Nashville ဗုံးကွဲမှု ဆက်စပ်ပြီး မြို့ဆင်ခြေဖုံး နေအိမ်တလုံးကို ရှာဖွေ

Nashville မြို့မှာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဆင်ခြေဖုံးရှိ ၂ ထပ်အိမ်တအိမ်ကို စုံစမ်းစစ်ဆေးနေတဲ့ ဗဟိုအစိုးရ စုံစမ်းစစ်ဆေးသူများ။ (ဒီဇင်ဘာ ၂၆၊ ၂၀၂၀)

အမေရိကန်နိုင်ငံ Nashville မြို့မှာ အိမ်လိုနေထိုင်တဲ့ ကားတစင်း ပေါက်ကွဲသွားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ဗဟိုအစိုးရ စုံစမ်းစစ်ဆေးသူတွေဟာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သဲလွန်စရရှိဖို့အတွက် အဲဒီမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ၂ ထပ်အိမ်တအိမ်ကို မနေ့က ရှာဖွေခဲ့ကြပါတယ်။ ခရစ္စမတ်နေ့ကဖြစ်ခဲ့တဲ့ အဲဒီပေါက်ကွဲမှုကြောင့် လူ ၃ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီပေါက်ကွဲသွားတဲ့ ကားနားကနေ ရရှိခဲ့တဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကိုလည်း ဖော်ထုတ်နိုင်ဖို့အတွက် ဗဟိုအစိုးရ တာဝန်ရှိသူတွေ ကြိုးပမ်းနေကြပါတယ်။

Nashville မြို့လယ်ခေါင်မှာ ရပ်ထားတဲ့ အဲဒီ အိမ်လိုနေထိုင်တဲ့ကားဟာ သောကြာနေ့ မနက်အစောပိုင်းက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကဲွမှုကြောင့် အနီးနားက ကားအတော်များများ ပျက်စီးသွားခဲ့ပြီး စီးပွားရေးလုပ်ငန်း ၄၀ ကျော်ရဲ့ ဆိုင်ခန်းတွေလည်း ပြတင်းပေါက်တွေကွဲပြီး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဒေသခံရဲတပ်ဖွဲ့နဲ့ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို တာဝန်ရှိသူတွေနဲ့ တခြား အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ Nashville မြို့နဲ့ ၁၁ မိုင်အကွာ Antioch မြို့က ၂ ထပ်အိမ်တခုက မြေအောက်ခန်းထဲကို အဓိက ဝင်ရောက်ရှာဖွေခဲ့တယ်လို့ မျက်မြင်သက်သေတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီလူဟာ Bakertown လမ်းက အိမ်နံပါတ်မှာ နေသွားတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ CBS ရုပ်သံသတင်းက ဖော်ပြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/nashville-blast-investigation/5714827.html

Nashville ဗုံးကွဲမှု ဆက်စပ်ပြီး မြို့ဆင်ခြေဖုံး နေအိမ်တလုံးကို ရှာဖွေ Nashville ဗုံးကွဲမှု ဆက်စပ်ပြီး မြို့ဆင်ခြေဖုံး နေအိမ်တလုံးကို ရှာဖွေ Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.