ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်တူးဖော်ရေးလုပ်ငန်းကြီးတွေကို ကျောက်တူးဖော်ထုတ်လုပ်ခွင့် နောက်နှစ်အထိ ပြည်နယ်အစိုးရက ရပ်နားလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ ဖားကန့်ဒေသ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့အတွက် ပိတ်ပင်ရတာလို့ ဆိုပါတယ်။
ဖားကန့်ဒေသမှာ အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စုစုပေါင်း ၃ဝ၂ ဦး၊ ဆေးကုသခံယူနေသူ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ၁၂၇ ဦးရှိနေပြီး ကချင်ပြည်နယ်မှာ ပိုးတွေ့အများဆုံးမြို့နယ်ဖြစ်နေပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက မိုးတွင်းကာလ ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ရပ်နားထားရာကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အတွက် ၂ဝ၂၁ ဇန်နဝါရီလအထိ ထပ်တိုးရပ်နားထားဖို့ ဆုံးဖြတ်လိုက်တာလို့ ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
ဖားကန့်ဒေသမှာ အကြီးစား၊ အလတ်စား၊ အသေးစားဆိုပြီး ကျောက်စိမ်းတူးဖော်ခွင့် လုပ်ငန်းလိုင်စင်တွေကို အစိုးရက ထုတ်ပေးထား တာမှာ အခုက ပြည်ထောင်စုအစိုးရက ခွင့်ပြုလိုင်စင်ထုတ်ပေးထားတဲ့ အကြီးစားလုပ်ငန်းတွေကိုသာ တူးဖော်ခွင့် ဆက်ပြီးရပ်နားထား တာပါ။
ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ပေးထားတဲ့ အလတ်စားနဲ့ အသေးစားလုပ်ငန်းရှင်တွေကိုတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့အညီ လုပ်ပိုင်ခွင့် ပေးထားတယ်လို့ ပြောပါတယ်။
ဖားကန့်ဒေသမှာ အခုလို ကျောက်စိမ်းလုပ်ကွက်တွေကို ပိတ်ထားတာကြောင့် ဒေသခံတွေ ဝင်ငွေအခက်အခဲဖြစ်နေပြီး လုပ်ကွက်တွေ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ လိုလားနေကြတယ်လို့ ဆိပ်မှူကျေးရွာအုပ်စု NlD ဥက္ကဋ္ဌ ဦးရွှေသိန်း က ပြောပါတယ်။
ကျောက်မျက်ထုတ်လုပ်ရေးလုပ်ငန်းတွေ ပိတ်ထားလို့ ဝင်ငွေခက်ခဲနေတယ်ဆိုပေမယ့် ရောဂါကာကွယ်ရေးအတွက် ပိတ်ထားတော့ လူထုက လက်ခံနေရတယ်လို့ ဖားကန့်ဒေသခံ ဦးတူးမိုင်က ပြောပါတယ်။
ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေကို မိုးတွင်းကာလ သဘာဝဘေးအန္တရာယ် ကျရောက်လာနိုင်တာကြောင့် မိုးတွင်းကာလ ဇူလိုင်လကတည်းကနေ ပိတ်ထားတာဖြစ်ပါတယ်။ အဲလိုမပိတ်ခင် ဇူလိုင်လ ၂ ရက်နေ့ က ဖားကန့်မြို့နယ် ဝှေ့ခါမှော်ရွာ ကျောက်စိမ်းလုပ်ကွက် မြေပြိုမှုကြောင့် လူပေါင်း ၁၇ဝ ကျော် သေဆုံးခဲ့ရပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြေပြိုမှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ထပ်ဖြစ်ခဲ့ပါတယ်။
၂၀၂၀ ဟာ မြေပြိုမှုကြောင့် သေဆုံးသူအများဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့က ဝှေ့ခါမိုင်းတွင်းပြိုကျမှုကြောင့် အနည်းဆုံးလူ ၁၇၅ ယောက် သေဆုံးခဲ့ပါတယ်။ အများစုမှာအသက် ၂၀ ကျော်အမျိုးသားများဖြစ်ပါတယ်။
ပြီးခဲ့သည့်နှစ်ကအနည်းဆုံးလူ ၅၀ သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၁၁၃ ယောက်သေဆုံးပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/hpakant-jade-mine-suspended-12172020071828.html

No comments:
Post a Comment