မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၇၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၆ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၈,၉၅၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၁၈၂,၇၃၅ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၉၇၂ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၉၂,၁၈၉ ဦး ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၁၈၇ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့်ရောဂါပျောက်ကင်းသွားသူပေါင်း ၇၁,၃၄၃ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၈% ရှိပြီး ပြန်ကောင်းလာသူ ၇၇.၄% ၊ သေဆုံးနှုန်းက ၂.၁၄% ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၃.၉% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု၊ ကူးစက်မှုနှုန်းရော သေဆုံးနှုန်းပါ လျော့ကျမသွားသေးတာကြောင့် ချမှတ်ထားတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ထပ်တိုးပြီး ချမှတ်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment