အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်က သဘောတူ အတည်ပြုထားတဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေမူကြမ်းကို ဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်ပါတယ်။
ဒီဥပဒေမူကြမ်းက တရုတ်နဲ့ ရုရှားတို့အတွက် လက်ဆောင်ဖြစ်နေတယ်လို့ လည်း သူက ပြောပါတယ်။
အမျိုးသား ကာကွယ်ရေး အခွင့်အာဏာပေးအပ်ရေး ဥပဒေ (NDAA)အရ အမေရိကန် ဒေါ်လာဘီလီယံ ၇၄၀ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ခွင့်ပြုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီအထဲ အမေရိကန် စစ်မှုထမ်းတွေအတွက် လစာငွေ ၃ ရာခိုင်နှုန်း တိုးမြှင့်ပေးမယ့်အချက်လည်းပါဝင်ပါတယ်။
ဒီဥပဒေမူကြမ်းကို သမ္မတက ပယ်ချတာဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထိခိုက်နစ်နာအောင် လုပ်တဲ့လုပ်ရပ်လို့ အောက်လွှတ်တော် ဥက္ကဌNancy Pelosiက ပြောပါတယ်။
အဲဒီ ဥပဒေ မူကြမ်းမှာ ပုဒ်မ ၂၃၀ ကို မပယ်ဖျက်ဘူးဆိုရင် လက်မှတ်မထိုးဘဲ ပယ်ချမယ်လို့ သမ္မတ ထရမ့်က အရင်ကတည်းက ခြိမ်းခြောက်ထားတာပါ။ ၁၉၉၆ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေမှာပါရှိတဲ့ အဲဒီ ဥပဒေပုဒ်မ ၂၃၀က ဆိုရှယ် မီဒီယာ ကုမ္ပဏီတွေကို တရားစွဲမခံရအောင် အကာအကွယ်ပေးထားတဲ့ ပြဌာန်းချက်တစ်ခု ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ ရစ်ပတ်ဘလင်ကန်ပါတီက ဆီးနိတ် အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnellအပါအဝင် ရစ်ပတ်ဘလင်ကန် အမတ်တော်တော်များများက ဒီဥပဒေကို လက်မှတ်ရေးထိုးပေးဖို့ သမ္မတကို တိုက်တွန်းပြောဆိုနေခဲ့တာပါ။
ဒီဥပဒေကို ဗီတိုအာဏာကို ကျော်လွှားပယ်ဖျက်နိုင်တဲ့ အမတ်အများစုက ထောက်ခံ အတည်ပြထားတာ ဖြစ်ပါတယ်။
ကွန်ဂရက် အနေနဲ့ သမ္မတ ထရမ့်ရဲ့ ဒီဗီတိုကို အများစုမဲနဲ့ ပယ်ဖျက်နိုင်ဖို့ ဇန်နဝါရီလ ၃ ရက်နေ့အထိ အချိန်ရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trump-vetoes-defense-spending-bill/5712553.html

No comments:
Post a Comment