ကိုဗစ်- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးကို ယူကေ အတည်ပြု


လက်ရှိ ကမ္ဘာ့နိုင်ငံတချို့မှာ စတင်ထိုးနှံနေပြီ ဖြစ်တဲ့ အမေရိကန် ဖိုင်ဇာ-ဘိုင်အွန်တက်ဆေးထက် စျေးသက်သာပြီး သိုလှောင်ပို့ဆောင်ရပိုလွယ်ကူတဲ့ အောက်စဖို့ဒ်ကိုဗစ်ကာကွယ်ဆေးကို ယူကေနိုင်ငံမှာ အသုံးပြုဖို့ အတည်ပြုလိုက်ပါပြီ။

ဒီဆေးဟာ အိန္ဒိယနိုင်ငံကလည်း ထုတ်လုပ်ဖို့ သဘောတူထားတဲ့ ဆေးဖြစ်ပြီး မြန်မာနိုင်ငံက အိန္ဒိယကနေ ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ဆေးလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ၁၅ သန်း အိန္ဒိယကနေ ဝယ်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

လက်ရှိ အမေရိကန်က အတည်ပြုထားတဲ့ ဖိုင်ဇာနဲ့ မက်ဒါးနားဆေးတွေက အနည်းဆုံး ဒေါ်လာ ၂၀နဲ့ ၃၀ ဝန်းကျင်ရှိပြီး ဒီဆေးက ၄ ဒေါ်လာ တန်ဖိုးရှိပါတယ်။

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေချိန်မှာပဲ အောက်စဖို့ဒ်-အက်စထရာဇန်နကာ ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုလိုက်တာပြီဖြစ်ပြီး ပထမဆုံးဆေးကို တနင်္လာနေ့မှာ စတင်ထိုးနှံမှာ ဖြစ်ပါတယ်။

နှစ်ကြိမ်ထိုးနှံရမယ့် ဒီဆေးကို လူသန်း ၅၀ ထိုးနှံဖို့အတွက် ဆေး သန်း ၁၀၀ ယူကေက မှာ ထားပါတယ်။

အမေရိကန်ထုတ် ဖိုင်ဇာ-ဘိုင်အွန်တက်ကိုလည်း ယူကေက မှာယူထားတာမို့ အခုမှာထားတဲ့ ပမာဏနဲ့ဆိုရင် တစ်နိုင်ငံလုံး ဆေးထိုးဖို့ လုံလောက်မယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောပါတယ်။

ဒီဆေးကို ၂၀၂၀ ပြည့်နှစ် အစပိုင်းလတွေမှာ စတင် စမ်းသပ်ရှာဖွေခဲ့ပြီး ဧပြီလမှာ ပထမဆုံး စေတနာ့ ဝန်ထမ်း တစ်ယောက်နဲ့ စတင်ထိုးနှံ စမ်းသပ်ခဲ့ပါတယ်။ နောက်တော့ လူထောင်ပေါင်းများစွာမှာ ဆက်ပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။


ဒီဆေးထက်အရင် ဒီဇင်ဘာလမှာ ဖိုင်ဇာ-ဘိုင်အွန်တက်ဆေးကို ယူကေက အတည်ပြုခဲ့တာမို့ ဒါက ဒုတိယမြောက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စျေးပိုသက်သာပြီး အများအပြားထုတ်လုပ်ဖြန့်ချိဖို့ ပိုလွယ်ကူတဲ့ ဒီဆေးကို အတည်ပြုလိုက်တာဟာ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ဖို့ ကြီးမားတဲ့ အပြောင်းအလဲအဖြစ် မှတ်တမ်းတင်စရာ ဖြစ်ပါတယ်။

အဓိကက ဒီဆေးဟာ သာမန်ရေခဲသေတ္တာ အအေးခန်းမှာ ထားရှိနိုင်တာမို့ အနုတ် ၇၀ ဒီဂရီလောက်ထိ အင်မတန်အေးတဲ့ အခြေအနေမှာ ထားရတဲ့ ဖိုင်ဇာဆေးထက် ထိန်းသိမ်းသယ်ယူပို့ဆောင်မှုမှာ အများကြီး လွယ်ကူတာ ဖြစ်ပါတယ်။

ဒီဆေးရဲ့ ဆေးစွမ်းကို တစ်ကြိမ်တည်းထိုးနှံတာနဲ့ နှစ်ကြိမ်အပြည့်ထိုးနှံတာ အပေါ် စမ်းသပ်မှုတွေအရ ထိုးနှံသူတွေ ၆၂၊ ၇၀ နဲ့ ၉၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်တယ်လို့ စစ်တမ်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

လက်ရှိအချိန်မှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ထွက်ပေါ်လာနေပေမဲ့ လက်ရှိကာကွယ်ဆေးတွေက ဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်ပေးနိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/55484736

ကိုဗစ်- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးကို ယူကေ အတည်ပြု  ကိုဗစ်- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးကို ယူကေ အတည်ပြု Reviewed by THITHTOOLWIN on 01:06 Rating: 5

No comments:

Powered by Blogger.