပြန်လည်ဝင်ရောက်ဖို့နဲ့ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အစိုးရအဆောက်အဦ နေရာတွေနဲ့ ပြည်နယ်အချင်းချင်း ကူးလူးသွားလာတဲ့ အချိန်တွေမှာ နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ဆင်ကြဖို့ စတဲ့ အမိန့်တွေ ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ကျောင်းလခကြွေးမြီ ဆိုင်းငံ့အစီအစဉ်ကို သက်တမ်းတိုးမြှင့်ပေးသွားဖို့နဲ့ ကပ်ရောဂါကာလ အိမ်ငှားခမပေးနိုင်လို့ အိမ်ပေါ်က နှင်ချခံရမယ့်သူတွေနဲ့ အိမ်ဖိုးအရစ်ကျ ဘဏ်ချေးငွေ မပေးချေနိုင်တဲ့သူတွေကို အကာအကွယ်ပေးသွားမယ့် အစီအစဉ်တွေကို ဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/biden-outlines-day-one-agenda-of-executive-actions/5740783.html

ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလူအုပ် အမေရိကန်နယ်စပ်ဆီ ဦးတည်နေ

အမေရိကန်နိုင်ငံထဲဝင်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းလူအုပ်ကြီးနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဟွွန်ဒူးရပ်စ်ရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)

ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းလာသူ အနည်းဆုံး ၉,၀၀၀ လောက်ဟာ ဂွါတီမာလာနိုင်ငံကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု အစိုးရသစ် တာဝန်ယူတဲ့ အစောပိုင်းရက်တွေမှာ ရောက်လာနိုင်ဖို့ မျှော်လင့်ရင်း တရက်စောပြီး စတင် ထွက်ခွာလာနေပါတယ်။

ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာက အဝေးပြေးလမ်းမကြီးတွေတလျှောက် စစ်ဆေးရေး စခန်းတွေက ရဲတွေက စောစောပိုင်း ထွက်လာတဲ့သူတွေရဲ့ သက်သေခံ စာရွက်စာတမ်းတွေ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကို ရှေ့ဆက်မသွားအောင် ရပ်တန့်ဖို့တော့ မကြိုးစားခဲ့ကြပါဘူး။

စနေနေ့ကတော့ ဟွန်ဒူးရပ်စ်နယ်ခြား Chiquimula အဝေးပြေးလမ်းမ အဝင်ဂိတ်ဘက်ကို နီးကပ်လာတဲ့ လူအုပ်ကြီးကို ဂွါတီမာလာနိုင်ငံက စစ်သားတွေက ဟန့်တားခဲ့ပါတယ်။

ဟွန်ဒူးရပ်စ် အာဏာပိုင်တွေအနေနဲ့ ဒီလို လူတွေ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာတာတွေကို ထိန်းသိမ်းဖို့၊ ဒါမှမဟုတ် အမြဲတစေ တားမြစ်လုပ်ဆောင်ဖို့ ဂွါတီမာလာ အစိုးရက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

လမ်းလျှောက်လာနေတဲ့ ရွှေ့ပြောင်းလာသူတွေက သူတို့ဟာ ကီလိုမီတာ ထောင်နဲ့ချီတဲ့ ခရီးကို ရဲရဲရင့်ရင့် ဖြတ်ကျော်ပြီး ဂွါတီမာလာနဲ့ မက္ကဆီကိုကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုအထိ ရောက်အောင်သွားမယ်လို့ ပြောဆိုပါတယ်။

သူတို့နိုင်ငံမှာ ကြုံနေရတဲ့ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ပြဿနာ၊ အကြမ်းဖက်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးပြဿနာ၊ သဘာဝဘေးဒဏ်တွေက လွတ်မြောက်ဖို့ အခုလို သွားနေကြတာလို့ ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ဒီလူအုပ်ကြီးဟာ အမေရိကတိုက် နိုင်ငံတွေထဲက ဒီနှစ်ထွက်လာတဲ့ ပထဆုံးအသုတ် ဖြစ်ပါတယ်။

အရင်သမ္မတ Donald Trump လက်ထက်ကထက် သူတို့အပေါ် စာနာငဲ့ညှာမယ်လို့ မျှော်လင့်နေကြတဲ့ ဒီလူအုပ်ကြီးက အမေရိပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ Joe Biden ကျန်းသစ္စာမကျိန်ဆိုခင် တပတ်တောင် မလိုတဲ့အချိန်မှာ ထွက်လာတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/honduras-caravan-us/5740847.html

တောင်ကိုရီးယားမှာ အရက်မူးပြီး ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို လျှော့ပေါ့ပြစ်ဒဏ်ပေးခဲ့လို့ ကန့်ကွက်သံတွေ ထွက်ပေါ်

လျှော့ပေါ့ ပြစ်ဒဏ်နဲ့ ချိုဒူးဆွန် ပြန်လွတ်လာတာကို လူအုပ်ကြီးက ကန့်ကွက်

ကလေးမလေးတစ်ဦးကို ရက်ရက်စက်စက် အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူတစ်ဦးကို လျှော့ပေါ့ပြစ်ဒဏ်နဲ့ ထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးစနစ် အပေါ် အချေအတင် အငြင်းပွားမှုတွေ ထပ်မံ ပေါ်ထွက်လာခဲ့တယ်လို့ ဘီဘီစီ ကိုရီးယားဌာန သတင်းထောက် ဒေးဗစ် အိုက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ခင်းမှာ ဆိုးလ်မြို့ရဲ့ အနောက်တောင်ပိုင်း အန်ဆန်မြို့မှာ ကျောင်းကို လမ်းလျှောက်သွားနေတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၅၆ နှစ်အရွယ် ထောင်ထွက် ချိုဒူးဆွန် က အနားမှာ ရှိတဲ့ ဘုရားကျောင်း တစ်ကျောင်းက အိမ်သာထဲ အတင်းခေါ်သွားခဲ့ပြီး ရက်ရက်စက်စက် ရိုက်နှက်၊ အဓမ္မ ပြုကျင့်ခဲ့တာပါ။

နာယန်း (အမည်လွှဲ) ဆိုတဲ့ အဲဒီကလေးမလေး အသက်မသေခဲ့ပေမဲ့ ခန္ဓာကိုယ်ပိုင်း ဒဏ်ရာတွေနဲ့ စိတ်ဒဏ်ရာတွေကို ခုချိန်ထိ ခံစားနေဆဲ ဖြစ်ပါတယ်။

အခုချိန်မှာ အဲဒီမြို့ကနေ နာယန်း ပြောင်းသွားခဲ့ရပါပြီ။ သူ့ကို အဓမ္မကျင့်ခဲ့သူကတော့ သူပြစ်မှုကျူးလွန်ခဲ့ရာ အန်ဆန်မြို့ဆီ ပြန်လာခွင့် ရခဲ့ပါတယ်။ ချိုဒူးဆွန် အခုနေတဲ့ နေရာသစ်ဟာ နာယန်း နေခဲ့တဲ့အိမ်နဲ့ တစ်ကီလိုမီတာတောင် မဝေးပါဘူး။

"ကျွန်တော်တို့ ဒီမြို့ကနေ ပြောင်းမပြေးချင်ပေမဲ့ ရွေးစရာလမ်း မရှိခဲ့ပါဘူး။ အစိုးရဘက်က ဘာမှ လုပ်မပေးခဲ့ပါဘူး။ အဓမ္မပြုကျင့်ခံခဲ့ရသူကိုတော့ တခြားကို ထွက်ပြေးခိုင်းခဲ့တယ် ဆိုတဲ့အကြောင်းကို အများ သိအောင် ပြောပြချင်ပါတယ်"လို့ ချိုဒူးဆွန် လျှော့ပေါ့ထောင်ဒဏ် ၁၂ နှစ် ကျခံပြီးလို့ ထောင်ကနေ ပြန်လွတ်လာခဲ့အပြီး ရက်ပိုင်းအကြာမှာ နာယန်းရဲ့ ဖခင်က ဘီဘီစီကို ပြောပါတယ်။

သူငယ်ချင်းတွေနဲ့ မခွဲချင်တဲ့အတွက် အဲဒီမြို့ကနေ နာယန်း မပြောင်းချင်ခဲ့ဘူးလို့ သူ့ဖခင်က ပြောပြပါတယ်။ ပြီးတော့လည်း အဲဒီမြို့ကနေ ပြောင်းပြေးသွားရင် အဓမ္မကျင့်ခံရသူက သူ့တို့ရဲ့ သမီး ဖြစ်တယ်ဆိုတာကို လူတွေ သိကုန်မှာကိုလည်း မိသားစုက စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မှာ မြို့ကနေ ပြောင်းပြေးဖို့ကလွဲလို့ တခြားရွေးစရာလမ်း မရှိတော့ဘူးလို့ ယူဆခဲ့ကြတာပါ။

"နှစ်တွေ အတော်များများ ကျော်လွန်သွားခဲ့ပေမဲ့ ဘာတစ်ခု မပြောင်းလဲသေးပါဘူး။ ခံခဲ့ရသူတွေဘက်ကပဲ တစ်ဖက်သတ် နစ်နာနေကြရဆဲပါ" လို့ သူက ပြောပါတယ်။

အမှုတွဲကို ပြန်ကြားနာပေးဖို့ ပန်ကြားစာကို လူ ၆ သိန်းကျော် လက်မှတ်ရေးထိုး တောင်းဆိုခဲ့

ချိုဒူးဆွန်ရဲ့ အမှုကြောင့် လိင်ကိစ္စကျူးလွန်သူတွေအပေါ် သက်သက်ညှာညှာ ပြစ်ဒဏ်ချတတ်တဲ့ တောင်ကိုရီးယား တရားစီရင်ရေး စနစ်ကို အကြီးအကျယ် ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

သူ့ကို ကနဦးက ထောင်ဒဏ် ၁၅ နှစ် အပြစ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ ကလေးမလေးကို အဓမ္မကျင့်တုန်းက သူအရက်မူးနေပါတယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် တရားရုံးက နောက်ပိုင်းမှာ ထောင်ဒဏ် ၁၂ နှစ် လျှော့ပေါ့ ချမှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာက အရက်အရမ်းမူးနေချိန် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် သက်သက်ညှာညှာ အပြစ်ပေးလေ့ ရှိတာမို့ပါ။

ဆင်မ်ဆင်မီယက် လို့ခေါ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရာဇဝတ် အက်ဥပဒေ ပုဒ်မ ၁၀( ၂) အရ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ အမျိုးသားတွေ ရာဇဝတ်မှု ကျူးလွန်ရင် တရားရုံးက ပြစ်ဒဏ်လျှော့ပေါ့ ချမှတ်နိုင်ခွင့် ရှိပါတယ်။ တခါ အရက်၊ ဆေး သုံးစွဲထားတဲ့ သူဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတယ်လို့လည်း ဂျူးချီဂမ်ဟွန်း ဥပဒေက သတ်မှတ်ထားပါတယ်။

ဒါပေမဲ့လည်း သူ့ကို ထောင်ဒဏ် လျှော့ချခဲ့ချိန်မှာ လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ ချိုဒူးဆွန်ရဲ့ အမှုကြောင့် နိုင်ငံတဝန်းမှာ အချေအတင် အငြင်းပွားစရာကြီး ဖြစ်လာခဲ့ရတယ်လို့ တောင်ကိုရီးယား ရာဇဝတ်မှုရေးရာအဖွဲ့က ယွန်းဂျွန်ဆွတ် က ပြောပါတယ်။

"သူ့အမှုကြောင့် အရက်မူးပြီး ရာဇဝတ်မှု ကျူးလွန်တာအပေါ် ချမှတ်ထားတဲ့ ဥပဒေနဲ့ ကျွန်တော်တို့ရဲ့ အမြင်ကို ပြောင်းလဲသွားစေခဲ့ပါတယ်"

ချိုဒူးဆွန်ရဲ့ အမှုဖြစ်ပွားခဲ့ပြီးကတည်းက တောင်ကိုရီးယား စည်းမျဉ်းဥပဒေရေးဆွဲရေးအဖွဲ့က ပြစ်မှုကျူးလွန်သူတွေ အရက်မူးတာကို ဆင်ခြေတစ်ခုအနေနဲ့ အကာအကွယ်ယူတာမျိုး မလုပ်နိုင်အောင် ဥပဒေကို ပိုတင်းကျပ်ဖို့ ပြင်ဆင် ရေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ ဒီဥပဒေကို လုံးဝ ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ တိုးပွားလာနေပေမဲ့လည်း ဥပဒေက ဆက်ရှိနေဆဲ ဖြစ်ပြီး အရက်မူးမှု အကြောင်းပြချက်အပေါ် တရားရုံးက လိုရင်လိုသလို စီရင်ဆုံးဖြတ်နေဆဲ ဖြစ်ပါတယ်။

မှတ်မှတ်ရရ ဆိုရင် ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက ကောလိပ်ကျောင်းသူတစ်ဦးကို လိင်ပိုင်း မတော်မတရားပြုကျင့်ခဲ့မှုနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံထားရတဲ့ ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ထောင်အပြင်မှာ ၄ နှစ် ကောင်းမွန်စွာ နေပါ့မယ်ဆိုတဲ့ ကတိနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ အခင်းဖြစ်ချိန်က သူဟာ အရက်မူးနေတာပါလို့ သူ့ရှေ့နေတွေက လျှောက်လဲခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ အထိမ်းအမှတ် #MeToo ဆန္ဒပြမှု

အခုနှစ်အစောပိုင်းကလည်း ကလေးသူငယ်တွေရဲ့ ပုံတွေကို မဖွယ်မရာ ဖော်ပြတဲ့ ကမ္ဘာ့ အကြီးဆုံး တရားမဝင် အွန်လိုင်းဝက်ဆိုက်ကြီးကို ဖွင့်ခဲ့မှုနဲ့ ဆွန်ဂျုံဝူး ဆိုသူ ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ထောင်ဒဏ် တစ်နှစ်ခွဲသာ ကျခံခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။ သူ့ကို လွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရရဲ့ ပန်ကြားမှုကို ဒေသန္တရ တရားရုံးက ဇူလိုင်လတုန်းက ပယ်ချခဲ့ပါတယ်။

သူ့ကို အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာဟာ လိင်မှုကျူးလွန်သူတွေအပေါ် သက်သက်ညှာညှာ အပြစ်ပေးလေ့ရှိတဲ့ တောင်ကိုရီးယား တရားစီရင်ရေးစနစ်ကို မီးမောင်းထိုးပြနေတယ်လို့ အမျိုးသမီး အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတွေက ပြောပါတယ်။

ပြည်သူလူထုရဲ့ ဒေါသအမျက်

ချိုဒူးဆွန် လွတ်လာတဲ့အတွက် တောင်ကိုရီးယား ပြည်သူတွေကို စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့အမှုကို ပြန်စစ်ဆေး ကြားနာပေးဖို့နဲ့ သူ့ကို လူ့အသိုင်းအဝိုင်းထဲ ပြန်ပို့တာကို ကန့်ကွက်တဲ့ အနေနဲ့ သမ္မတရုံး ဝက်ဆိုက်မှာ ပန်ကြားစာတစ်စောင်ကို လူ ၆ သိန်းကျော်က လက်မှတ်ထိုး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရက ပယ်ချခဲ့ပါတယ်။

အခုအခါ အသက် ၆၈ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ချိုဒူးဆွန် ဒီဇင်ဘာလ ၁၂ ရက်နေ့က အန်ဆန်မြို့က သူ့ဇနီးရဲ့ အိမ်ကို ပြန်လာချိန်မှာ လူထုကြီးက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ "သူ့ကို သေဒဏ်ပေးပါ၊ သင်းကွပ်ပစ်လိုက်ပါ" လို့ လူအုပ်ကြီးက အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

ထောင်အရာရှိတွေ ခြံရံပြီး အစိုးရ ဗင်ကားတစ်စင်းနဲ့ ချိုဒူးဆွန် ရောက်လာတဲ့အချိန်မှာ ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတချို့က ကြက်ဥတွေနဲ့ပေါက်၊ ကားကို ကန်ကျောက်တာတွေ လုပ်ခဲ့ကြပါတယ်။

လူထုရဲ့ စိုးရိမ်စိတ်တွေ ပြေလျော့သွားအောင် ရဲက ၂၄ နာရီ မပြတ် စောင့်ကြည့်ပေးနေမယ်လို့ ကတိပေးခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာ ၃၅ ခုကို တပ်ပေးခဲ့ပြီး ချိုဒူးဆွန် နေနေတဲ့ နေရာတဝိုက်မှာ ရဲကင်းအသစ်တွေ ဆောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ချိုဒူးဆွန်ဟာ အီလက်ထရောနစ် စောင့်ကြည့် ကိရိယာတစ်ခုကိုလည်း သူ့ကိုယ်မှာ ၇ နှစ်ကြာ တပ်ထားရပါလိမ့်မယ်။

အမျိုးသမီးတွေကို လျို့ဝှက်ကင်မရာတွေနဲ့ ခိုးရိုက်ထားပြီး အပြာကားတွေမှာ ဖော်ပြတဲ့ ရာဇဝတ်မှုတွေ အနှံ့အပြား ဖြစ်ပွားနေတာကို အရေးယူပေးဖို့ အစိုးရကို တောင်းဆို

ဒါ့အပြင် တကယ်လို့ ချိုဒူးဆွန် အနားကပ်လာရင် အချက်ပေးမယ့် စမာ့တ်နာရီတစ်ခုကိုလည်း နာယန်းရဲ့ မိသားစုကို ပေးထားမယ်လို့ ရဲက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အတွက် ပိုစိတ်စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာမယ်လို့ နာယန်းရဲ့ ဖခင်က ပြောခဲ့ပြီး လက်မခံခဲ့ပါဘူး။

"တကယ်လို့ အဲဒီနာရီက ကျွန်တော့်သမီးကို သတိပေးချက် ပို့လာရင် သူအကြီးအကျယ် ကြောက်လန့် သွားလိမ့်မယ်" လို့ သူက ပြောပါတယ်။ ဒါ့အပြင် သူ့သမီးဟာ အဓမ္မကျင့်ခံခဲ့ရသူ ဆိုတာကို ဒီနာရီကြောင့် လူတွေ သိကုန်ကြလိမ့် မယ် လို့လည်း သူက ပြောပါတယ်။

နစ်နာခဲ့ရသူဘက်က ထုတ်ဖော်ပြောခွင့် ဘယ်မှာလဲ

တရားစီရင်ရေးစနစ်က ပြောင်းလဲလာနေပြီ ဆိုပေမဲ့ မလုံလောက်သေးဘူးလို့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တန်ပြန် ကလဲ့စားချေ ခံရဖို့ စိတ်ပူစရာမလိုအောင် အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ရာဇဝတ်သားတွေကို တရားဝင် စောင့်ကြည့်နိုင်ဖို့အတွက် ပြစ်ဒဏ်ချမှတ်မှု၊ အကျဉ်းထောင်ကနေ လွှတ်ပေးတဲ့ လုပ်ထုံးလုပ်နည်း စတာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတယ်လို့ ပူဆန်တက္ကသိုလ်က ဥပဒေပါမောက္ခ ဂျွန်ဆွန်ယွန်းက ပြောပါတယ်။

"တကယ်လို့ တရားရုံးက ချိုဒူးဆွန်ကို ထောင်ဒဏ် ၁၂ နှစ်အစား အနှစ် ၃၀ ချမှတ်ခဲ့မယ်ဆိုရင် သူ့ကို ၁၂ နှစ် အကြာမှာလည်း ပြန်လွှတ်ပေးကောင်း ပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ရာဇဝတ်မှု ထပ်မကျူးလွန် နိုင်အောင် တားဆီးထားတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေချမှတ်ပြီးမှ လွှတ်ပေးနိုင်ပါတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ တရားစီရင်ရေးစနစ်က ခံခဲ့ရသူတွေရဲ့ အခြေအနေကို စဉ်းစား ညှာတာပေးတာမျိုး မရှိသလောက်ပဲ လို့လည်း ပါမောက္ခ ဂျွန်ဆွန်ယွန်းက ပြောပါတယ်။

"တောင်ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ခံရသူတွေဘက်က သဘောထားအမြင်တွေကို ပိုစာနာ ထောက်ထားဖို့ သင့်ပါတယ်။ ချိုဒူးဆွန် ကို တရားရုံးက ထောင်ဒဏ် ၁၂ နှစ် လျှော့ပေါ့ ချမှတ်လိုက်ချိန်မှာ တရားလို မိန်းကလေးဘက်က ထုတ်ဖော်ပြောဆိုခွင့်က ဘယ်မှာလဲ"

ချိုဒူးဆွန် ကို လွှတ်ပေးလိုက်မှုကြောင့် တစိတ်တပိုင်း တွန်းအား ဖြစ်လာခဲ့ရတာကတော့ ထောင်က လွတ်လာတဲ့ လိင်ပြစ်မှု ကျူးလွန်သူတွေအတွက် စည်းမျဉ်းအများအပြားကို ဥပဒေရေးဆွဲသူတွေက အဆိုပြုတင်ပြ လာကြတာပါ။ အထင်ကရ အနေနဲ့ဆိုရင် အစိုးရ ဒီမိုကရက်တစ် ပါတီဝင်အမတ် ကင်မ်ယုန်းဟို က ကလေးတွေအပေါ် လိင်ပြစ်မှု ကျူးလွန်ခဲ့သူတွေကို နောက်တစ်ခါ ပြစ်မှု ထပ်ကျူးလွန်ခဲ့ရင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးနိုင်ဖို့နဲ့ သူတို့ကို လူ့အသိုင်းအဝိုင်းနဲ့ သီးသန့် ခွဲထားနိုင်ဖို့ ဥပေဒတစ်ခုကို အဆိုပြု တင်ပြခဲ့ပါတယ်။

ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ တိုးပွားလာနေချိန်မှာပဲ ဒီအဆိုပြုချက် ထွက်ပေါ်လာတာပါ။ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ရာဇဝတ်မှု အရေအတွက်က ၂၀၁၆ ခုနှစ်မှာ ၁၀၈၃ ခု ရှိခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ ၁၃၇၄ ခုအထိ တိုးလာခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

တောင်ကိုရီးယား၊ ကလေးအဓမ္မပြုကျင့်မှု၊ အရက်၊ ဥပဒေ

တရားစီရင်မှု စနစ်က ခံရသူတွေဘက်က ထောက်ထားစာနာမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်နေ

ဒီမိုကရက်တစ်ပါတီဝင် အမတ် ဂျွန်းချောင်းဆွတ် ကလည်း ပြစ်မှုကျူးလွန်ဖူးသူတွေကို စာသင်ကျောင်းတွေ၊ ကလေးကစားကွင်းတွေအနား မလာဖို့ သတ်မှတ်ထားတဲ့ အကွာအဝေး မီတာ ၁၀၀ ကို တစ် ကီလို မီတာအထိ တိုးမြှင့် သတ်မှတ်ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းတစ်ခုကို အဆိုပြုထားပါတယ်။

"အဓိကအချက်ကတော့ ကလေးသူငယ်တွေအပေါ် လိင်ကိစ္စ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတွေကို ပြစ်ဒဏ် တိုးမြှင့် ချမှတ်ဖို့နဲ့ လိင်မှုကျူးလွန်ခံခဲ့ရသူတွေအတွက် ကာကွယ်စောင့်ရှောက်မှုတွေ ပိုတိုးလုပ်ပေးဖို့ ဖြစ်ပါတယ်"လို့ မစ်စ် ဂျွန်း က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

ချိုဒူးဆွန်ရဲ့ ဒီအမှုကြောင့် ချိုဒူးဆွန် ဥပဒေလို့ ခေါ်ကြတဲ့ ဥပဒေကြမ်းတစ်ခုကို နိုင်ငံတော် ဥပဒေပြု အဖွဲ့က ရေးဆွဲချမှတ် လာရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ ဒီဥပဒေအရ ကလေးသူငယ် လိင်ကိစ္စ ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားဖူးသူတွေကို ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ကျောင်းဆင်းချိန်အတွင်းနဲ့ ညဘက်တွေမှာ အိမ်အပြင်ထွက်တာကို တားမြစ်ထားပါတယ်။

ဒါပေမဲ့လည်း ဒီရာဇဝတ်သမားတွေကို လူ့အသိုင်းအဝိုင်းကနေ တစ်သက်လုံး ဖယ်ကျဉ်ထားဖို့ မဖြစ်နိုင်တဲ့အတွက် အဲဒီလူတွေ ပြန်လာတဲ့အခါ သူတို့တွေ တကယ့်ကို ပြောင်းလဲသွားအောင် ရာဇဝတ်ကြောင်း အရေးယူမှုစနစ်က လုပ်ဆောင်ပေးဖို့ လိုတယ်လို့ တောင်ကိုရီးယား ရာဇဝတ်မှုပိုင်းဆိုင်ရာအဖွဲ့က ယွန်းဂျွန်ဆွတ် က ပြောပါတယ်။

ဒါ့အပြင် ပညာပေးစခန်းတွေအနေနဲ့ လူမှုအသိုင်းအဝိုင်း ကောင်းကျိုးအတွက် ဒီရာဇဝတ်သမားတွေကို ပြန်လည် ပျိုးထောင်ပေးရေးကို ပိုမို အားစိုက် ဆောင်ရွက်သင့်တယ်။ အပြစ်ပေး အရေးယူတာမျိုးဟာ ရာဇဝတ်မှုကို ထပ်ခါထပ်ခါ ပြန်မကျူးလွန်မိအောင် မတားဆီးနိုင်ဘူးလို့ သူက ပြောပါတယ်။

"လိင်ကိစ္စကျူးလွန်ခဲ့ဖူးသူတွေကို လူတိုင်း မုန်းတီးရွံရှာကြပါတယ်။ ဒါကို လူတိုင်း သိပါတယ်။ သူတို့ကို တစ်ကမ္ဘာလုံးက မုန်းတီးရွံရှာကြပါတယ်။ ဒါပေမဲ့ လူ့အသိုင်းအဝိုင်းထဲ သူတို့ ပြန်ဝင်လာကြမှာ မလွဲမသွေပါပဲ။ ပြန်ကို ပြန်လာကြမှာပါ" လို့ ဆိုပါတယ်။

တနုံ့နုံ့ တာရှည် ခံစားနေရတဲ့ စိတ်ဒဏ်ရာ

ဒါ့အပြင် ခံခဲ့ရသူတွေအပေါ် အားပေးထောက်ကူမှုတွေ အများကြီး ပိုလုပ်ဖို့ လိုတယ်လို့ နာယန်းရဲ့ ဖခင်က ပြောပါတယ်။

ချိုဒူးဆွန် ကို ပြန်လွှတ်ပေးခဲ့တာကနေ လူတွေရဲ့ အကြီးအကျယ် အာရုံစိုက်လာခဲ့မှုဟာ နောက်ပိုင်းမှာ တဖြည်းဖြည်း ပျောက်ပြယ်သွားမှာကို စိုးရိမ်တယ်လို့ သူက ပြောပါတယ်။ ခံရသူတွေရဲ့ မိသားစုတွေ လိုအပ်နေတာက အမြဲ ဂရုတစိုက် ရှိနေဖို့ပါ လို့ ဆိုပါတယ်။

"တကယ်လို့များ ကျူးလွန် ခံခဲ့ရသူတွေကို မပြတ် အဆက်အသွယ် လုပ်ပေးနိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ် ဒါမှမဟုတ် လူမှုဝန်ထမ်း တဦး ခန့်ထားမယ် ဆိုရင်တော့ ပိုပြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်။ တစ်လ တစ်ခါ ဒါမှမဟုတ် နှစ်လ တစ်ခါလောက် ဖုန်းဆက်ပြီး ကျွန်တော်တို့ ဘယ်လို နေသလဲလို့ မေးတာမျိုး လုပ်ရင် ကျွန်တော်တို့အနေနဲ့ ပိုလုံခြုံ စိတ်ချသလို ခံစားမိမှာပါ"

"မင်းတို့က ခိုကိုးရာမဲ့ မဟုတ်ပါဘူး။ ငါတို့ အားပေးကူညီနေပါတယ် ဆိုတဲ့ အားပေးစကားက ခံရသူတွေရဲ့ မိသားစုတွေ တကယ်တမ်း ကြားချင်နေတဲ့ စကားပါ"


BBC Burmese

https://www.bbc.com/burmese/world-55558833

BGF တပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု - ပြန်စဥ်းစားဖို့ တပ်မတော် ပြော

BGF က အရာရှိ သုံးဦး အပါအဝင် တပ်ရင်း ၁၃ ခုလုံးက ပြီးခဲ့တဲ့ရက်ပိုင်းက နုတ်ထွက်စာတင်ခဲ့

အမှတ် ၃၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က အရာရှိတွေကို နုတ်ထွက်ခိုင်းရာက တပ်ရင်း ၁၃ ခုလုံးနုတ်ထွက်မယ့် ကိစ္စအပေါ် တပ်မတော်က BGF နဲ့ ဇန်နဝါရီ ၁၅ ရက်မှာ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

အားလုံးနုတ်ထွက်မယ့်အပေါ် ပြန်စဉ်းစားဖို့ကိုလည်း တပ်မတော်ဘက်က တိုက်တွန်းခဲ့ပါတယ်။

ရွှေကုက္ကိုစီမံကိန်းမှာ အစိုးရကခွင့်ပြုချက်ပေးထားတဲ့နေရာထက် ကျော်လွန်ဆောက်လုပ်နေတာအပါအဝင်၊ တရားမဝင် စီးပွားရေးလုပ်ကိုင်တာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာတွေကြောင့် အမှတ် ၃ နယ်ခြား စောင့်တပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် BGF အရာရှိ သုံးဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုဇန်နဝါရီလအတွင်း နုတ်ထွက်ဖို့ နှစ်ကြိမ်တိုင် တပ်မတော်ဘက်က ဖိအားပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က အရာရှိ သုံးဦး အပါအဝင် တပ်ရင်း ၁၃ ခုလုံးက ပြီးခဲ့တဲ့ရက်ပိုင်းက နုတ်ထွက်စာတင်ခဲ့ပါတယ်။

လက်ရှိမှာ BGF တပ်ရင်း ၁၃ ရင်းနဲ့ အင်အား ၈၀၀၀ လောက် ရှိတယ်လို့ ဆို

အဲဒီအပေါ် မနေ့ ဇန်နဝါရီ ၁၅ ရက် တွေ့ဆုံဆွေးနွေးမှုအပြီး နုတ်ထွက်စာတင်တဲ့အပေါ် ပြန်လည်စဉ်းစားကြဖို့ ဒုတိယဗိုလ် ချုပ်ကြီးအောင်စိုး ဦးဆောင်တဲ့အဖွဲ့က ပြောခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ BGF အဖွဲ့ရဲ့ ပြောခွင့်ရှိသူဖြစ်တဲ့ ဗိုလ်မှူးနိုင်မောင်ဇော် ဘီဘီစီကို ပြောတာက

"ပြောပုံအရဆိုရင်တော့ စဥ်းစားပါ။… ထွက်ချင်လည်းရတယ်၊ မထွက်ချင်လည်း ရတယ်ဆိုတဲ့ သဘောပဲ။ ကျွန်တော်တို့ကို အခု လုပ်ပေးနိုင်တဲ့ အတိုင်းအတာကတော့ အစိုးရပဲ ရှိတယ်။ တပ်မတော်ကတော့ သူတို့ ပြောပုံအရဆို ထိန်းကျောင်းပေးတာပေါ့။ ဆိုလိုရင်းက ကျွန်တော်တို့ တရားဝင် လုပ်ငန်းလုပ်တာနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တာ မရှိဘူး၊ တားဆီးတာ မရှိဘူးပေါ့။ ကျွန်တော်တို့က တရားမဝင် လုပ်ငန်းတွေကြောင့်သာလျှင် အခုလို တားဆီးတာပေါ့။ နောက်ပြီးတော့ စီးပွားရေး လုပ်မယ်ဆိုရင် နုတ်ထွက်ဖို့ ပြောတာပေါ့။"

BGF တပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု - ပြန်စဥ်းစားဖို့ တပ်မတော် ပြော

အများစု ဝေဖန်နေတဲ့ ရွှေကုက္ကိုမြို့သစ် စီမံကိန်းကိုလည်း အဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်ဖို့ သက်ဆိုင် ရာ အစိုးရအနေနဲ့ ဥပဒေတွေနဲ့အညီ လမ်းညွှန်ပေးစေလိုတယ်လို့ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။

ဒီမိုကရေစီစနစ်ကို စတင်ကူးပြောင်းတဲ့အချိန်ကစလို့ အစိုးရတွေက သူတို့အုပ်ချုပ်မှုယန္တရားအဆင့်ဆင့်ကို ပိုပြီးစနစ်တကျဖြစ်အောင် လုပ်ဆောင်လာမှု အရှိန်ရလာတဲ့အချိန်မှာ အဖွဲ့အစည်းတွေ အနေနဲ့ အရင်လို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပြီး ဆန္ဒအလျောက်လုပ်ဆောင်လို့ မရဘဲ အခက်အခဲဖြစ်လာတဲ့ပုံစံမျိုးကို ရောက်လာတာလို့ ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုကြ ပါတယ်။

လက်ရှိပြဿနာကို နှစ်ဖက်ဆက်လက်ဆွေးနွေးမှုတွေနဲ့ တဆင့်ဖြေရှင်းသွားဖို့လိုပြီး ရေရှည်အတွက် ဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ဘီဘီစီကို အခုလို ပြောပါတယ်။

"အကျိုးစီးပွားတွေရှိတယ်၊ နောက် အများကြီး တည်ဆောက်ထားတယ်၊ တစ်ဖက်နဲ့ တစ်ဖက် ပြေလည်အောင် ညှိကြလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ ပြဿနာလည်း ကြီးကြီးကျယ်ကျယ် ဖြစ်လို့ မရတဲ့ အနေအထား ဖြစ်တာပေါ့။ …ဒါပေမဲ့ ဟိုနေ့က အဆင်ပြေသွားသလိုမျိုး ဆက်ပြီးတို့ သူတို့ ညှိပါလိမ့်မယ်။ မညှိဘူးဆိုရင် ပျက်ဆီးခြင်းကို ဆိုက်မှာပေါ့။ အဲဒါကတော့ ဘယ်သူမှ မလိုလားတဲ့ ကိစ္စပေါ့။"

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ခွဲထွက်ထားတဲ့ တပ်ရင်းတချို့ကို ၂၀၁၀ မှာ ကရင်နယ်ခြားစောင့် တပ်အဖြစ် နှစ်ဖက်သဘောတူဖွဲ့စည်းထားခဲ့ပြီး လက်ရှိမှာ BGF တပ်ရင်း ၁၃ ရင်းနဲ့ အင်အား ၈၀၀၀ လောက် ရှိနေတယ်လို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55689088

အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)

အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေကို ဒီကနေ့ကစပြီး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးပေးနေပါပြီ။ ကမ္ဘာမှာ အိန္ဒိယနိုင်ငံက ဒုတိယ လူဦးရေအများဆုံး ဖြစ်တာကြောင့် ဒီကာကွယ်ဆေးထိုးလုပ်ငန်းဟာ ကမ္ဘာမှာ အကြီးမားဆုံး ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဖြစ်ဖွယ်ရှိပါတယ်။

ဒါ့အပြင် အိန္ဒိယဟာ ကမ္ဘာမှာ ကာကွယ်ဆေး အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်သလို အကြီးမားဆုံး ကာကွယ်ဆေးထိုး အစီအစဉ်တွေ ရှိထားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ကြီးမားလှတဲ့ လုပ်ငန်းမျိုးအတွက် မှီငြမ်းကိုးကားစရာ လက်စွဲစာအုပ်ရှိတာ မဟုတ်ပါဘူး။

လူပေါင်း သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးပေးဖို့ အိန္ဒိယအာဏာပိုင်တွေ ရည်မှန်းထားတာကြောင့် ဒါဟာ အမေရိကန်လူဦးရေနီးပါး ရှိသလို အိန္ဒိယကလေးငယ် ၂၆ သန်းကို ကာကွယ်ဆေးထိုးပေးတဲ့ လက်ရှိအစီအစဉ်ထက်လည်း ပိုများပါတယ်။

ဆေးထိုးပေးမယ့်သူတွေထဲမှာ ဆရာဝန်၊ သူနာပြုနဲ့ ရှေ့တန်းကလုပ်ကိုင်နေရသူ သန်း ၃၀ ပါဝင်ပြီး ကျန်တာကတော့ အသက် ၅၀ အထက် ဒါမှမဟုတ် COVID-19 ရောဂါ ကူးစက်နိုင်ခြေများတဲ့ နာဖျားမကျန်းဖြစ်နေသူ သန်းပေါင်း ၂၇၀ ကို ထိုးပေးမှာပါ။

အသက် ၇၀ အရွယ် ဝန်ကြီးချုပ် Narendra Modi က တခြား ကမ္ဘာ့ခေါင်းဆောင်တွေလိုပဲ စံနမူနာအနေနဲ့ ကာကွယ်ဆေး အထိုးခံမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း အခု ပထမအဆင့်မှာ နိုင်ငံရေးသမားတွေကို ဦးစားပေးရမယ့်အစုအဖြစ် သတ်မှတ်မှာမဟုတ်ဘူးလို့ သူ့အစိုးရက ပြောထားပါတယ်။

လူဦးရေ သန်းပေါင်း ၁,၄၀၀ နီးပါးရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးမယ်ဆိုတာ ကျန်းမာရေးတာဝန်ရှိသူတွေက တိတိကျကျ မပြောသေးပါဘူး။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အကြီးမားဆုံး ကာကွယ်ဆေးထိုးလုပ်ငန်း ဖြစ်မှာကတော့ သေချာတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/india-covid-vaccine/5740079.html

နိုင်ငံတဝန်း လက်နက်ကိုင်ဆန္ဒပြမှု ဖြစ်နိုင်ချေ FBI သတိပေး

FBI ညွှန်ကြားရေးမှူး Christopher Wray. (စက်တင်ဘာ ၁၇၊ ၂၀၂၀)

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က လာမယ့် အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာ လုံခြုံရေး သတိပေးချက်သစ်တွေ ထုတ်ပြန်လိုက်ပြီး နိုင်ငံတဝန်းက ပြည်နယ်တွေရဲ့ မြို့တော်တွေမှာ လက်နက်ကိုင် ဆန္ဒပြတာတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ကွန်ဂရက်လွှတ်တော်ကလည်း ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကို စုံစမ်းစစ်ဆေးဖို့ ပါတီနှစ်ရပ်စလုံးက ပါဝင်တဲ့ အမျိုးသားကော်မရှင်တရပ် ဖွဲ့ဖို့အတွက် အဆိုပြုချက်တွေကိုလည်း စဉ်းစားနေပါတယ်။ ဗွီအိုအေသတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာလုပ်မယ့် အမေရိကန်ရဲ့ ရွေေးကာက်ခံသမ္မတ Joe Biden ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် နိုင်ငံတဝန်းက ပြည်နယ်တွေရဲ့ မြို့တော်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါတယ်။ အမေရိကန်မှာ လက်နက်ကိုင်ဆန္ဒပြဖို့ အလားအလာတွေနဲ့ ပတ်သက်ပြီး အင်တာနက် အွန်လိုင်းကနေ ပြောနေတာတွေကို FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုက လိုက်လံစုံစမ်းနေချိန်မှာပဲ အခုလို လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး FBI ညွှန်ကြားရေးမှူး Christopher Wray က ...

“ဖြစ်နိုင်ချေဆိုတဲ့ အသုံးအနှုန်း ဘာကြောင့်သုံးတာလဲဆိုတော့ စိတ်ထဲမှာ စေ့ဆော်မှု ဖြစ်နေတာလား၊ ရည်ရွယ်ချက်ရှိရှိကို လုပ်နေတာလား ဆိုတာကို ခွဲခြမ်းဖို့က တကယ့်ကို အကဲစမ်းချက်တရပ် ဖြစ်နေလို့ပါ။” လို့ ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်လွှတ်တော်ကို သမ္မတ Trump ကို ထောက်ခံတဲ့သူတွေ ဝင်ရောက်စီးနင်းခဲ့မှုနဲ့ ဆက်စပ်ပြီး FBI က သံသယရှိတဲ့သူ ၂၇၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲခိုးတာတွေ မဲမသမာမှုတွေ လုပ်တယ်ဆိုတဲ့ မမှန်မကန် ပြောဆိုမှုတွေကြောင့် အဲဒီလူတွေဟာ ဒေါသတွေထွက်ပြီး လွှတ်တော်ကို ဝင်စီးတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒီထဲမှာ တချို့က အမေရိကန်စစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့မှာ အခုလက်ရှိ တာဝန်ထမ်းဆောင်နေသူ ဒါမှမဟုတ် အရင်က တာဝန်ထမ်းဆောင်ခဲ့သူတွေပါ ပါဝင်တယ်လို့ Brennan Center for Justice ဌာနက Michael German က ပြောပါတယ်။

