မန္တလေးခရိုင် ကိုရိုနာကူးစက်မှု မြင့်မားနေတယ်လို့ ဝန်ကြီးချုပ်သတိပေး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာဈေးက စျေးဝယ်သူတွေကို ၂၀၂၀၊ ဧပြီ ၁၅ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ခေမဏီဝင်း/ RFA
မန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိမှု လူတစ်ထောင်မှာ လေးယောက်နှုန်း ရှိနေကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
မြို့နယ် ၇ မြို့နယ်ပါဝင်တဲ့ မန္တလေးခရိုင်အတွင်းမှာ ပိုးကူးခံရသူ ၄၀၀၀ ကျော်ရှိနေတာပါ။
ဒီဖြစ်ပွားမှုဟာ များတယ်လို့ ပြောလို့မရသလို နည်းတယ်လို့လည်း ပြောလို့မရဘူးလို့ ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။
“တတ်နိုင်သမျှ ကိုင်တွယ်နေပါတယ်။ ၂၁ ရက်နေ့က ၂၈၀ ကျော်ဖြစ်တယ်။ မနေ့ကဆို ၁၈၈ ထင်တယ်။ အမြင့်ဆုံးကို ရောက်သွားပြီးရင် တစ်ချိန်ကျရင် ကျသွားမှာ။ အောက်ကျဖို့ သိပ်မလိုတော့ပါဘူး။ ပြည်သူက လိုက်နာရင် ဒုတိယလှိုင်းက ကျသွားမယ်။ ပြည်သူတွေကို မေတ္တာရပ်ခံတယ်ဆိုတာကလည်း တချို့ကိစ္စတွေက မေတ္တာရပ်ခံမှ ဆောင်ရွက်ရတာ အဆင်ပြေတာတွေရှိပါတယ်။"
ပိုးတွေ့လူနာနဲ့ ဆက်စပ်သူတွေထားဖို့ ယာယီဆေးရုံတွေ တိုးချဲ့တည်ဆောက်နေပြီး ပိုးတွေ့သူတွေကို အလုပ်သမားဆေးရုံကြီး၊ တိုင်းရင်းဆေးရုံ၊ ကန်တော်နဒီကူးစက်ဆေးရုံ၊ ကုတင် ၃၀၀ ဆေးရုံနဲ့ ၆၂ လမ်းက သံဃာ့ဆေးရုံမှာ သီးသန့်ထားရှိပါတယ်။
နောက်ထပ်လည်း ပုသိမ်ကြီးမြို့နယ် အပါအဝင် နောက်ထပ်နေရာတွေ စီမံထားပါတယ်။
မန္တလေးခရိုင်မှာဆိုရင် ကုတင် ၃၀၀၀ ကျော် ပြင်ဆင်ထားပြီး လက်တလောအထိ ကုတင်အလွတ် ၁၄၃ နေရာ ရှိနေသေးတာကြောင့် အဆင်ပြေနေသေးတယ်လို့ ဆိုပါတယ်။
ပိုးတွေ့ခဲ့တဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးလည်း ဒီနေ့ ဆေးရုံကဆင်းမယ်လို့ သိရပါတယ်။
နေအိမ်မှာ နေထိုင်ရေး မသတ်မှတ်ထားတဲ့ မြို့နယ်တွေက စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ ဆွေးနွေးနေပြီလို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
ဒါ့အပြင် ပုဂံဒေသအပါအဝင် မန္တလေးက မဟာမုနိဘုရားကို ပြန်လည်ဖွင့်လှစ်ဖို့အတွက်လည်း ဆွေးနွေးတာတွေ စတင်နေပြီလို့ ဆိုပါတယ်။
မန္တလေးတိုင်းမှာဆိုရင် ရောဂါပိုးတွေ့ရှိသူ ၆၀၀၀ ခန့်ရှိနေပြီး ဒီကနေ့အထိ သေဆုံးသူ ၄၉ ယောက်ထိ ရှိနေပြီဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/corona-in-mandalay-12012020025557.html

No comments:
Post a Comment