မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၁၉ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၅ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ ၆ ယောက်က ရောဂါအခံမရှိသူတွေ ဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၂၁,၅၁၅ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၆၈၃,၇၄၄ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၅၃၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၁၉,၇၈၈ ယောက် ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၆၀၂ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၉၉,၉၂၇ ယောက် ရှိသွားပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၄.၂၇% ရှိပြီး ပြန်ကောင်းလာသူ ၈၃.၄၂% ၊ သေဆုံးနှုန်းက ၂.၁၁% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၆% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ကိုဗစ်ကူးစက်မှု အများဆုံးရှိခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါကူးစက်သူအရေအတွက် ၄၀၀ အောက်ကိုရောက်လာတာ ၄ ရက်ရှိလာပြီလို့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-19 ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းမှုကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ဒီကနေ့ပြောပါတယ်။
ဒါကြောင့် ရန်ကင်းပညာရေးကောလိပ်နဲ့ ယဉ်ကျေးမှုတက္ကသိုလ်တို့မှာ ဖွင့်ထားတဲ့ ကိုဗစ်စင်တာနှစ်ခုကို ဒီကနေ့ ပိတ်သိမ်းလိုက်ပြီလို့လည်း ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဒါပေမဲ့လည်း Stand by (အသင့်ပြင်) အနေအထားနဲ့ ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါပိုးကူးစက်သူအရေအတွက် လျော့လာတာပဲဖြစ်ပြီး ရောဂါပိုးကို နိုင်တာမဟုတ်သေးကြောင်းနဲ့ ရောဂါပိုး ဘယ်တော့မှ ခေါင်းပြန်ထောင်မလာနိုင်အောင် ဆက်ပြီးတော့ ကြပ်မတ် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက သတိပေးသွားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-cases/5711926.html

No comments:
Post a Comment