မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ငယ်ရွယ်သူတွေ ပိုသတိထားဖို့ လို

နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးဖို့ တန်းစီနေကြသူများ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ဟာ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ ပိုပြီးကူးစက်မှုများလာ တဲ့အတွက် သတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ဟာ ကလေးတွေမှာ ကူးစက်မှုပိုဖြစ်နိုင်ပြီး ပိုပြီးလွယ်လွယ်ကူကူ ကူးစက်နိုင်တဲ့ အနေအထားမျိုးဖြစ်လာတာကြောင့် ကျန်းမာရေးကို ပိုသတိထားနေထိုင်ဖို့ လိုအပ်လာတယ်လို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

“အရင်တုန်းက ရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့အတွက်က နည်းနည်းခက်သေးတယ်။ အခုကျတော့ ပိုပြီးတော့ လွယ်ကူလျင်မြန်လာတယ်ဆိုတာကို သုတေသနပညာရှင်တွေက တွေ့ရှိရတယ်။ ဒီလို မြန်ဆန်လာတာက ဘယ်လိုသက်ရောက်သလဲဆိုရင် အရင်က ကလေးတွေ ရောဂါကူးစက်မှု သိပ်မရှိဘူး။ ဖြစ်ရင်လည်း သေဆုံးမှုက အလွန်နည်းတယ်။ ကျမတို့နိုင်ငံမှာတောင်မှ သေဆုံးမှုပေါင်း ၂,၅၀၀ နီးနီးရှိတာမှာ ဆိုရင် ၁၈ နှစ်အောက် သေဆုံးမှုက စုစုပေါင်းမှာ ၉ ယောက်ပဲရှိတယ်။ အဲ့ဒါကလည်း နောက်ခံရောဂါရှိတဲ့ ကလေးတွေပဲ ဖြစ်တာများတယ်။ ပြောချင်တာက ကလေးတွေမှာ ဖြစ်ပွားမှု နည်းတယ်။

သို့သော်အခု အင်္ဂလန်မှာ စတွေ့တဲ့ Virus ပေါ့နော်။ ခုဆို တောင်အာဖရိကလည်းရောက် နေပြီ။ သြစတြေးလျမှာလည်း ရှိနေပြီ။ နောက်တစ်ခုက တခြားသော ဒေသတွေ ပြည်နယ်တွေမှာ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေလည်း တဖြည်းဖြည်းတွေ့လာရတယ်။ အဲ့ဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် ကလေးတွေမှာလည်း ရောဂါဖြစ်ပွားနှုန်းတွေ တက်လာတယ်ဆိုတဲ့ အရိပ်အမြွတ် ကနဦးတွေ ရှိချက်တွေ သုတေသန ပညာရှင်တွေက တွေ့ရှိလာပြီ။ ဒါကြောင့်မို့ အထူးဂရုစိုက်ရတော့ မှာဖြစ်တယ်။ ဒီ Virus ပိုးမျိုးစိတ်ကရော ကျမတို့နိုင်ငံအပါအဝင် တခြားသောနိုင်ငံတွေမှာရော မရှိနေနိုင်ဘူးလားဆိုရင် ရှိနေနိုင်ပါတယ်။ဒါကြောင့်မို့ မပေါ့ဆစေချင်ပါဘူး။ အထူးသတိထားပြီးတော့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ပိုပြီးလိုက်နာကျင့်သုံးဖို့ အရေးကြီးပါတယ်။”

မြန်မာမှာလက်ရှိ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ကိုလည်း မျိုးဗီဇပြောင်းလဲမှုရှိ၊ မရှိ သုတေသနပြု စစ်ဆေးနေတယ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အထက်တွေသာ ထိုးလို့ရတဲ့ ဆေးဖြစ်ပြီး ကလေးတွေအတွက် ကာကွယ်နိုင်တဲ့ ဆေးမရှိသေးတဲ့အတွက် နှာခေါင်းစည်းတပ်ခြင်းက ကိုဗစ် ကူးစက်မှုကနေ အဓိက ကာကွယ်နိုင်တဲ့ အချက်ဖြစ်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို တသွေမသိမ်း လိုက်နာကြဖို့ လိုအပ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

မြန်မာမှာ ကိုဗစ်ကူးစက်မှုတွေ လျော့ကျလာပြီ ဖြစ်ပေမဲ့ ပြင်းထန်လူနာတွေများနေဆဲ ဖြစ်တာကြောင့် လူစုလူဝေးလုပ်တာ တစ်ဦးနဲ့ တစ်ဦး အနီးကပ်ထိတွေ့တာတွေကို တတ်နိုင်သမျှ ရှောင်ကြဖို့ လိုတယ်လို့ ပြောပါတယ်။

“ICU ထဲမှာလည်း ၁၃၀ ဝန်းကျင်က အမြဲတမ်းရှိနေတုန်းဖြစ်ပါတယ်။ အောက်စီဂျင်ပေးနေရတဲ့သူက လည်း ၁,၁၀၀ ကျော်ရှိတယ်။ Ventilator နဲ့ ကုသမှုပေးနေရတဲ့ လူနာကလည်း ၃၀ ကျော်ရှိပါတယ်။ ဒါကြောင့်မို့ ပေါ့ဆလို့တော့ မရသေးတဲ့ အနေအထားရှိတယ်လို့တော့ ပြောလို့ရပါတယ်။”

ကိုဗစ်ရောဂါဟာ ရာသီတုတ်ကွေးရောဂါလို ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်နေအုံးမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ဒီကနေ့အထိ မြန်မာမှာ ကိုဗစ်ပိုးတွေ့လူနာ အရေအတွက်က ၁၁၇,၉၄၆ ရှိနေပြီး သေဆုံးသူက ၂,၄၈၄ ရှိနေပါတယ်။


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/covid-mutation/5710157.html

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ငယ်ရွယ်သူတွေ ပိုသတိထားဖို့ လို မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ငယ်ရွယ်သူတွေ ပိုသတိထားဖို့ လို Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.