“ဒီပြဿနာက ကျနော်တို့ရဲ့ သမိုင်းတလျှောက်လုံးမှာ အမြဲတမ်းရှိလာခဲ့တဲ့ ပြဿနာပါ။ အဲဒါက ဘာလဲဆိုတော့ စစ်တပ်နဲ့ ရဲက တချို့ဟာ လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ လယ်ယာစွန်းရောက် စစ်သွေးကြွအဖွဲ့တွေမှာ ပါဝင်ပတ်သက်ပါတယ်။”

မြို့တော်ဝါရှင်တန်ကို ကာကွယ်ဖို့အတွက်တော့ ပြည်နယ်လုံခြုံရေးတပ် ၂ သောင်းခွဲနဲ့ တခြားဌာနတွေက ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားပါတယ်။ ဒုသမ္မတ Mike Pence ကတော့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ဘေးကင်းလုံခြုံမှုရှိရှိ ကျင်းပနိုင်မှာဖြစ်တယ်လို့ အမေရိကန်ပြည်သူတွေကို ထပ်ပြီးတော့ အာမခံ ပြောဆိုပါတယ်။

“ရွေးကောက်ခံသမ္မတ Joe Biden နဲ့ ရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့ဟာ ကျနော်တို့ရဲ့ သမိုင်းအစဉ်အလာတွေနဲ့အညီ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်နဲ့ ဒုသမ္မတသစ်တွေအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ လွှတ်တော်အမတ်တချို့ဟာ တိုက်ခိုက်မှုမဖြစ်ခင် တရက်က လွှတ်တော်ကို လှည့်လည်ပြသပြီး တိုက်ခိုက်မှုကို အကူအညီပေးခဲ့သလား ဆိုတာ အပါအဝင် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ...

“တကယ်လို့ လွှတ်တော်အမတ်တွေအနေနဲ့ ဒီပုန်ကန်ထကြွမှုကို ကြံရာပါလုပ်ခဲ့တယ်လို့ တွေ့ရှိရင်၊ တကယ်လို့ သူတို့အနေနဲ့ ဒီပြစ်မှုကို အထောက်အကူပေးတာ အားပေးကူညီတာတွေ လုပ်ခဲ့ရင်၊ လွှတ်တော်ပြင်ပမှာပါ တရားစွဲ အရေးယူတာတွေ ဖြစ်လာနိုင်ပါတယ်။” လို့ ပြောပါတယ်။

လွှတ်တော်အမတ်တွေကတော့ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့နဲ့ အဓိကကျတဲ့ မေးခွန်းတွေကို မေးဖို့အတွက် ပါတီ ၂ ရပ်စလုံး ပါဝင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းဖို့ ဥပဒေကြမ်းတရပ်ကို တင်သွင်းထားပါတယ်။ မေးခွန်းထုတ်စရာ အချက်တွေထဲမှာတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးသတင်း ဘာလို့မရခဲ့တာလဲ ဆိုတာနဲ့ နိုင်ငံရေးတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နိုင်ချေ ရှိသလား စတာတွေ ပါဝင်တယ်လို့ Standford တက္ကသိုလ်က Amy Zegart က ပြောပါတယ်။

“ဘယ်လိုတုံ့ပြန်ဆောင်ရွက်ခဲ့ကြသလဲ၊ ဒီတုံ့ပြန်မှုမှာ ဘယ်လိုအရေးကြီးတဲ့ သင်ခန်းစာတွေ ရလိုက်ပြီး ဘယ်လိုမအောင်မြင်မှုတွေ ရှိခဲ့သလဲ၊ ပြီးတော့ နိုင်ငံတခုအနေနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့နေရာမှာ ဇာတ်ကြောင်းတွေ၊ အတွေ့အကြုံတွေကနေ ဘာတွေကို သင်ခန်းစာယူသင့်သလဲ ဆိုတာပါ။ ဒါမှသာ ပြန်ပြီးတော့ အတူတကွ ပေါင်းစည်းနိုင်ဖို့အတွက် အခြေခံအချက်တွေကို ရမှာဖြစ်ပါတယ်။”

လုံခြုံရေးအရ စိုးရိမ်မှုတွေကြောင့် သမ္မတကျမ်းသစ္စာဆိုပွဲအကြို အစမ်းလေ့ကျင့်မှုတွေကို တနင်္ဂနွေနေ့ကနေ တနင်္လာနေ့ကို ရွှေ့ပြောင်းကျင်းပသွားမှာ ဖြစ်ပါတယ်။


ရန်နိုင်/VOA (Burmese)

https://burmese.voanews.com/a/us-inauguration-security/5740155.html

ကိုရိုနာဗိုင်းရပ်စ်- ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့က ကိုဗစ်ပိုးမျိုးကွဲ ဘယ်လောက်စိုးရိမ်ရသလဲ


လက်ရှိ တွေ့ရသလောက် ကိုဗစ်ပိုး မူကွဲတွေက လူတွေကို ပိုပြီး ရောဂါပြင်းထန်စေနိုင်တယ် ဆိုတဲ့ သက်သေ သာဓကတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေက တကမ္ဘာလုံးမှာ ဆက်လက် ဖြစ်ပွားနေသေးရာမှာ စတင် ပြန့်ပွားချိန်က ရောဂါပိုးနဲ့ မျိုးဗီဇ ရွေ့လျောကွဲပြားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ပေါ်လာနေတဲ့အတွက် တကမ္ဘာလုံးမှာ စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။

ဒီလို ရှိနေတဲ့အတွက် အဲဒီ ကိုဗစ်ပိုးမူကွဲတွေရဲ့ လူသားတွေကို အန္တရာယ်ပြု ခြိမ်းခြောက်နိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတာကို သိပ္ပံပညာရှင်တွေက အပူတပြင်း လေ့လာ သုတေသနတွေလည်း လုပ်နေရပါတယ်။

ကိုဗစ်တခါကူးပြီးရင် ကိုယ်ခံအားက ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲ

ကိုဗစ်ပိုး မျိုးကွဲတွေက ဘယ်နေရာတွေမှာ ဘယ်လို ထွက်ပေါ်နေသလဲ

ဗိုင်းရပ်စ်ရောဂါပိုး ကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေ လောလောဆယ် အဓိက လေ့လာ သုတေသန ပြုနေတဲ့ ကိုဗစ်ပိုးမူကွဲတွေကို ယူကေ၊ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ရပါတယ်။

ယူကေနိုင်ငံမှာ စတင်တွေ့ရှိရတဲ့ ကိုဗစ်ပိုးမူကွဲ ဆိုရင် ယူကေတနိုင်ငံလုံးမှာ ရောက်ရှိ ပျံ့နှံ့နေပြီ ဖြစ်ပြီး အဲဒီ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားဟာ တခြား နိုင်ငံ ၅၀ လောက်အထိကို ရောက်ရှိ ပျံ့နှံ့သွားပြီလည်း ဖြစ်ပါတယ်။

တောင်အာဖရိကမှာ စတင်တွေ့ရှိရတဲ့ ကိုဗစ်ပိုးမူကွဲ ဆိုရင်လည်း ယူကေအပါအဝင် အခြား နိုင်ငံ ၂၀ လောက်အထိ ရောက်ရှိ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ဘရာဇီးမှာ တွေ့ရှိရတဲ့ ကိုဗစ်ပိုးမူကွဲကတော့ ဘယ်နှစ်နိုင်ငံ အထိ ပျံနှံ့ရောက်ရှိပြီးပြီလဲဆိုတာ မသိရသေးပေမယ့် ယူကေနိုင်ငံမှာ ရောက်ရှိ ပျံ့နှံ့နေပြီးသား ဖြစ်နိုင်တယ်လို့ ယူကေနိုင်ငံက ပညာရှင်တွေက သတိပေးထားပါတယ်။

အမှန်တကယ်ဆိုရင် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ပြန့်ပွားတဲ့ အချိန်က အဲဒီပိုးရဲ့ မျိုးဗီဇနဲ့ တထပ်တည်း မတူဘဲ ကွဲပြားလာတဲ့ ပိုးမူကွဲတွေ တထောင်လောက်အထိ ရှိနိုင်ပြီး ရောဂါပိုးတွေက ဒီလို ဖြစ်တတ်တာ သဘာဝပဲလို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို မျိုးဗီဇ ကွဲပြားလာတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်တွေ အများစုဟာ သူတို့ရဲ့ လူတွေ အပေါ်သက်ရောက်မှုက အများကြီး မကွဲပြားဘူးလို့တော့ ဆိုပါတယ်။

