တပ်မတော်ကဖမ်းပြီး ပျောက်ဆုံးနေတယ်ဆိုတဲ့ ရခိုင်ရွာသား ၁၈ ဦးကိစ္စ စတင်စစ်ဆေး

ကျေက်တော် တင်းမရွာသားတွေ ၂၀၂၀ မတ်လကတည်းက ဖမ်းဆီးခံရတာဖြစ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကြီးနဲ့ တင်းမရွာသစ် ကျေးရွာနှစ်ရွာက ရွာသား ၁၈ ဦး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ကနေ ဒီဇင်ဘာ ၂၉ ရက် နေ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

တပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်ဆိုတဲ့ ပျောက်ဆုံးသွားခဲ့တဲ့ ကျေးရွာသား ၁၈ ဦးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ ခရိုင်ရဲတပ်ဖွဲ့က မိသားစုတွေကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

အဲ့ဒီ ကျေးရွာသား ၁၈ ဦး ကတော့ တင်းမကြီးကျေးရွာက ၁၀ ဦးနဲ့ တင်းမရွာသစ်က ၈ ဦး တို့ဖြစ်ကာ ဖမ်းဆီးခံလိုက်ရပြီး ၉ လကျော်ကြာမှ အမှုနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် စစ်ဆေးမှု ပြုလုပ်တာလည်း ဖြစ်ပါတယ်။

တင်းမကြီးရွာသား ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ မသိရှိသေးကြောင်းနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံရှိရင် လွတ်လပ်စွာ တိုင်ကြားနိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မိသားစုဝင်တွေကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေကို စစ်ဆေးဖို့ ခရိုင်ရဲတပ်ဖွဲ့က ခေါ်ယူတဲ့အခါမှာ တင်းမကြီး ကျေးရွာက မိသားစု ၄ စု၊ တင်းမရွာသစ်က မိသားစု ၈ စု၊ စုစုပေါင်း မိသားစု ၁၂ စုသာ သွားရောက်စစ်ဆေးခံခဲ့ပြီး ကျန်မိသားစုတွေကတော့ ဖမ်းဆီးခံရမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ စစ်ဆေးမှု မခံယူခဲ့ဘူးလို့ သိရပါတယ်။

သွားရောက်စစ်ဆေးခံခဲ့ကြတဲ့ မိသားစုတွေကိုတော့ သူတို့ရဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံလိုက်ရတာ မှန်ကန်မှုရှိမရှိ၊ မိသားစုတွေရဲ့ စီးပွားရေးအလုပ်အကိုင်တွေနဲ့ အဲ့ဒီနေ့က တပ်မတော်က ကျေးရွာကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ မျက်မြင်သက်သေ ကျေးရွာသားသုံးဦးတို့ကိုပါ စစ်ဆေးခဲ့တယ်လို့ ကိုယ်တိုင်သွားရောက် စစ်ဆေးခံခဲ့တဲ့ ဒေါ်ဦးသန်းရီက ပြောပါတယ်။

"မေးတာက ကျွန်မတို့ကို သားသမီးလင်သားတွေ ပါသွားလား၊ ဘယ်သူပါသွားလဲဆိုတာမေးတယ်၊ကျွန်မမှာက သားအကြီးဆုံးပါသွားတယ်၊စကားလည်းမပြောတတ်ဘူး၊ နားလည်းမကြားဘူးလို့ ပြောခဲ့ပါတယ်။ ဘာလုပ်စားလဲ၊ တပ်က လူပေါင်းဘယ်လောက်လာလဲ မေးပါတယ်၊ ဘယ်ကိုခေါ်သွားလဲလို့ မေးတယ်။ သမ္မတဆီက စာရောက်လို့ ခေါ်စစ်တာလို့ ဒုခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။"လို့ ဖမ်းဆီးခံလိုက်ရတဲ့ ဆွံ့အနားမကြားသူ ကိုဦးဝင်းမောင်ရဲ့ အမေ ဒေါ်ဦးသန်းရီက စစ်ဆေးခံခဲ့ရတာနဲ့ပတ်သက်လို့ ပြောပြပါတယ်။

အခုလို ကျေးရွာသား ၁၈ ဦး ဖမ်းဆီးခံလိုက်ရပြီး တပ်မတော်လက်ထဲမှာ ပျောက်ဆုံးနေတဲ့အတွက် မိသားစုတွေက ကျောက်တော်မြို့မရဲစခန်းမှာ တိုင်ကြားထားပေမဲ့ အဲ့ဒီအမှုနဲ့ ပတ်သက်လို့ အကျိုးအကြောင်း တစ်စုံတစ်ရာ မသိခဲ့ရဘူးလို့ ကာယကံရှင်မိသားစုတွေက ပြောဆိုကြပါတယ်။

ဒီရွာသားတွေကို တပ်ကဖမ်းဆီးသွားတယ်ဆိုပြီး တစ်ဖက်သက် စွပ်စွဲလို့မရကြောင်း အဲ့ဒီအချိန်ကဒေသမှာ အခြေအနေတွေရှုပ်ထွေးနေပြီးတော့ လူသတ်မှုတွေ ဖြစ်ခဲ့တာရှိကြောင်းနဲ့ အဲ့ဒီ့အချိန်က အဲ့ဒီဒေသမှာ စျေးအလယ်ကောင်မှာ ခေါင်းဖြတ်သတ်ဖြတ်မှု တွေရှိခဲ့ကြောင်းနဲ့ ဒီကိစ္စကို သက်သေအထောက်အထား ခိုင်ခိုင်မာမာနဲ့ တိုင်းစစ်ဌာနချုပ်တွေမှာ တိုင်ကြားလို့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကျောက်တော်ကို စစ်ဘေးရှောင်ဖို့ ရောက်နေခဲ့တဲ့ ကုလားတန်မြစ်နားက ရွာသားတွေ

ကျောက်တော်မြို့နယ်အတွင်းမှာ တင်းမ၊ တင်းမကြီး၊ တင်းမရွာသစ်ဆိုပြီးတော့ သုံးရွာရှိပြီး တင်းမကြီးကျေးရွာနဲ့ တစ်ဖာလုံ လောက်အကွာ တောင်ရှည်တောင်မှာတပ်စွဲထားတဲ့ တပ်မတော်တပ်စခန်းက ကျေးရွာအတွင်းကိုဝင်ရောက်လာပြီး ရွာထဲတွေ့တဲ့အမျိုးသား လူကြီးလူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ တင်းမရွာသစ်ကို တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာခဲ့ပြီး ရွာသား ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်နေ့မှာတော့ တင်းမကြီးကျေးရွာကို ဝင်ရောက်လာခဲ့တဲ့ စစ်ကြောင်းက ရွာအတွင်းတွေ့တဲ့ အမျိုးသား ၅၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်ဆောင်သွားကာ စခန်းချထားတဲ့ တောင်ရှည်တောင်ခြေရင်းကို အရောက်မှာ အသက်ကြီးပိုင်းတွေကို ပြန်လွှတ်ပေးခဲ့ပြီး ၁၀ ဦးကို နောက်တစ်နေ့မနက်မှာ ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ တောင်ပေါ်ကို ခေါ်ဆောင်သွားခဲ့တာလို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီကျေးရွာသားတွေ ဖမ်းဆီးခံလိုက်ရတဲ့နေ့စပြီး ၉ လကျော် ကြာတဲ့အထိ ပြန်လွှတ်ပေးခြင်း မရှိသလို တရားစွဲဆိုပြီး ရဲစခန်းမှာ အပ်နှံပေးတာလည်းမရှိဘဲ သတင်းအစအနမရဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးခံလိုက်ရပြီး ကျေးရွာသားတွေပျောက်ဆုံးသွားတဲ့ကိစ္စကို စိစစ် အရေးယူဆောင်ရွက်ပေးဖို့အတွက် မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေ ၅၀ ကျော်တို့က လက်မှတ်ရေးထိုးပြီး ဒီဇင်ဘာ ၁ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ဆီကို တိုင်ကြားစာ ပေးပို့ခဲ့ကြပါတယ်။

"ကျောက်တော်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကို ကျွန်တော်တို့ နိုင်ငံတော်အဆင့်နဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တွေကို တင်ပြခဲ့တယ်။ တည်ငြိမ်နေတဲ့အခြေအနေမှာ ဒီကိစ္စတွေကို အလေးထားဆောင်ရွက်တာတွေ ကိုမြင်လာရတဲ့အတွက် ကြိုဆိုပါတယ်"လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။


အဲ့ဒီအချိန်ဟာ ကုလားတန်မြစ်ကြောင်းအတွင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပြီး ကျေးရွာသားတွေ ဖမ်းဆီးခံနေရသလို ကျေးရွာအတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုတွေလည်း ဆက်တိုက်ကြုံလာရတဲ့ အတွက် မတ်လ ၂၀ ရက်နေ့ဝန်းကျင်မှာ ရွာလုံးကျွတ် ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးလာခဲ့ ကြတာ ဖြစ်ပါတယ်။

ကျေးရွာသားတွေ ထွက်ပြေးလာနေကြတဲ့ မတ်လ ၂၀ ရက်ကျော်မှာ ကုလားတန်မြစ်အတွင်း အလောင်းတစ်လောင်းမျောနေတာကို တွေ့ခဲ့ရပြီး အဲ့ဒီအလောင်းဟာ တင်းမကြီးကျေးရွာက ဖမ်းဆီးခံလိုက်ရတဲ့ ၁၀ ဦးထဲက ဦးမောင်ဝင်းဆိုသူရဲ့ အလောင်းဖြစ်တယ်လို့ ဇနီးဖြစ်သူက အတည်ပြုပြောဆိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

ကျေးရွာသားတွေ စွန့်ခွာခဲ့ကြတဲ့ တင်းမကြီးကျေးရွာဟာ မတ်လ ၂၃ ရက်နေ့မှာ တစ်ရွာလုံး မီးရှို့ခံလိုက်ရပြီး အိမ်ခြေ ၅၂၈ ဆောင် မီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေ ဖမ်းဆီးခံလိုက်ရပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ နိုင်ငံတော် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အကူအညီပေးကြဖို့အတွက် တောင်းဆိုကြောင်း မိသားစုဝင်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55485942

တပ်မတော်ကဖမ်းပြီး ပျောက်ဆုံးနေတယ်ဆိုတဲ့ ရခိုင်ရွာသား ၁၈ ဦးကိစ္စ စတင်စစ်ဆေး  တပ်မတော်ကဖမ်းပြီး ပျောက်ဆုံးနေတယ်ဆိုတဲ့ ရခိုင်ရွာသား ၁၈ ဦးကိစ္စ စတင်စစ်ဆေး Reviewed by THITHTOOLWIN on 01:01 Rating: 5

No comments:

Powered by Blogger.