အမေရိကန်ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းမှာ ဒေသခံ ၂၃ သန်းလောက်အပေါ်အကျုံးဝင်တဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်က တင်းကြပ်တဲ့ ကန်သတ်ချက်တွေကို တနင်္ဂနွေနေ့ညက စလို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံထဲက လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ California ပြည်နယ်ထဲမှာ COVID-19 အတည်ပြုလူနာ စံချိန်တင်အောင် မြင့်တက်နေတာကြောင့် ခုလို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကန့်သတ်ချက်မှာ ပါဝင်တဲ့ နေရာတွေမှာ တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၉ မိနစ်ကစလို့ အရက်ဘားတွေ၊ ဆံပင်ညှပ်ဆိုင်တွေအပြင် အပြင်ဘက်ထိုင်စားနိုင်တဲ့ စားသောက်ဆိုင်တွေကိုပါ ပိတ်ထားရပါတယ်။ Christmas အားလပ်ရက်ပါအကျုံးဝင်တဲ့ သီတင်း ၃ ပတ်ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေအရ ဒေသခံတွေအနေနဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြရမှာဖြစ်ပါတယ်။
စျေးဆိုင်တွေကိုတော့ ဖွင့်ထားပေမဲ့ စျေးဝယ်သူပမာဏကို တချိန်မှာ ၂၀% သာ ခွင့်ပြုရမှာဖြစ်ပါတယ်။ ပန်းခြံနဲ့ ပင်လယ်ကမ်းခြေတွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။ San Francisco Bay Area ဒေသမှာလည်း တနင်္ဂနွေနေ့ ည ၁၀ နာရီကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ သီးခြားကန့်သတ်ချက်တွေကို မြို့တော်ဝန် London Breed ကထုတ်ပြန်ခဲ့ပါတယ်။ ခုလို California ပြည်နယ်ရဲ့ ၈၅% လောက် အကြုံးဝင်တဲ့ Lockdown အမိန့်ထုတ်ပြန်တဲ့အပေါ် တချို့ ကတော့ မကျေမနပ် ဖြစ်နေကြပါတယ်။ California ပြည်နယ်မှာ Lockdown အမိန့် ထုတ်ပြန်တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာအများဆုံးဖြစ်ပြီး တနင်္ဂနွေနေ့အထိ အတည်ပြုလူနာ ၁၄,၇၆၀,၀၀၀ ကျော်ရှိပါတယ်။ သေဆုံးသူကလည်း ၂၈၀,၀၀၀ ကျော်ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment