ပြင်သစ်နိုင်ငံမှာ ပြင်သစ်ဆေးရုံ ဆေးဝါးများဆိုင်ရာကွန်ရက်ကို ပေးပို့လာတဲ့ COVID-19 ရောဂါကာကွယ်ဆေး Pfizer-BioNTech ဆေးဝါးတွေ ဒီကနေ့ စနေနေ့မှာ ပထမဆုံး လက်ခံရရှိပါတယ်။
ဥရောပတခွင်လုံး ပထမဆုံး ကာကွယ်ဆေးထိုးမယ့် သတ်မှတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လူအိုရုံ ၂ ရုံမှာ ကာကွယ်ဆေး စထိုးနှံမှာဖြစ်ပါတယ်။
ပြင်သစ်မှာ လူပေါင်း ၂.၆ သန်းကျော် COVID-19 ကူးစက်ခံနေရပြီး ကိုဗစ်ကြောင့် လူပေါင်း ၆၂,၅၀၀ ကျော် အသက်ဆုံးခဲ့ရပါတယ်။
အခုဖြစ်ပွားလာနေတဲ့ ဗြိတိန်မှာတွေ့ရှိတဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုး မျိုးစိတ်သစ်ကြောင့် ဗြိတိန်မှောနထိုင်သူတွေကို ကမ္ဘာတလွှား ခရီးသွားလာမှုတွေကို ထိန်းချုပ်ထားပေမယ့် ပြင်သစ်မှာ ပထမဆုံး ဒီပိုးသစ်ကူးစက်မှု စမ်းသပ်စစ်ဆေးတွေ့ရှိတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။
COVID-19 ရောဂါကာကွယ်ဆေးဝါး Pfizer-BioNTech ရိုမေးနီးယားနိုင်ငံ မြို့တော် Bucharest ကိုလည်း ဒီကနေ့ စနေနေ့မှာ ဆိုက်ရောက်လာပြီး စစ်တပ်ပိုင်အဆောက်အဦးထဲမှာ သိမ်းဆည်းထားပါတယ်။ ဥရောပမှာ ကာကွယ်ဆေး စထိုးနှံကြမယ့် တနင်္ဂနွေနေ့မှာပဲ နိုင်ငံတဝန်းက ဆေးရုံ ၉ ရုံမှာ ကာကွယ်ဆေးထိုးမယ့် အစီအစဉ် စကြမှာပါ။
ရုရှားမှာတော့ အသက် ၆၀ အထက်တွေအတွက် COVID-19 ကာကွယ်ဆေး Sputnik V ထိုးပေးမယ့် အစီအစဉ် စနေနေ့မှာ အတည်ပြုခွင့်ပြုလိုက်ပြီလို့ ရုရှားကျန်းမာရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ရုရှားနိုင်ငံတဝန်းမှာတော့ လူပေါင်း ၃ သိန်း ကူးစက်ခံနေရပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာကို ကူးစက်မှုအသစ် ၂၉,၂၀၀ ကျော်တွေ့ရှိပြီး လူပေါင်း ၅၆၀ ကိုဗစ်ကြောင့် အသက်ဆုံးခဲ့ရပါတယ်။
ဗြိတိန်မှာ အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ဟာ မူလပိုးထက်ကို ပိုပြီး ကူးစက်လွယ်ပြီး မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နေတဲ့အတွက် ဗြိတိန်ကနေ ခရီးသွားမယ့်သူတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ထားတယ်လို့ ဗြိတိန်အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်မှာတော့ ဗြိတိန်က ဆိုက်ရောက်လာတဲ့ ခရီးသွားတွေ မထွက်ခွာခင် ကိုဗစ်ပိုးရှိမရှိ မဖြစ်မနေ စမ်းသပ်စစ်ဆေးမှုလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်တဲ့ ဒီညွှန်ကြားချက် လာမယ့်တနင်္လာနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
COVID-19 ကာကွယ်ဆေးဟာ လူသားအားလုံးအတွက် ဖြစ်စေရမယ်၊ ပြိုင်ဆိုင်မှုတွေ မလုပ်ကြဘဲနဲ့ ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း နိုင်ငံရေးသမားတွေ နိုင်ငံခေါင်းဆောင်တွေနဲ့ စီးပွားရေးဦးဆောင်သူတွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း မိန့်ကြားလိုက်ပါတယ်။
အစ္စရေးလ်မှာတော့ တနင်္ဂနွေနေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး တနိုင်ငံလုံး အတိုင်းအတာနဲ့ တတိယအကြိမ်မြောက် Lockdown ချလိုက်မှာ ဖြစ်ပါတယ်။ ဒီကန့်သတ်မှုဟာ အနည်းဆုံး သီတင်း ၂ ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/eu-covid-vaccine/5714153.htmla

No comments:
Post a Comment