ဖြူးချောင်းအထက်ဆည် တိုးကြီးဝလျှိုအနီး ညီအစ်ကိုချင်း တူမီးသေနတ်ဖြင့် ပစ်သတ်၍ ရေအိုင်အတွင်း အလောင်းဖျောက်ဖျက်မှုဖြစ်ပွား


ဖြူး    ဒီဇင်ဘာ  ၂၈  

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ဖြူးချောင်းဆည်အထက်ပိုင်း မင်းဂံရိုးကျေးရွာအုပ်စု၊ တိုးကြီးဝလျှိုအနီးတွင်း ညီဖြစ်သူအား ရွှေနားတောင်း ဘောင်ချာနှင့် အိမ်ထောင်စုစာရင်းစာရွက်များ ပျောက်ဆုံးသည့်ကိစ္စဖြင့် အစ်ကိုအရင်းဖြစ်သူက တူမီးဖြင့်ပစ်သတ်ခဲ့ပြီး အလောင်းကို ရေထဲနစ်မြုပ်ဖျောက်ဖျက်မှုတစ်ခု ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်ဖြစ်ပွားခဲ့ကြောင်း ဖြူးမြို့မရဲစခန်းမှ သိရသည်။ 

       ဖြစ်စဥ်မှာ ဖြူးချောင်းဆည်အထက်ပိုင်း၊ မင်းဂံရိုးကျေးရွာအုပ်စု၊ တိုးကြီးဝလျှိုအနီးတွင် တဲများထိုး၍ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော ရာဇာထွန်း(ခ)ဖိုးသား ၂၁ နှစ် နှင့် ဇနီးဖြစ်သူ မမိုးမိုးခိုင် တို့သည် နေအိမ်တဲတွင်ရှိနေစဥ် လျှိုမြှောင်တစ်ဘက်ကမ်း၌နေသာ အစ်ကိုတော်စပ်သူ ဇင်ဝိုင်း ၂၆ နှစ်မှ ၎င်း၏တဲသို့လာရန် လှမ်းခေါ်သဖြင့် ရာဇာထွန်း(ခ) ဖိုးသား၊ ဇနီးဖြစ်သူ မမိုးမိုးခိုင် ၊ အမဖြစ်သူ မဇင်မာအေး ခဲအိုတော်စပ်သူ မျိုးမင်းနိုင် တို့သည် လက်ယက်လှေငယ်နှစ်စီးဖြင့် ရေပြင်အတိုင်း ဖြတ်ကူးကာ သွားရောက်ခဲ့ကြကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် ဇင်ဝိုင်း ၏ တဲသို့ရောက်ရှိခဲ့ပြီး ဇင်ဝိုင်း မှ ၎င်းတဲတွင် သိမ်းထားသော ရွှေနားတောင်းဘောင်ချာ နှင့် အိမ်ထောင်စုစာရင်း စာရွက်များ ပျောက်ဆုံးနေကြောင်းပြောပြီး နင်တို့ယူထားလျင် ပြန်ပေးဟုပြောရာ ရာဇာထွန်း (ခ) ဖိုးသား တို့ လေးဦးက ၎င်းတို့မယူပါကြောင်း ပြောဆိုသည်ကို ဇင်ဝိုင်း က ဒေါသဖြင့် တဲပေါ်ရှိ တူမီးသေနတ်ကိုယူ၍ ညီဖြစ်သူ ရာဇာထွန်း(ခ) ဖိုးသားအား ချိန်ရွယ်ပစ်ခတ်ခဲ့ရာ ယာဘက်လက်ပြင်အား ထိမှန်ခဲ့ပြီး မြေပြင်ပေါ် လဲကျသွားခဲ့ကြောင်း၊ ထို့နောက် ဇင်ဝိုင်း က အနီးရှိ တုတ်ဖြင့်ရိုက်ခဲ့ရာ မဇင်မာအေးတွင် မစိုးရိမ်ရဒဏ်ရာ များရရှိခဲ့ပြီး ကျန်သူများမှာ ထွက်ပြေး၍ မင်းဂံရိုးကျေး ရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး နှင့် ဖြူးမြို့မရဲစခန်းသို့ ဆက်သွယ်သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ 

       သတင်းအရ ဖြူးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်လင်း ဦးစီးအဖွဲ့က အခင်းဖြစ်နေရာကိုသွား ရောက်စစ်ဆေး၍ ရာဇာထွန်း(ခ)ဖိုးသား အား ရှာဖွေခဲ့ ရာ ဇင်ဝိုင်း တဲအိမ်၏ အရှေ့မြောက်ဘက် ကိုက် ၅၀၀  ခန့်အကွာ ရေထဲ၌ ရာဇာထွန်း(ခ) ဖိုးသား ၏ အလောင်း အား သစ်တုံးဖြင့်ဖိ၍ ၎င်း၏  အင်္ကျီဖြင့်ချည်နှောင်ထားသည်ကိုတွေ့ရှိခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူ ဇင်ဝိုင်း အား ဖြူးမြို့မရဲစခန်း က အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 


သန်းလွင်(ဆွာ)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဖြူးချောင်းအထက်ဆည် တိုးကြီးဝလျှိုအနီး ညီအစ်ကိုချင်း တူမီးသေနတ်ဖြင့် ပစ်သတ်၍ ရေအိုင်အတွင်း အလောင်းဖျောက်ဖျက်မှုဖြစ်ပွား ဖြူးချောင်းအထက်ဆည် တိုးကြီးဝလျှိုအနီး ညီအစ်ကိုချင်း တူမီးသေနတ်ဖြင့် ပစ်သတ်၍ ရေအိုင်အတွင်း အလောင်းဖျောက်ဖျက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:17 Rating: 5

No comments:

Powered by Blogger.