တချို့မူကွဲ ပိုးအမျိုးအစားတွေဆိုရင် ဆက်လက် ပြန့်ပွား အသက်ရှင်နိုင်စွမ်း နည်းသွားတဲ့ အနေအထားတောင် တွေ့ရတယ်လို့လည်း ပညာရှင်တွေက ပြောကြပါတယ်။

ဒါပေမယ့် တဖက်မှာလည်း ဒီလို ကွဲပြားလာတဲ့ ပိုးအမျိုးအစားတွေထဲမှာ လူတွေကို ပိုပြီး ထိခိုက်စေတာ ဒါမှမဟုတ် ကူးစက်မှု ပိုမြန်စေတာ အစရှိတဲ့ လူတွေအတွက် အန္တရာယ်ရှိတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ ပိုးအမျိုးအစားတွေ ရှိနေတဲ့အတွက် ဆက်လက် လေ့လာ သုတေသန လုပ်နေဖို့ လိုအပ်တာ ဖြစ်ပါတယ်။

လက်ရှိတွေ့သလောက် ကိုဗစ်ပိုးမျိုးကွဲတွေက ဘယ်လောက် စိုးရိမ်ရသလဲ

လက်ရှိ အဓိက သိသာတဲ့ ကိုဗစ်ပိုးမူကွဲတွေအဖြစ် တွေ့ရှိရတဲ့ ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးက ပိုးတွေဟာ ကူးစက်နှုန်းမြန်တာ ဒါမှမဟုတ် ကူးမိသွားဖို့ ပိုလွယ်တာမျိုး ဖြစ်စေတဲ့ မူကွဲတွေဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သံသယရှိနေကြပါတယ်။

အဲဒီ ပိုးသုံးမျိုးစလုံးမှာရှိတဲ့ လူရဲ့ ဆဲလ်တွေကို တွယ်ကပ်နိုင်တဲ့ ဆူးချွန် ပုံသဏ္ဍန် ပရိုတင်းတွေ ပုံစံပြောင်းလဲနေတာကို အဓိကတွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲမှုကြောင့်ပဲ တဆင့် ကူးစက်နိုင်စွမ်းနဲ့ စတင် ကူးစက်မိဖို့ ပိုမိုလွယ်ကူသွားတာမျိုး ဖြစ်စေတယ်လို့လည်း ပညာရှင်တွေက ပြောကြပါတယ်။

ယူကေနိုင်ငံက ခန့်တ် ဒေသမှာ တွေ့ရှိရတဲ့အတွက် ခန့်တ် ကိုဗစ်ပိုးမူကွဲဟာ ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာလ ကတည်းက ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အစပိုင်းက ၇၀ ရာခိုင်နှုန်းလောက်အထိ ပိုမိုကူးစက်နှုန်းမြန်တဲ့ ပိုးအမျိုးအစားလို့ ယူဆထားခဲ့ကြပါတယ်။

ဒါပေမယ့် လတ်တလော အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနရဲ့ လေ့လာချက်အရ ဒီပိုးမူကွဲရဲ့ ကူးစက်နှုန်း မြန်ဆန်မှုက မူလကိုဗစ်ပိုးထက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိပဲ မြန်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အများပြည်သူ သွားလာရေး ကန့်သတ်မှုနဲ့ လုပ်ငန်း ဖွင့်လှစ်မှုတွေ တင်းကြပ်ခဲ့တဲ့ လော့ဒေါင်း ကြေညာမှုဟာ အဲဒီ ခန့်တ် ကိုဗစ်ပိုးမူကွဲကြောင့် ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တွေ့ရှိထားတဲ့ ကိုဗစ်ပိုးမူကွဲမှာ ဆိုရင်တော့ ယူကေမှာ တွေ့ရတဲ့ ကိုဗစ်ပိုးမူကွဲထက် ပိုပြီး သိသာတဲ့ ဆူးချွန် ပုံစံပြောင်းလဲမှုကို တွေ့ရပါတယ်။

အဲဒီ တောင်အာဖရိက ကိုဗစ်မူကွဲရဲ့ အဓိက စိုးရိမ်စရာ ကိစ္စကတော့ ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းကိုပါ သက်ရောက်နိုင်တဲ့ ဗိုင်းရပ်စ် ဆူးချွန် ပရိုတင်း ပြောင်းလဲမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စတင်တွေ့ရှိထားတာ ဖြစ်တဲ့ ဘရာဇီး ကိုဗစ်မူကွဲရဲ့ ဗိုင်းရပ်စ် ဆူးချွန်ပရိုတင်း ပြောင်းလဲမှုမှာဆိုရင် မူလကိုဗစ်ပိုးထက် သုံးနေရာမှာ ပြောင်းလဲမှုရှိပြီး တောင်အာဖရိက ကိုဗစ်မူကွဲရဲ့ ပြောင်းလဲပုံနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေ အလုပ်ဖြစ်ပါတော့မလား

လက်ရှိ လက်တွေ့ အသုံးပြုဖို့ အတည်ပြုပြီးဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ အဲဒီ ကိုဗစ်ပိုးမူကွဲတွေကို ကာကွယ်ရာမှာလည်း ထိရောက်နိုင်သေးတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပြီး ထိရောက်နိုင်စွမ်းကတော့ နည်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထိရောက်နိုင်စွမ်းကို ဓာတ်ခွဲခန်း သုတေသနတွေလည်း ပြုလုပ်နေကြပါတယ်။

ယူကေမှာ ပထမဆုံး လက်တွေ့ ထိုးနှံဖို့ အတည်ပြုပေးခံရတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်သူ ဖိုင်ဇာ ကုမ္ပဏီဆိုရင် သူတို့ရဲ့ ဆေးကလည်း ကိုဗစ်ပိုး မူကွဲတွေအတွက် ထိရောက်နိုင်ပြီး မူကွဲတွေအတွက် နောက်ထပ် ကာကွယ်ဆေးထပ်ထုတ်ဖို့က ခြောက်လ အချိန်ပေးရုံနဲ့ ရတယ်လို့ ပြောဆိုထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အလုပ်လုပ်ပုံကလည်း အဲဒီ ပရိုတင်း ဆူးချွန် နေရာတွေကိုပဲ လူ့ခန္ဓာကိုယ်က တိုက်ခိုက်စေတာ မဟုတ်ဘူးလို့လည်း သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။

နောက်ထပ်လည်း ပိုပြီး ကွဲပြားလာတဲ့ ကိုဗစ်ပိုးမူကွဲ အသစ်တွေ ထွက်လာနိုင်တယ် ဆိုပေမယ့် တဖက်မှာလည်း ရှိနေပြီးသား ကာကွယ်ဆေးတွေက လပိုင်းကနေ ရက်သတ္တပတ်ပိုင်းလောက် အထိပဲ အချိန်ယူပြီး ပုံစံပြောင်းပေးခြင်းအားဖြင့် ကာကွယ်ဆေးထိရောက်မှုကို တိုးမြှင့်နိုင်တယ်လို့ ဆိုပါတယ်။

လက်တွေ့မှာဆိုရင်လည်း နှစ်စဉ် ရာသီတုပ်ကွေး အဖျားရောဂါအတွက် ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေကို ထုတ်လုပ်ရာမှာ ပြောင်းသွားနိုင်တဲ့ ရောဂါပိုးအနေအထားကိုလိုက်ပြီး ပုံစံ အနည်းငယ်ပြောင်းထားတဲ့ ကာကွယ်ဆေးတွေကို နှစ်စဉ် ထုတ်လုပ်ပြီး ထိုးပေးနေရတာ ဖြစ်ပါတယ်။

ကိုဗစ်ပိုးမျိုးကွဲတွေကို ကာကွယ်ဖို့ ဘာတွေ လုပ်ဆောင်နေလဲ

လက်ရှိ တွေ့ရသလောက် ကိုဗစ်ပိုး မူကွဲတွေက လူတွေကို ပိုပြီး ရောဂါပြင်းထန်စေနိုင်တယ် ဆိုတဲ့ သက်သေ သာဓကတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ကို စက္ကန့် ၂၀ ကြာအောင် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ဆေးတာ၊ ပိုးသတ်ဂျယ် အဆီနဲ့ လိမ်းတာ၊ လူလူချင်း ခပ်ခွာခွာနေတာနဲ့ နှာခေါင်းစည်း တပ်တာ အစရှိတဲ့ လက်ရှိ ရောဂါပိုး ကာကွယ်တဲ့ နည်းလမ်းတွေကလည်း အဲဒီ ကိုဗစ်ပိုး မူကွဲသစ်တွေ မကူးမိအောင် ကာကွယ်ပေးနေဦးမှာပဲ ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ တွေ့ထားတဲ့ ပိုးမူကွဲအသစ်တွေက ကူးနိုင်စွမ်း ပိုများတဲ့အတွက် အဲဒီ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ကြဖို့တော့ လိုမယ်လို့ ဆိုပါတယ်။

လက်ရှိတွေ့ထားတဲ့ ကိုဗစ်ပိုးမူကွဲသစ်တွေနဲ့ နောက်ထပ်တွေ့လာနိုင်တဲ့ ပိုးသစ်တွေကို အနီးကပ် လေ့လာဖို့ သိပ္ပံပညာရှင်တွေက ဆက်လက် လုပ်ဆောင်နေကြပြီး ကင်ညာနိုင်ငံက ကင်ညာ ဆေးပညာ သုတေသန ဌာန Kenya Medical Research Institute ဆိုရင် လက်ရှိ ယူကေနဲ့ တောင်အာဖရိကတို့မှာ တွေ့ထားတဲ့ ကိုဗစ်ပိုးမူကွဲနဲ့ မတူတဲ့ ပိုးမူကွဲ နောက်တမျိုးကို သုတေသနလုပ်နေတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံက ကိုဗစ်ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်ရေးဆိုင်ရာ ဝန်ကြီး နက်ဒင်း ဇာဟာဝီ ဆိုရင်လည်း နောက်ထပ် ကာကွယ်ဆေး အမျိုးအစားသစ်တွေ ထုတ်လုပ် ဖြန့်ချိ အသုံးပြုနိုင်ဖို့ အစီအစဉ်တွေကို အခုတကတည်းက စပြီး လုပ်နေပြီလို့လည်း ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55691192

ကိုဗစ်ကာကွယ်ဆေး - ဖိုင်ဇာ ကာကွယ်ဆေး ပို့တာ နောက်ကျလို့ ဥရောပနိုင်ငံတွေ အမျက်ထွက်

ဖိုင်ဇာ-ဘိုင်အွန်တက် ဆေးထိုးပေးဖို့ ပြင်သစ်က သူနာပြုတစ်ဦး

အမေရိကန် ဆေးကုမ္ပဏီက ထုတ်လုပ်ဖြန့်ဖြူးမှု နှေးကွေးသွားပြီးနောက် ဥရောပနိုင်ငံ အတော်များများ မှာထားတဲ့ ဖိုင်ဇာ ကာကွယ်ဆေးတွေ မျှော်လင့်ထားတာထက် အများကြီး လျော့ပြီးရခဲ့ပါတယ်။

အဲဒီအခြေအနေကို "လက်မခံနိုင်ဖွယ်ရာ " ဖြစ်တယ် လို့ပြောပြီး အဲဒါဟာ "ကာကွယ်ဆေးထိုးလုပ်ငန်းအပေါ် ယုံကြည်မှု လျော့ကျစေတယ် "လို့ နိုင်ငံခြောက်နိုင်ငံက သတိပေးလိုက်ပါတယ်။

ဖိုင်ဇာ-ဘိုင်အွန်တက် ဆေး ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဖိအားပေးဖို့ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယား နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။

ဆေးလျှော့ဖြန့်ဖြူးတာဟာ ယာယီပဲ ဖြစ်တယ်လို့ ဖိုင်ဇာဘက်ကတော့ ပြောပါတယ်။

ဆေးထုတ်လုပ်မှု မြှင့်တင်နိုင်အောင် အပြောင်းအလဲတွေ လုပ်နေတဲ့အတွက် ပို့ဆောင်ရေးအပိုင်းကို ထိခိုက်ခဲ့တာလို့ ဆေးထုတ်လုပ်ရေးဘက်က သောကြာနေ့မှာ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

"ဇန်နဝါရီ နောက်ပိုင်းနဲ့ ဖေဖော်ဝါရီ အစပိုင်းတွေမှာ ဆေးပို့ဆောင်ရေး ယာယီ ထိခိုက်မှာ ဖြစ်ပေမဲ့ ဖေဖော်ဝါရီ အကုန်ပိုင်းနဲ့ မတ်လမှာ ဆေးထိုးမယ့်သူတွေအတွက် ဆေးတွေ သိသိသာသာ တိုးပြီး ရလာစေမှာ ဖြစ်တယ်"လို့ ဖိုင်ဇာက ပြောပါတယ်။

နိုင်ငံအလိုက် လူ ၁၀၀ မှာ ကာကွယ်ဆေး အများဆုံးနှုန်းနဲ့ ရတဲ့ နိုင်ငံတွေ

အဲဒီလို ဆေးထုတ်လုပ်ရေး အဆင့်မြှင့်တင်မှုဟာ ယူကေကို ဆေးပို့ဆောင်ရာမှာလည်း ကာလတို ထိခိုက်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။

အဲဒီလို အခြေအနေ ရှိပေမဲ့ ယူကေ အစိုးရကတော့ ဖေဖော်ဝါရီ လလယ်မှာ ဦးစားပေး အုပ်စုအားလုံးက လူ ၁၅ သန်း ကာကွယ်ဆေးထိုးမယ့် အစီအစဥ်ကို မီအောင်ဆက်လုပ်မယ်လို့ ပြောပါတယ်။

ယူကေ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဥ်မှာ ဖိုင်ဇာဆေးတစ်မျိုးကိုပဲ မှာယူထားတာ မဟုတ်ဘဲ အောက်စဖို့ဒ်-အက်စထရာ ဇန်နကာဆေးကိုလည်း လက်ရှိမှာ ထည့်သွင်းထားပါတယ်။

အီးယူကလည်း ဖိုင်ဇာ တစ်မျိုးတည်းကိုတော့ အားထား ထိုးနှံနေတာတော့ မဟုတ်ပါဘူး။ အမေရိကန်ထုတ် မက်ဒါးနားဆေးကိုလည်း အသုံးပြုဖို့ အတည်ပြုထားပါတယ်။ ဒါပေမဲ့ ဒီလို နောက်ကျမှုကြောင့် ကာကွယ်ဆေးထိုးတဲ့ အရှိန်အဟုန် နှောင့်နှေးသွားဖွယ် ရှိပါတယ်။

အခုအခါမှာ ဖေဖော်ဝါရီလလယ်မှာ ရမယ်လို့ ကတိပေးထားတဲ့ ဖိုင်ဇာဆေးရဲ့ တစ်ဝက်ပဲ ရဖွယ်ရှိတယ်လို့ လစ်သူယေးနီးယားနိုင်ငံက ပြောပါတယ်။

ကိုဗစ်တခါကူးပြီးရင် ကိုယ်ခံအားက ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲ

ဘယ်လ်ဂျီယံကလည်း ဇန်နဝါရီမှာ ရမယ် ဆေးရဲ့ တစ်ဝက်လောက်ပဲ ရဖွယ် ရှိတယ်လို့ ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ ဖိုင်ဇာ ဆေးစက်ရုံကနေ မှာထားတဲ့ ကနေဒါနိုင်ငံမှာလည်း ထိခိုက်မှုတွေ ရှိမှာ ဖြစ်ပါတယ်။

ဖိုင်ဇာက ဆေးတွေ လျှော့ရဖို့ ရှိတဲ့ နော်ဝေနိုင်ငံကတော့ အရေးပေါ် သိုလှောင်ထားတဲ့ ဆေးတွေကို အစားထိုး သုံးနိုင်မယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ ပမာဏအကြီးဆုံး ကာကွယ်ဆေးထိုး လုပ်ငန်းကို အိန္ဒိယနိုင်ငံက စနေနေ့မှာ စတင်ခဲ့ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေး စတင်ထိုးနှံမှာ ဖြစ်ပြီး လူ ၁.၃ ဘီလျံရှိတဲ့နိုင်ငံအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လုပ်ငန်းတွေ စတင်နေပါပြီ။

အဲဒီကာကွယ်ဆေးထိုးအစီအစဥ်မှာ ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ အောက်စဖို့ဒ်-ဇန်နကာဆေးကို အိန္ဒိယမှာ ကိုဗစ်ရှီးအမည်နဲ့ ထုတ်တဲ့ဆေးနဲ့ ကိုဗက်ဆင်းတို့ကို အသုံးပြုမှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55691233

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