အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေသူတွေကို အထောက်အပံ့ပေးဖို့ ဒေါ်လာ ၉၀၀ ဘီလီယံ အသုံးစရိတ်နဲ့ အစိုးရလုပ်ငန်းတွေ စက်တင်ဘာလအထိ လည်ပါတ်နိုင်နိုင်ရေးအသုံးစရိတ် ၁.၄ trillion ပါဝင်တဲ့ စုစုပေါင်း အစိုးရ အသုံးစရိတ် ၂.၃ ထရီလီယံကို သမ္မတ Donald Trump တနင်္ဂနွေနေ့က လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်။
သမ္မတ အတည်ပြုလိုက်တာမို့ အသုံးစရိတ်ပြတ်ပြီး အစိုးရလုပ်ငန်းတွေ လည်ပတ်မှု အင်္ဂါနေ့ကစပြီး ယာယီရပ်ဆိုင်းရမယ့် အခြေအနေကို ရှောင်ရှားလိုက်နိုင်ပါတယ်။ အထက်နဲ့ အောက်လွှတ်တော်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုထားတဲ့ အသုံးစရိတ်မူကြမ်းဟာ ရှက်စရာကြီးဖြစ်တယ်လို့ သမ္မတက အရင်ကပြောပြီး လက်မှတ်ထိုးဖို့ ငြင်းဆန်နေခဲ့တာပါ။ ပြည်သူတဦးစီအတွက်ပေးမယ့် ထောက်ပံ့ငွေ ဒေါ်လာ ၆၀၀ ဟာ သိပ်နည်းတဲ့အတွက် ဒေါ်လာ ၂,၀၀၀ အထိ တိုးပေးဖို့ သမ္မတက လွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ Republican နဲ့ Democrat လွှတ်တော်အမတ်တွေကြား အကြိတ်အနယ်ဆွေးနွေး သဘောတူပြီး လွှတ်တော် ၂ ရပ်လုံးက ထောက်ခံထားတဲ့ အသုံးစရိတ်မူကြမ်းကို သမ္မတ လက်မှတ်ထိုး အတည်ပြု ပြဌာန်းဖို့ ပါတီ ၂ ခုလုံးရဲ့ ခေါင်းဆောင်တွေက သမ္မတကို တိုက်တွန်းခဲ့ကြပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ အလုပ်လက်မဲ့ဖြစ်သူတွေအတွက် ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေးပေးတဲ့အစီအစဉ် တနင်္ဂနွေနေ့ အစောပိုင်း အဆုံးသတ်ခဲ့သလို၊ အိမ်လခမပေးနိုင်သူတွေကို အိမ်ရှင်က နှင်မချအောင် အကာအကွယ်ပေးမှုကလည်း ဒီဇင်ဘာ ၃၁ ရက်မှာ အဆုံးသတ်တော့မှာပါ။
သမ္မတက အသုံးစရိတ်ကို လက်မှတ်ထိုးပေးလိုက်တဲ့အတွက် အလုပ်လက်မဲ့ ထောက်ပံ့ကြေးအပေါ် မှီတည်နေရသူ အမေရိကန် ၁၄ သန်းအတွက် သတင်းကောင်းဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က တနင်္ဂနွေနေ့ နှောင်းပိုင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလို့မသင့်တဲ့ အခြေအနေမျိုးမှာ ဒီအခြေအနေကို သမ္မတက ရှောင်ရှားလိုက်တဲ့အပေါ် အထက်လွှတ်တော်လူများစုခေါင်းဆောင် Mitch McConnell ကသမ္မတကို ချီးကျူးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment