နိရဥၥရာ၊ ဒီဇင္ဘာ ၁ / ၂၀၂၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကျန်းမာရေး မကောင်း၍ ဆေးခန်းသွားပြသူတစ်ဦး ယနေ့နံနက်က ဆင်နင်း၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာသား ဦးထွန်းသာကျော် အသက် ၄၄ နှစ် ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် ၁၀နာရီ အချိန်က မောင်တောမြို့သို့ ဆေးကုသရန်သွားစဉ် ရွာ၏တောင်ဘက် တစ်မိုင်ခန့်အကွာ ဒုံးချောင်းတံတားအနီးတွင် ဆင်နင်းမိ၍ သေဆုံးသွားကြောင်း အစ်ကိုဖြစ်သူ ဝေလာတောင် ကျောင်းအုပ် ဆရာကြီး ဦးမောင်ဇံကပြောသည်။
“သူက ကျန်းမာရေးမကောင်းဖြစ်နေတယ်။ ဒါကြောင့် ကားနဲ့ မောင်တောကို ဆေးခန်းပြဖို့သွားတယ်။ သွားတဲ့အချိန်မှာ ဒုံးချောင်းတံတားနားမှာ ဆင်တစ်ကောင်ကိုတွေ့တယ်။ ဆင်ကလည်း အဲဒီလမ်း အတိုင်း သွားနေတယ်။ အဲဒီနောက် ဆင်က လူတွေကိုမြင်တော့ လိုက်လာတယ်။ တခြား လူတွေကတော့ ထွက်ပြေးလို့ လွတ်လိုက်တယ်။ သူက မပြေးနိုင်တဲ့အတွက် ဆင်နင်းခံလိုက်ရပြီး သေဆုံးသွားတယ်။” ဟု ပြောသည်။
သေဆုံးသွားသူ၏ ရုပ်အလောင်းကို မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝေလာတောင်ကျေးရွာ သုသာန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထွန်းခိုင် (တောင်ရင်းကျွန်း)
Narinjara

No comments:
Post a Comment