ယူကေမှာ ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကူးစက်မှုမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကွဲအသစ်ဟာ အခုအခါမှာ ဥရောပနိုင်ငံတွေအပြင် ကနေဒါနဲ့ ဂျပန်နိုင်ငံတွေ ကိုလည်း ရောက်ရှိနေပြီလို့ သိရပါတယ်။
အဲ့ဒီ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ် ကူးစက်မှုကို စပိန်၊ဆွစ်ဇာလန်၊ ဆွီဒင် နဲ့ ပြင်သစ်တို့ မှာ ယူကေက ပြန်ရောက်လာသူတွေကနေ တစ်ဆင့် ကူးစက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ခရီးသွားရာဇဝင်လည်းမရှိသလို၊ ရောဂါကူးစက်နိုင်ခြေများသူတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့သူ ကနေဒါနိုင်ငံ အွန်တာရီယိုက စုံတွဲတစ်တွဲမှာ မျိုးဗီဇကွဲအသစ်ပိုး ကူးစက်တာလည်း ခံခဲ့ရပါတယ်။
ကိုဗစ် ဗီဇပြောင်းပိုး ဘယ်လောက်အထိပျံ့နေပြီလဲ
ဂျပန်နိုင်ငံကတော့ လာမယ့် တနင်္လာနေ့က စပြီး နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေ နိုင်ငံအတွင်း ဝင်ရောက်လာမှုကို တစ်လကြာ ပိတ်ထားမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံကို ယူကေကရောက်လာတဲ့ ခရီးသည် ၅ ဦးမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရစ် ကူးစက်မှု တွေ့ရှိခဲ့ပြီးနောက်မှာ မျိုးဗီဇပြောင်း ကူးစက်ခံရသူ နှစ်ဦး ထပ် တွေ့ခဲ့ပြီးတော့ အဲ့ဒီထဲက တစ်ဦးကတော့ ပြည်တွင်းကနေ ကူးစက်ခံရတာဖြစ်ပါတယ်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကြိုတင်ကာကွယ် ဆေးထိုးတာတွေကို နိုင်ငံအတော်များများမှာ စတင်ထိုးနေကြပြီ ဖြစ်ပါတယ်။
ဂျာမနီ၊ ဟန်ဂေရီ နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ် ဆေးထိုးတာတွေ စတင်နေပြီးတော့ ဥရောပကော်မရှင် အကြီးအကဲက ကာကွယ်ဆေးဖြန့်နေတာကို သူရဲ့တွစ်တာမှာ တင်ခဲ့ပြီး ဥရောပသမဂ္ဂရဲ့ စည်းလုံးညီညွတ်မှုကို ထိတွေ့နိုင်တဲ့ အခိုက်အတန့်လို့ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ်ကို ယူကေမှာ ပထမဆုံးစတင်တွေ့ရှိတာဟာ ယူကေရဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ခြေရာခံပြီး လေ့လာထောက်လှမ်း စောင့်ကြည့်တဲ့စနစ် ကောင်းမွန်တာကြောင့်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်ဟာ ကူးစက်ပျံနှံ့မှုက မြန်တယ်ဆိုပေမဲ့ ကူးစက်ခံထားရသူတွေ အတွက် အန္တရာယ်ပိုရှိတယ်လို့ မပြောနိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကနေဒါက ဗီဇပြောင်းပိုး ကူးစက်ခံရသူ စုံတွဲကတော့ တိုရန်တို မြို့အနီးက ဖြစ်ပြီးတော့ အခုတော့ သူတို့ကို နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ထားပါတယ်။
ဂျပန်မှာတွေ့ရတဲ့ ဗီဇပြောင်းပိုး ကူးစက်ခံရသူကတော့ အသက်၃၀ နှစ်အရွယ် ယူကေက ဂျပန်ကို ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ပြန်လာတဲ့လေယာဥ်မှူးတစ်ဦးနဲ့ ပြည်ပ ခရီးသွားရာဇဝင်မရှိသူ အသက် ၂၀ အရွယ် သူ့ရဲ့မိသားစုတစ်ဦးတို့ ဖြစ်တယ်လို့ ကျိုဒိုသတင်းဌာနက ရေးပါတယ်။
ဂျပန်နိုင်ငံက နိုင်ငံတကာခရီးသွားတွေ ဝင်ရောက်မှုကို လာမယ့် တနင်္လာနေ့မှာ ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး ဂျပန်နိုင်ငံသားနဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရှိသူတွေကိုတော့ ပြည်ပကနေ ပြန်လာတာကို ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေထဲက နိုင်ငံ အချို့က စီးပွားရေးကိစ္စနဲ့ လာရောက်မယ့် နိုင်ငံခြားသားတွေကို တော့ခြွင်းချက်ထားပြီး ဝင်ရောက်ခွင့်ပြုမယ်လို့ လည်းထုတ်ပြန်ထားပါတယ်။
စပိန်မှာတော့ မျိုးဗီဇပြောင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ လေးဦးကို မက်ဒရစ်မြို့မှာ တွေ့ခဲ့ရပါတယ်။ အဲဒီသူတွေအားလုံးဟာ ယူကေကို ခရီးသွားခဲ့ကြသူတွေ ဖြစ်ပြီးတော့ သူတို့ဟာ အပြင်းအထန်နေမကောင်းတာမျိုး မရှိကြပါဘူး။
ဆွစ်ဇာလန်မှာတော့ ဗီဇပြောင်း ပိုးကူးစက်ခံရသူ ၃ ဦး တွေ့ခဲ့ပြီး၊နှစ်ဦးက ဆွစ်ဇာလန်ရောက်နေတဲ့ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ဆွစ်ဇာလန်ဟာ နှင်းလျှောစီး ခရီးသွားလုပ်ငန်းကို ဖွင့်ထားခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွင်း ယူကေက ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
ဆွီဒင်မှာတော့ မျိုးဗီဇသစ်ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး နာမကျန်းဖြစ်နေသူ တစ်ဦး တွေ့ရှိခဲ့ရပြီးတော့ သူဟာ ယူကေက ပြန်လာပြီး နေအိမ်မှာ အသွားအလာ ကန့်သတ် ခံထားရသူတစ်ဦးဖြစ်တယ်လို့ ဆွီဒင် ကျန်းမာရေးအေဂျင်စီက ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့ လန်ဒန်မြို့က ပြန်လည်ရောက်ရှိလာသူ ပြင်သစ် နိုင်ငံသားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းပိုး တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီသူဟာ ယူကေမှာ နေထိုင်ခဲ့သူတစ်ဦး ဖြစ်ပြီးတော့ ရောဂါလက္ခဏာမတွေ့ရဘဲ အခုအခါမှာတော့ သူ့ကို နေအိမ်မှာ စောင့်ကြည့်ပြီး အသွားအလာကန့်သတ်ခံထားရသူ ဖြစ်တယ်လို့ ပြင်သစ် ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။
ယူကေမှာ ကိုဗစ် မျိုးကွဲသစ်ကို စတွေ့ကတည်းက ပြင်သစ်ကလည်း သူ့ရဲ့ နယ်စပ်ကို ပိတ်ထားခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့က ကိုဗစ်ပိုးမရှိကြောင်း စစ်ဆေးခံပြီးသူ ဥရောပနိုင်ငံသားတွေ ဝင်ရောက်မှုကို ပြန်ဖွင့်ပေးခဲ့ပါတယ်။
ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နဲ့ သြစတြေးလျတို့မှာတော့ အဲ့ဒီ မတိုင်မီ အစောပိုင်းထဲက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်က ဘာလဲ
ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကွဲအသစ်တစ်ခု အင်္ဂလန်နိုင်ငံ တောင်ပိုင်းဒေသမှာ စက်တင်ဘာလ က စတင်တွေ့ခဲ့ရပြီးတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေက လန်ဒန်၊အင်္ဂလန် အရှေ့တောင်ပိုင်းနဲ့ အင်္ဂလန်အရှေ့ပိုင်းတွေမှာ ကူးစက်မှုတွေများလာလို့ ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အဲ့ဒီဒေသတွေမှာ ကိုဗစ် ကူးစက်ခံရသူ သုံးပုံနှစ်ပုံခန့်ဟာ ကိုဗစ်ဗီဇပြောင်း ပိုးအသစ် ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြောင်းလည်း ယူကေ အစိုးရရဲ့ အမျိုးသားစာရင်းအင်းရုံးက ပြောပါတယ်။
ဗီဇပြောင်း ကိုဗစ်ပိုးအသစ်နဲ့ ပတ်သက်ပြီး သတိထားစရာ အချက်၃ ချက်ကို တွေ့ရပါတယ်။
အဲဒါတွေကတော့
၁။ အခြားကိုဗစ်ပိုးတွေ နေရာမှာ အလျင်အမြန် အစားထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။
၂။ ဗီဇပြောင်းလဲ သက်ရောက်မှုက အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
၃။ဗိုင်းရပ်စ်သစ်ရဲ့ အချို့ ဗီဇပြောင်းလဲမှုတွေဟာ ဆဲလ်တွေက ကူးစက်နိုင်မှုစွမ်းရည်ကို မြင့်လာစေတယ်လို့ ဓာတ်ခွဲစမ်းသပ်မှုရလဒ်တွေမှာ တွေ့ရတာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ဟာ ကူးစက်မှုတွေ များလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုတာကို အခု မျိုးကွဲသစ်က ပြနေတာဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ မကြာသေးမီလတွေက ပေါ်လာခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ကိုဗစ် မျိုးဗီဇပြောင်းကိုလည်း ကာကွယ်နိုင်သင့်တယ်လို့ ပြောဆိုကြပါတယ်။
BBC Burmese

No comments:
Post a Comment