အမေရိကန်ဆေးကုမ္ပဏီ Pfizer က ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ အရေးပေါ် အသုံးပြု၊ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် လာမယ့် သီတင်းပတ်အစောပိုင်းလောက်မှာ ကာကွယ်ဆေး စထိုးနိုင်တော့မှာ ဖြစ်ပါတယ်။
"ဆေးထွက်ပြီဆိုတာနဲ့ အခြေအနေတွေ ပိုကောင်းလာမယ်လို့ ပြောနိုင်ပါပြီ။ နောက်တပတ်ကစပြီး လုပ်ငန်းစတင်မှာပါ။ ဒီသတင်းအတွက် သိပ်ပြီး အားရကျေနပ်မိပါတယ်။ ဗြိတိန်ဟာ ကမ္ဘာမှာ ကာကွယ်ဆေး အသုံးပြုဖို့ ပထမဆုံးခွင့်ပြုတဲ့ နိုင်ငံဖြစ်တဲ့အတွက် သိပ်ကိုဂုဏ်ယူမိပါတယ်။" လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock က ဒီကနေ့ပြောပါတယ်။
Pfizer နဲ့ ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် ထုတ်လုပ်အသုံးပြုနိုင်ဖို့ ဗြိတိန်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ Pfizer ရဲ့ ကာကွယ်ဆေးတွေကို အပူချိန် အနုတ် ၇၀ ဒီဂရီ်ဆဲလ်စီယပ်စ်မှာ သိုလှောင်ရမှာဖြစ်တဲ့အတွက် ဒီဆေးအသုံးပြုမယ့်နိုင်ငံအားလုံးအတွက် သယ်ယူပို့ဆောင်ရေးမှာတော့ အခက်အခဲရှိနိုင်ပါတယ်။
Oxford တက္ကသိုလ်က စမ်းသပ်နေတဲ့ AstraZeneca ရဲ့ COVID-19 ကာကွယ်ဆေးလို အခြားဆေးတွေကတော့ Pfizer ရဲ့ ဆေးတွေလို အအေးလွန်ခန်းတွေမှာ သိုလှောင်ထားဖို့ မလိုတဲ့အတွက် သယ်ယူပို့ဆောင်ရေး လွယ်ကူစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဗြိတိန် NHS အစိုးရကျန်းမာရေး ဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကလူတွေကို ဦးစားပေးပြီးတော့ အရင်ဆုံး ထိုးပေးမှာပါ။ ဗြိတိန်နိုင်ငံက Pfizer နဲ့ BioNTech ရဲ့ကာကွယ်ဆေး အလုံးရေ သန်း၂၀ မှာ ယူထားပေမဲ့ နှစ်မကုန်ခင်ဆေးလုံးရေ ဘယ်လောက်ရောက်လာမလဲဆိုတာတော့ မသိရပါဘူး။
တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ COVID -19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ဆိုရင်တော့ ထုတ်လုပ်ခွင့်လိုင်စင်ရ ကာကွယ်ဆေးတမျိုးထက်လိုမှာဖြစ်သလို လူတိုင်းကလည်း လက်ရှိ စမ်းသပ်နေတဲ့ AstraZeneca နဲ့ Moderna ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေကို မေ ျှာ်လင့်စောင့်စားနေကြတယ်လို့ ဗြိတိန် Southampton တက္ကသိုလ် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာဌာန သုတေသနပညာရှင် Michael Head ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/vaccine-pfizer-covid-19/5684229.html

No comments:
Post a Comment