ဟွာဝေး ဘဏ္ဍာရေးမှူးချုပ် တရုတ်ပြန်နိုင်ရေး အမေရိကန်နဲ့ အပေးအယူ လုပ်တော့မလား

ဟွာဝေးတည်ထောင်သူရဲ့ သမီး မစ္မမန်ဝန်ဂျိုး အဖမ်းခံထားရတာ ၂ နှစ်ရှိပြီ

အမေရိကန် တရားရေးဌာနဟာ ဟွာဝေးဘဏ္ဍာရေးမှူးချုပ် မန်ဝန်ဂျိုးနဲ့ အပေးအယူတခုလုပ်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီသဘောတူညီမှုရခဲ့ရင် မစ္စ မန်ဟာ ၂၀၁၈ ခုနှစ်တုန်းက သူအဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံကနေ တရုတ်နိုင်ငံကို ပြန်ခွင့်ပြုမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ပထမဆုံး သတင်းရေးသားတဲ့ Wall Street Journal ရဲ့ သတင်းမှာတော့ မစ္စမန်ဝန်ဂျိုးဟာ ဒီအမှုမှာ သူမှားကြောင်း ဝန်ခံဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်ရဲ့ တရားစွဲဆိုမှုတွေကို မစ္စမန် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မစ္စမန်ဟာ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ကနေ ပြောင်းရွှေ့ဖို့ လုပ်နေတုန်း အမေရိကန်ဘက်က ထုတ်ထားတဲ့ ဖမ်းဝရမ်းတခုနဲ့ အဖမ်းခံခဲ့ရတာ ဒီသတင်းပတ်ထဲမှာ ၂ နှစ် ပြည့်သွားပါပြီ။

အဲဒီအချိန်ကတည်းက တရားရုံးမှာ အမှုရင်ဆိုင်ဖို့ အမေရိကန်လက်ထဲ လွှဲပြောင်းပေးဖို့ ကိစ္စနဲ့ မစ္စ မန် ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

သူဟာ အခု အာမခံရထားပေမယ့် သူ့အိမ်ရှိတဲ့ ဗန်ကူးဗားမြို့ကနေ ထွက်ခွာခွင့် မရှိပါဘူး။

ပြီးခဲ့တဲ့လက အမေရိကန် သမ္မတ ရွေးကောက်ပွဲပြီးတဲ့နောက် မစ္စမန်ရဲ့ ရှေ့နေတွေနဲ့ အမေရိကန် တရားရေးဌာန တာဝန်ရှိသူတွေကြား စေ့စပ်ညှိနှိုင်းမှုတွေ ပိုအားကောင်းလာခဲ့ပါတယ်။

မစ္စမန်ကတော့ သူဘာမှ အမှားလုပ်ထားတာ မရှိဘူးလို့ ယူဆနေပြီး ဖြောင့်ချက်ပေးဖို့ကိုလည်း ဝန်လေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။


နိုင်ငံရေးအရ ဖမ်းဆီးမှု

ဟွာဝေးကုမ္ပဏီနဲ့ မစ္စမန်ဟာ အီရန်နိုင်ငံမှာ လည်ပတ်နေတဲ့ သံသယဖြစ်ဖွယ် Skycom ကုမ္ပဏီ နဲ့ သူတို့ကုမ္ပဏီ ဆက်ဆံရေးကို မှားယွင်းဖော်ပြပြီး HSBC ဘဏ်နဲ့ တခြား ဘဏ်တွေဆီကနေ လိမ်လည်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အီရန်နိုင်ငံမှာ ကန့်သတ်တားမြစ်ထားတဲ့ အမေရိကန် ကုန်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လုပ်ငန်းတွေကို ရရှိဖို့အတွက် Skycom ကုမ္ပဏီကို ဟွာဝေးဘက်က အသုံးပြုခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

ဟွာဝေးကုမ္ပဏီတည်ထောင်သူ ရန်ဂျန်ဖေးရဲ သမီးဖြစ်သူ မစ္စ မန်ကတော့ သူအပြစ်ကင်းစင်တယ်လို့ အခိုင်အမာပြောဆိုထားတာ ကြာပါပြီ။

သူ့ကို ဖမ်းဆီးတာကလည်း နိုင်ငံရေးအရ လုပ်ဆောင်တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

မစ္စတာ ထရမ့် အစိုးရကတော့ ဟွာဝေးကုမ္ပဏီထုတ်ကုန်ပစ္စည်းတွေကို သူလ ွ်ိဳလုပ်ဖို့ တရုတ်အစိုးရက အသုံးပြုနိုင်တယ်လို့ ပြောပြီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဒီစွပ်စွဲမှုကိုတော့ ဟွာဝေးကုမ္ပဏီဘက်က ထပ်တလဲလဲ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ဘက်ကတော့ ရှန်ကျန်းအခြေစိုက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီး ဟွာဝေးကို မနှစ်က အမည်ပျက်စာရင်း ထည့်ခဲ့ပြီး 5G ကွန်ရက်ဆောင်လုပ်မှုတွေမှာ ဟွာဝေးကို ချန်လှပ်ထားဖို့ တခြား နိုင်ငံတွေကိုလည်း ဖိအားတွေ ပေးခဲ့ပါတယ်။

အမေရိကန်ထုတ် နည်းပညာတွေကို ရောင်းချတဲ့ ကုမ္ပဏီတိုင်းဟာ ဟွာဝေးဆီ ရောင်းမယ်ဆိုရင် အမေရိကန်က လိုင်စင်ထုတ်ပေးဖို့ ပထမဆုံးအကြိမ် လိုအပ်မှာ ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားရင် အမေရိကန်အကျဉ်းထောင်မှာ အနှစ် ၃၀ လောက် အကျဉ်းကျခံရနိုင်တဲ့ စွဲချက်တွေနဲ့ တရားစွဲထား

သံတမန်ရေး ပဋိပက္ခ

အမေရိကန်ရဲ့ ပို့ကုန်ကန့်သတ်မှုတွေကြောင့် ဟွာဝေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းအစိတ်အပိုင်းတွေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါကြောင့် လူငယ်တွေအကြိုက်ထုတ်ထားတဲ့ Honor လက်ကိုင်ဖုန်းတံဆိပ်ကို ဟွာဝေးဘက်က ဈေးလေ ွ်ာ့ရောင်းချခဲ့ရပါတယ်။

မစ္စမန်ကို ဖမ်းဆီးထားမှုကြောင့် တရုတ်နဲ့ ကနေဒါ နိုင်ငံကြားမှာလည်း သံတမန်ရေး တင်းမာမှု ပေါ်ပေါက်ခဲ့ပါတယ်။

ကနေဒါနိုင်ငံရဲ့ Canola အစေ့တွေ တင်သွင်းမှုကို တရုတ်ဘက်က ဖြတ်တောက်ခဲ့သလို ကနေဒါနိုင်ငံသားနှစ်ဦးကိုလည်း သူလ ွ်ိဳလုပ်မှု စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကတော့ ဒီလုပ်ဆောင်မှုကို ရှုတ်ချခဲ့ပြီး အဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံသား အမျိုးသားနှစ်ဦးဟာ အမေရိကန်နဲ့ တရုတ်ကြား သံတမန်ရေး ပွတ်တိုက်မှုမှာ ဓားစာခံလို အသုံးချခံနေရတယ်လို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55187749

ဟွာဝေး ဘဏ္ဍာရေးမှူးချုပ် တရုတ်ပြန်နိုင်ရေး အမေရိကန်နဲ့ အပေးအယူ လုပ်တော့မလား ဟွာဝေး ဘဏ္ဍာရေးမှူးချုပ် တရုတ်ပြန်နိုင်ရေး အမေရိကန်နဲ့ အပေးအယူ လုပ်တော့မလား Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.