ထိုင်းရောက် တရားမဝင်အလုပ်သမားတွေကို ဝန်ကြီးချုပ် အပြစ်တင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ Photo: AFP
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ပြန့်ပွားလာတာဟာ တရားမဝင်အလုပ်သမားတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ အပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီလို တရားမဝင်အလုပ်သမား စေလွှတ်နေတဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ဒီကနေ့ ထိုင်းပြည်သူတွေကို ရုပ်မြင်သံကြားက တဆင့်ပြောကြားတဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ်ပရာယွတ်က ထည့်သွင်းပြောလိုက်တာပါ။
မြန်မာလုပ်သားတွေအများဆုံးနေထိုင်တဲ့ စမွတ်ဆာခွန်ခရိုင်မှာရှိတဲ့ တလာကုန်းဈေးရဲ့ ပုဇွန်ဆိုင်ကနေ စတင်ပြီး ထိုင်းနိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြေအနေ ပြန်ဆိုးလာတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ ကူးစက်ခံရတဲ့သူ ၅၀၀၀ ကျော်ရှိပြီးတော့ သေဆုံးသူစုစုပေါင်း အယောက် ၆၀ ရှိသွားပါပြီ။
မနေ့က အင်္ဂါနေ့မှာ ရောဂါကူးစက်ခံရတဲ့သူ လူနာသစ် ၄၂၇ ယောက် တွေ့ရှိခဲ့ပြီး အဲ့ဒီထဲက လူနာသစ် ၃၉၇ ယောက်ဟာ မြန်မာပြည်က အလုပ်သမားတွေဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ ရောဂါ စတင်ပြန့်ပွားတဲ့ ပုဇွန်ဆိုင်ကို သွားရောက်ခဲ့တဲ့သူ လူ၁၀၀၀ လောက်ကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို အကြောင်းကြားဖို့လည်း ထိုင်းအစိုးရက တိုက်တွန်းထားတာပါ။
လတ်တလောမှာ ဗိုင်းရပ်စ်ပြန့်ပွားမှုနဲ့အတူ မြန်မာအလုပ်သမားတွေ ခွဲခြားဆက်ဆံ ခံနေရတယ်လို့လည်း ထိုင်းရောက်မြန်မာအလုပ်သမားတွေက RFA ကိုပြောကြပါတယ်။
လက်ရှိရောဂါပြန့်နေတဲ့ စမွတ်ဆာခွန်ခရိုင်မှာ မြန်မာအလုပ်သမား တရားဝင်ရော၊ တရားမဝင်ပါ ငါးသိန်းလောက်ရှိတယ်လို့ သိရပါတယ်။ ထိုင်းအစိုးရရဲ့ ၂၀၂၀ အောက်တိုဘာလ စာရင်းအရ တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမားစုစုပေါင်း နှစ်သိန်းသုံးသောင်းကျော်ရှိပြီး မြန်မာနိုင်ငံသား တသိန်းလေးသောင်းကျော်၊ လာအိုနိုင်ငံသား ၄၈၀၀ နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၃၇၀၀ ပါဝင်ကြသလို တရားမဝင် အလုပ်သမားတွေလည်း အမြောက်အမြား ရှိနေပါတယ်။
RFA Burmese

No comments:
Post a Comment