ကူးစက်မှုကျသွားတဲ့ ရန်ကုန်မှာ ကိုဗစ်စင်တာနှစ်ခု ယာယီပိတ်

 

ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိနှုန်း ကျဆင်းလာတာကြောင့် ကုသရေးစင်တာတွေထဲက တောင်ဒဂုံ ယဉ်ကျေးမှုတက္ကသိုလ်က ကိုဗစ်စင်တာနဲ့ ရန်ကင်း ပညာရေးကောလိပ် ကိုဗစ်စင်တာတွေကို ယာယီပိတ်သိမ်းလိုက်တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

"အသွားအလာ ကန့်သတ်ထားသူတွေရဲ့ ရာခိုင်နှုန်း အတော်များများကလည်း ရန်ကုန်က ဖြစ်ပါတယ်။ ပိုးတွေ့လူနာနည်းလာရင် ကွာရာတင်းဝင်တဲ့သူတွေ နည်းလာတာဖြစ်တဲ့အတွက် လက်ရှိကတော့ အသွားအလာ ကန့်သတ်စင်တာနှစ်ခုကတော့ စပြီးတော့ stan by ( ယာယီပိတ်သိမ်း ) အနေနဲ့ထားတယ်။ လိုအပ်ရင်သုံးဖို့အတွက်တော့ အဆင်သင့်ရှိနေအောင် လုပ်ထားတယ်။ အဓိကတော့ ရန်ကုန်ပဲ ဖြစ်တဲ့အတွက် ရန်ကုန် အသွားအလာ ကန့်သတ်စင်တာမှာ အစိုးရအစီအစဉ်နဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားတဲ့ အကြီးနှစ်ခုကတော့ လောလောဆယ် ခဏမလိုအပ်သေးတဲ့အတွက် ယာယီအနေနဲ့ ပိတ်တာဖြစ်ပါတယ်။"

သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာလည်း အသွားအလာ ကန့်သတ်ထားတဲ့သူရှိမရှိ အနည်းအများပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ကိုဗစ်ကုသရေး ကော်မတီရဲ့ အစီအမံအတိုင်း အသွားအလာ ကန့်သတ်စောင့်ကြည့်မှု စင်တာ (Facility Quarantine) တွေ လျှော့တာတို့ ယာယီ လောလောဆယ် ပိတ်သိမ်းတာတို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။  

ရောဂါ ထိန်းချုပ်လာနိုင်တာနဲ့အမျှ ကိုဗစ်စင်တာတွေရဲ့လုပ်အား စေတနာ့ဝန်ထမ်းအင်အားနဲ့ ငွေအားတွေကို ဖြည်းဖြည်းချင်း လျှော့သွားမယ့် သဘောဖြစ်တယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွင့်ထားတဲ့ ကိုဗစ်စင်တာ စုစုပေါင်း ၆၇၀၀ ခန့်ရှိပြီး ကိုဗစ်စင်တာမှာရှိတဲ့ အသွားအလာ ကန့်သတ် ခံထားရသူတွေကလည်း ခြောက်သောင်းခွဲခန့်ရှိပါတယ်။ ပိုးတွေ့လူနာတွေရဲ့ တစ်ဝက်ခန့်က ရန်ကုန်ကဖြစ်ပြီး သေဆုံးမှုရဲ့ ၈၉ ရာခိုင်နှုန်းကလည်း ရန်ကုန်က ဖြစ်နေတာပါ။

ရန်ကုန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်ကနေ ကုသရေးစင်တာ အနေနဲ့က ဖောင်ကြီးကိုဗစ်ကုသရေးစင်တာ ရှိပါတယ်။ ကျန်တဲ့ ဧရာဝတီစင်တာ၊ ရိုးမအိမ်ယာ၊ အောင်မြင့်မိုရ်နဲ့ အင်းလျားလိတ်စင်တာ စတာတွေကတော့ သက်ဆိုင်ရာ လုပ်ငန်းရှင် တွေနဲ့ စေတနာရှင်တွေက ဝိုင်းဝန်းလုပ်ဆောင်ပေးတဲ့ စင်တာတွေပါ။ ရန်ကုန်တိုင်းမှာ ကိုဗစ်ကုသရေးစင်တာ ၁၄ ခုရှိတဲ့ထဲက နှစ်ခုကို ပိတ်လိုက်တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာ တွေ့ရှိမှုနှုန်းက တပတ်ကျော်အတွင်း ၄ ရာခိုင်နှုန်းအောက် ကို ကျဆင်းလာပါတယ်။ ပိုးကူးစက်မှု ကျဆင်းသွားတာဟာ ပြည်သူတွေ စည်းကမ်းလိုက်နာမှုအားကောင်းလာတာကြောင့်ဖြစ်နိုင် ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးကော်မတီဝင် ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာလည်း ပိုးတွေ့ရှိနှုန်းက တဖြည်းဖြည်း ကျဆင်းလာပြီး ပိုးတွေ့လူနာ ၄၀၀ အောက်ကို ရောက်လာတဲ့အတွက် တဖြည်းဖြည်း ထိန်းချုပ်လာနိုင်တဲ့ အနေအထား တွေ့နေရတယ်လို့ ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။

