မင်းကင်းမြို့ NLDဥပဒေအထောက်အကူပြုကော်မတီဥက္ကဌ ဖမ်းဆီးခံရ


မုံရွာ၊ဒီဇင်ဘာ-၃

မင်းကင်းမြို့ အမျိုးသားဒီမိုကရေစီအဖွ့ချုပ်ပါတီ(NLD) ဥက္ကဌ ကိုကျော်မင်းထွဋ် အား နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အများပြည်သူထိတ်လန့်စေမှု​ပုဒ်မ ၅၀၅(ခ)ဖြင့် ယနေ့နံနက်က ဖမ်းဆီးလိုက်ကြောင်း မြို့နယ်ထွေအုပ်က အတည်ပြုသည်။

ကိုကျော်မင်းထွဋ်၏ ဖေ့စ်ဘွခ်စာမျက်နှာပေါ် ရေးသားချက်များသည် အများပြည်သူအားထိတ်လန့်စေကြောင်း မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ၊တိုင်းဒေသကြီးလွှတ်တော်အမတ်ဒေါက်တာဆန်းဝင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

မြို့နယ်မှ ဥပဒေအကြံပြုထံသဘောထားတောင်းခံရာ ၅၀၅ (ခ)ဖြင့်အမှုဖွင့်ရန်အကြောင်းပြန်သဖြင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်။

" ပြည်ခိုင်ဖြိုးဘက်က ၅၀၅ (ခ )နဲ့စွဲခံထားရတဲ့သူတွေ ရုံးထုတ်ချိန်မှာ ဝန်းရံဖို့ ပြည်ခိုင်းဖြိုးကပြည်သူ့လွှတ်တော်အမတ်ဦးမောင်မြင့်က ဖေ့စ်ဘွတ်ခ်မှာရေးတင်တယ်၊ ဒါကို ကိုကျော်မင်းထွဋ်က ကိုယ့် အိမ်မှာပဲနေဖို့ ပြန်ရေးတင်တာပါ ၊ ဘာလို့ အဲဒီအမှုနဲ့စွဲလည်းမသိဘူး " ဟု ကိုကျော်မင်းထွဋ်၏ ညီဖြစ်သူ ကိုကျော်မင်းအောင်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကာလက ပြည်ခိုင်ဖြိုးဝန်းရံသူများသည် နိုင်ငံတော်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ပုတ်ခတ်ပြောဆိုခြင်း၊ အများယုံကြည်မှုပျက်စေရန် အသံချဲ့စက်ဖွင့်ဟောပြောခြင်းတို့ကြောင့် NLD ဥပဒေအထောက်အကူပြုကော်မတီက ၅၀၅(ခ )ဖြင့် တိုင်တန်းမှုများရှိခဲ့သည်။

"အခုတော့ ရမန်ပေးထားတယ်။၁၇ ရက်နေ့ရုံးထုတ်မှာပေါ့ ။အများသူငှာထိတ်လန့်စေလို့ ပြည်ခိုင်ဖြိုးက တိုင်ထားတာပါ ။ "ဟု မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောသည်။

တိုင်တန်းခဲ့သော ပြည်ခိုင်းဖြိုးပါတီ မြို့နယ်ဥက္ကဌဒေါက်တာဆန်းဝင်းအား အသေးစိတ်မေးမြန်းရန်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရသေးပေ။

ရွေးကောက်ပွဲကာလတွင် NLD ဥပဒေအထောက်အကူပြုကော်မတီမှ ပြည်ခိုင်ဖြိုးဝန်းရံသူ ၂၂ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တိုင်တန်းမှု ၁၄ မှုရှိသည်။

၎င်းတို့ထဲမှ   ၁၈ ဦးကိုဖမ်းဆီးထားပြီး ကျန်သူများကိုဝရမ်းထုတ်ရန်ပြင်ဆင်နေသည်ဟု မြို့နယ်ထွေအုပ်ကဆိုသည်။

ပြည်ခိုင်ဖြိုးဘက်မှ NLD အပေါ်  ၅၀၅ (ခ)ဖြင့်တိုင်တန်းမှု ၁မှုရှိပြီး  လက်ရှိ ကိုကျော်မင်းထွဋ်အားဖမ်းဆီးထားသည်။

၂၀၂၀ရွေးကောက်ပွဲတွင် မင်းကင်းမြို့မဲဆန္ဒနယ်၌ NLDပါတီ အမတ်လောင်းများအားလုံးအနိုင်ရထားသည်။

မင်းကင်းမြို့နယ်သည် ရွေးကောက်ပွဲကာလ အတွင်း NLDနှင့် ပြည်ခိုင်ဖြိုးပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်သော မဲဆန္ဒနယ်တစ်ခုဖြစ်သည်။

ယင်းအပြင် စစ်ကိုင်းတိုင်း၌ ရွေးကောက်ပွဲကာလ ၅၀၅ (ခ)ဖြင့်တရားစွဲမှု၊ ရွေးကောက်ပွဲဥပဒေများဖြင့် ပါတီနှစ်ခုကြား အပြန်အလှန် တရားစွဲဆိုမှု အများဆုံး မြို့နယ်တစ်ခုလည်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်ကိုလည်း မဲဆွယ်ကာလ ဘာသာရေး လူမျိုးရေးကိုပုတ်ခတ်ဟောပြောစည်းရုံးသဖြင့်  NLD မှ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)ဖြင့် အမှုဖွင့်ထားသည်။


ကိုသစ္စာ

Monywa Gazette

https://www.facebook.com/monywagazette

မင်းကင်းမြို့ NLDဥပဒေအထောက်အကူပြုကော်မတီဥက္ကဌ ဖမ်းဆီးခံရ မင်းကင်းမြို့ NLDဥပဒေအထောက်အကူပြုကော်မတီဥက္ကဌ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.