လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူများကို မီးရှို့ပြကာ ဈေးရောင်းခဲ့သူ နှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေ ဖော်ထုတ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်က Biggest Shopping & Retail စာမျက်နှာတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ တိုက်ရိုက် Live လွှင့်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော ကျပ်ငွေ ငါးထောင်တန် ငွေစက္ကူအား မီးရှို့ပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ အခန်း (၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြား တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင် မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသဖြင့် အဆိုပါ Live လွှင့်၍ မီးရှို့ပြသူ ၂ ဦးအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနှင့် ၎င်း၏ဇနီးတို့ဖြစ်ကြောင်း သိရ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
The Mandalay News Journal

No comments:
Post a Comment