ကချင်နဲ့ မွန်ပါတီတွေကို NLD ပါတီ စတင်တွေ့ဆုံမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့မယ့်အဖွဲ့ဟာ မနက်ဖြန်ကစပြီး ကချင်နဲ့ မွန်က တိုင်းရင်းသားပါတီတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးဖို့ ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ တချို့တိုင်းရင်းသားပါတီတွေက NLD နဲ့ တွေ့ဆုံမယ်လို့ အကြောင်းပြန်ကြပေမယ့် အကြောင်းမပြန်တဲ့ ပါတီတွေလည်းရှိနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက အစိုးရသစ်မဖွဲ့စည်းခင် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှု တွေကို မနက်ဖြန် စတင်မယ်လို့ ဒီနေ့ ပြည်တော်မှာ ပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာပါ။

တိုင်းရင်းသားပါတီတွေနဲ့တွေ့မယ့် ကိုယ်စားလှယ်သုံးဦးက တိုင်းရင်းသားပါတီတွေဘက်က လိုလားတဲ့ တောင်းဆိုတဲ့ အချက်တွေကို ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်လည်တင်ပြရမှာ ဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"ကချင်ကိုသွားတွေ့မယ်ဆိုတာ၊ ကျွန်တော်တို့ ကချင်ပြည်နယ်က အားကောင်းတယ်လေ၊ ကူညီပေးတဲ့ အဖွဲ့တွေကလည်း အားကောင်းတဲ့အခါကျတော့ ကချင်ကို အရင်သွားတာ၊ ရောက်တာတော့ ကျန်တဲ့ နေရာတွေ အကုန်ရောက်မှာပါ၊ ပြည်နယ် ဒေသခံတွေက သူတို့ဆီမှာရှိတဲ့ တိုင်းရင်းသားပါတီတွေ အကြောင်း သူတို့ပဲ ကောင်းကောင်းသိမှာပေါ့၊ ပြီးတဲ့အခါ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့မှာပေါ့၊ အဲဒါတွေကို မူတည်ပြီးမှ ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေ သုံးသပ်ပြီးတော့မှ ဒေသခံ တိုင်းရင်းသားပါတီတွေနဲ့ စကားပြောကြမှာပါ၊ ရှေ့ပြေးအဖွဲ့အနေနဲ့ လွှတ်လိုက်တာပါ၊ ဒီအပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က စဉ်းစားကြမှာပါ"

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန်တို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ တာဝန်ပေးထားတဲ့ သုံးဦးဟာ မနက်ဖြန် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကချင်ပြည်နယ်ကို သွားမှာဖြစ်ပြီး ကချင်ခရီးစဉ် ပြီးတဲ့နောက် မွန်ပြည်နယ်ကို ဆက်သွားမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်ပြည့်သူပါတီ KSPP နဲ့ မွန်ညီညွတ်ရေးပါတီ MUP တို့ကတော့ NLD ပါတီက သူတို့နဲ့ တွေ့ဆုံမယ့်ရက်ကို အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယီတမ က NLD ပါတီနဲ့တွေ့ရင် ဆွေးနွေးမယ့် အကြောင်းအရာတွေ ပြင်ဆင်ထားတာတွေ ရှိပေမယ့် လောလောဆယ် ထုတ်မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

"တွေ့မှပဲ သေချာပြောနိုင်မယ်လေ၊ ကျနော်တို့ဘက်က ဆွေးနွေးဖို့ ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်၊ သို့သော်အဲဒါကို တွေ့ဆုံပြီးခါမှ သူတို့က ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြတဲ့အခါမှပဲ အသေးစိတ် ပြောနိုင်မယ်လေ၊ လောလောဆယ်က ဘာဆွေးနွေးမလည်းဆိုတာ သူတို့ဘက်က ကျနော်တို့ အရင်နားထောင်ဖို့ လိုသေးတယ်လေ"

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က NLD ပါတီဘက်က ဒီရက်ပိုင်းအတွင်း တွေ့ဖို့ တရားဝင် အကြောင်းကြားတာ မရှိသေးပေမယ့် KSPP ကတော့ NLD ပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ KSPP နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကရင်၊ မွန်၊ ချင်း၊ ကယား၊ ၀ စတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ပင်လုံစာချုပ်အတိုင်း လက်တွေ့အကောင်အထည်ဖော်ရေးကို အဓိကထားပြီး‌ဆွေးနွေးမယ်လို့ ကချင်ပြည်နယ်ပြည့်သူပါတီ KSPP ပြောရေးဆိုခွင့်ရှိသူ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။

"ကျနော်တို့ ကချင်ပြည်နယ်ပြည့်သူပါတီအနေနဲ့ ၁၉၄၇ ပင်လုံစာချုပ်အပေါ်မှာဘဲ နောင်အနာဂတ်မှာ လုပ်သွားမယ်ကိစ္စကို ဆွေးနွေးသွားမယ်၊ လက်တွေ့ အကောင်ထည်ဖော်ဖို့ပဲ လိုပါတယ်၊ စကားနဲ့ပြောတာ၊ စာနဲ့ပြောတာထက် လက်တွေ့အကောင်ထည်ဖော်ဖို့ပဲ လိုတယ်ဆိုတာကို ပြောလိုပါတယ်"

ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီ နဲ့ ၀ အမျိုးသားပါတီတို့က မဟာမိတ်ဖွဲ့ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထား ဆောင်ရွက်မှာဖြစ်ပြီး တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၄၈ ပါတီကို အကြောင်းကြားခဲ့ပါတယ်။

ဒီလို တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ရာမှာ ပါတီ ၁၂ ခုက အကြောင်းပြန်ခဲ့ပေမယ့် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွှတ်ရေးပါတီ စတဲ့ပါတီတွေကတော့ အကြောင်းပြန်ကြားတာမရှိခဲ့ပါဘူး။

ရခိုင်အမျိုးသားပါတီကတော့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ဖွဲ့စည်းထားတဲ့ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ဆန္ဒရှိတယ်လို့ ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဖေသန်းကပြောပါတယ်။

"တိုင်းရင်းသားပါတီတွေ အနေနဲ့ကတော့ ကိုယ်ပြည်နယ်ထဲမှာဘဲ ပြည်နယ်အစိုးရမှာ ပါဝင်ခွင့်၊ ဖြစ်နိုင်ရင် ပြည်နယ်အကြီးကဲရပိုင်ခွင့်၊ ကိုယ်လွှတ်တော်ကို ထိန်းချုပ်ပိုင်ခွင့်၊ အဲဒါမျိုးကိုဘဲ ကျနော်တို့က လိုချင်ဆန္ဒ ရှိပါတယ်၊ ကိုယ်ပြည်နယ်ကံကြမ္မာကို စီမံခန့်ခွဲချင်တဲ့ ဆန္ဒတွေရှိတယ်၊ ဗဟိုအစိုးရရဲ့အောက်မှာ ညွှန်ကြားတိုင်းကို လိုက်လုပ်နေတဲ့ ပြည်နယ်အစိုးရမျိုး မဖြစ်စေချင်ဘူး၊ ဒါကြောင့် ကျနော်တို့က ကိုယ်ပြည်နယ်ကို ရည်ရွယ်တယ်"

ပြည်ထောင်စုအဆင့်မှာ ဝန်ကြီးနေရာပေးတာ၊ လွှတ်တော်မှာ နေရာပေးတာတွေဟာ တိုင်းရင်းသားပါတီတွေ အတွက် အရေးမကြီးဘူးလို့လည်း ဦးဖေသန်းက ပြောပါတယ်။ ပြီးခဲ့တဲ့၂၀၁၅ မှာလည်း ရခိုင်ပါတီက ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် NLD ဘက်က မလိုက်လျောတာကြောင့် ရခိုင်အမျိုးသားပါတီက အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပါတယ်။ လာမယ့် အစိုးရသက်တမ်းမှာလည်း NLD ပါတီနဲ့ ညှိနှိုင်းသွားမယ်လို့ ဦးဖေသန်းက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း NLD ဘက်က တရားဝင်ဖိတ်လာရင် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

"ဖိတ်စာရောက်လာရင်တော့ တွေ့မှာပါဘဲ၊ ဘယ်လိုမှ မှတ်ချက်ပေးလို့မရသေးဘူး၊ ကျနော်တို့ဘက်ကတော့ တကယ်လို့ ဖိတ်ကြားလာမယ်ဆိုရင်တော့ ပြန်ဆွေးနွေးဖို့ တာဝန်ပေးထားတဲ့သူတွေရှိပါတယ်၊ ထွေထွေထူးထူး ပြင်ဆင်ထားတာမရှိဘဲ အထူးသဖြင့် နိုင်ငံရေးသဘောတူညီချက်ရအောင် အဲဒီ အပိုင်းတွေတော့ ရှိမယ်"

SNLD ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင် ပြောသွားတာပါ။

NLD ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့တဲ့အခါ ပြည်နယ်အစိုးရဦးဆောင်ပိုင်ခွင့်၊ ပြည်နယ်လွှတ်တော် ဦးဆောင်ခွင့်တွေကိစ္စ ဆွေးနွေးဖို့ရှိမလားလို့ မေးမြန်းရာမှာတော့ လောလောဆယ်မရှိသေးဘူးလို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသားပါတီတွေနဲ့ NLD ဆက်ဆံရေး အလှမ်းဝေးသွားတယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး NLD ပါတီရဲ့ အခုလိုလုပ်ဆောင်ချက်တွေက ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်ပြီး ကောင်းမွန်တဲ့ရလဒ် ထွက်စေချင်တယ်လို့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုက ဦးမြအေးက တိုက်တွန်းပါတယ်။

"တိုင်းရင်းသားပါတီတွေကို သွားတွေ့မယ်၊ တွေ့ပြီးသဘောထားတွေ ကောက်ခံမယ်၊ တိုင်းရင်းသားတွေရဲ့ အသံတွေကို နားထောင်မယ် ဆိုတာကတော့ အခြေခံအားဖြင့်တော့ ကောင်းမွန်တဲ့ ပထမခြေလှမ်းလို့ ကျနော်မြင်တယ်၊ ပါတီတစ်ခုရဲ့သူကိုပေးလိုက်တဲ့ သူရဲ့တာဝန်ကိုလုပ်ပြီး ပါတီ CEC တင်ရမယ်ဆိုတာက ဒါကတော့ သူအလုပ်ဘဲလေ၊ သို့သော်လည်း ကျနော်တို့က ရလဒ်တစ်ခု ထွက်စေချင်တယ်၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေ ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ပြုလုပ်နိုင်တဲ့ အခြေအနေတစ်ခုကို NLD အစိုးရအနေနဲ့ ဖန်တီးပေးနိုင်ရင်တော့ အကောင်းဆုံးလို့မြင်တယ်၊ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း ဆွေးနွေးသွားရမယ်လို့ မြင်ပါတယ်"

တိုင်းရင်းသားပါတီတွေနဲ့ NLD ဟာ စစ်အစိုးရလက်ထက် တစ်လျှောက်လုံး အတူတကွ လက်တွဲလာခဲ့တဲ့ မဟာမိတ်တွေဖြစ်ပြီး NLD အစိုးရလက်ထက် ရောက်မှသာ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NLD အကြား သဘောထား ကွဲလွဲလာတာ၊ ဆက်ဆံရေးတွေ ဝေးသွားတာကြောင့် NLD အနေနဲ့ ပြန်လည်ကုစားဖို့ လိုတယ်လို့ ဦးမြအေးက အကြံပြုပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒသဘောထားတွေကို နားထောင်ရုံသက်သက် မဟုတ်ဘဲ ဆွေးနွေးဆုံးဖြတ်နိုင်မှသာ ထိရောက်မယ်လို့ ထောက်ပြပါတယ်။

"တိုင်းရင်းသားပါတီတွေ ဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားတွေ အသံနားထောင်ရုံ သက်သက်ဆိုရင်တော့ ထင်သလောက် အလုပ် မဖြစ်နိုင်ဘူးလို့ ကျနော်မြင်တယ်၊ တိုင်းရင်းသားပါတီတွေအနေနဲ့ အပြန်အလှန် ဆွေးနွေးတဲ့သဘောမျိုးကို ပိုပြီးတော့ လိုလားမယ်၊ နောက်ပြီးတော့ အာဏာရပါတီ ကိုယ်စားလှယ်တွေကလည်း တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ အပြန်အလှန်ဆွေးနွေးနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုအပ်သလို တိုင်းရင်းသား ပါတီတွေ ဘက်က မေးမြန်းတဲ့မေးခွန်းတွေ တင်ပြချက်တွေကို အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်ပြီးတော့ ဆွေးနွေးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်သင့်တယ်၊ အဲဒါမှာသာ ၂၀၂၁ အစိုးရဖွဲ့စည်းတဲ့ကိစ္စ မတိုင်ခင်မှာ အာဏာရပါတီနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ ထိရောက်အလုပ်ဖြစ်မယ်လို့မြင်တယ်"

NLD ပါတီရဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ ကြေညာချက်ကို တိုင်းရင်းသားပါတီတွေ ဘက်ကတော့ သတိနဲ့ ကြိုဆိုခဲ့ကြပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိရေးကို NLD ဘက်က ယေဘုယျ သဘောထုတ်ပြန်တာ မဟုတ်ဘဲ အမှန်တကယ်လက်တွေ့ ဖြစ်မြောက်အောင် အကောင်အထည် ဖော်စေချင်တဲ့ သဘောထားတွေ ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nld-meets-with-kachin-mon-parties-12292020053923.html

ကချင်နဲ့ မွန်ပါတီတွေကို NLD ပါတီ စတင်တွေ့ဆုံမည် ကချင်နဲ့ မွန်ပါတီတွေကို NLD ပါတီ စတင်တွေ့ဆုံမည် Reviewed by THITHTOOLWIN on 00:14 Rating: 5

No comments:

Powered by Blogger.