 "ထိန်းချုပ်လာနိုင်တဲ့ မျှော်လင့်ချက်လေး တစ်ခုလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ရန်ကုန်တိုင်းတင်မကဘူး။ အဖြစ်များခဲ့တဲ့ မန္တလေးတိုင်းတို့ ဧရာဝတီတိုင်းတို့ ပဲခူးတိုင်းတို့ စသဖြင့် ရခိုင်ပြည်နယ်မှာဆိုရင် တော်တော်များများ မတွေ့သလောက်ကို နည်းလာ ပြီ။ တစ်နိုင်ငံလုံး အတိုင်းအတာမှာ တွေ့ရှိမှုကတော့ လျော့တော့လျော့လာတယ်။ ဒါကိုတော့ မပေါ့ဆဘဲ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ ဆရာဝန်ကြီးတွေက ထိန်းချုပ်တဲ့ဟာနဲ့ လျှော့သင့်တာလျှော့ တင်းသင့်တာ တင်းပြီးတော့ သွားမယ့် သဘောမှာရှိတယ်လို့ ထင်မြင်ယူဆပါတယ်။ “

လူနာသစ်တွေ့ရှိမှု ကျဆင်းလာတာဟာ ရောဂါတားဆီးမှု ထိန်းချုပ်နိုင်သွားတာ မဟုတ်သေးဘဲ လျော့လာတာမျိုးဖြစ်တဲ့အတွက် ပေါ့ဆလို့တော့ မရသေးဘူးလို့ ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဆိုပါတယ်။

“ အခုကကျဆင်းသွားတယ်လို့ ပြောလို့ရပေမယ့် စိတ်ချရတဲ့ အနေအထားမဟုတ်သေးဘူး။ အရင်ကတော့ တိုက်ခန်းနေ လူတန်း စားတွေမှာ တွေ့ရတာများတယ်။ အခုနောက်ပိုင်းမှာ အခြေခံလူတန်းစားတွေမှာ တွေ့ရတာ ပိုများတယ်။ ဥပမာ - စက်ရုံဝန်ထမ်း၊ သူတို့မိသားစု၊ ရန်ကုန်မြို့ အစွန်အဖျားမှာရှိတဲ့ မြို့နယ်တွေမှာ ဖြစ်တာပိုများတယ်။ အဓိကကတော့ အခြေခံလူတန်းစားတွေမှာ ဖြစ်တာ ပိုများတယ်လို့ ပြောလို့ရတယ်။ အိမ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်မှာ အခန်းနဲ့မတန်တဲ့ လူဦးရေ နေရတာမျိုးတွေက အဖြစ်များတာ ရှိတယ်။ “

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ရန်ကုန်တိုင်းအပြင် တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း ထိန်းချုပ်လာနိုင်တာ တွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ  ၂၈  ရက် မနေ့ကညပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ထပ်တိုးလူနာ ၆၄၈ ဦး၊ သေဆုံးလူနာ ၁၇ ဦးရှိပြီလို့ ထုတ်ပြန်တာကြောင့် မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူ တစ်သိန်းနှစ်သောင်းကျော်လာပါပြီ။

လက်ရှိအချိန်မှာ ရောဂါထိန်းချုပ် ကုသရေးပိုင်းမှာ နိုင်နိုင်နင်းနင်းရှိနေတာကြောင့် ရောဂါရှိသူတွေကို သူတို့နေအိမ်မှာပဲထားရှိတာ ကတော့ ဆောင်ရွက်ဖို့ မလိုသေးဘူးလို့ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။ မကြာခင်မှာ ရောက်ရှိမယ့် နှစ်သစ်ကူးညကိုလည်း ကိုဗစ် ကန့်သတ် ချက်နဲ့အညီ ဆင်နွှဲကြဖို့  ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်နေသူတွေက သတိပေးနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-covid-center-closed-in-ygn-12292020042519.html

ကူးစက်မှုကျသွားတဲ့ ရန်ကုန်မှာ ကိုဗစ်စင်တာနှစ်ခု ယာယီပိတ်  ကူးစက်မှုကျသွားတဲ့ ရန်ကုန်မှာ ကိုဗစ်စင်တာနှစ်ခု ယာယီပိတ် Reviewed by THITHTOOLWIN on 00:12 Rating: 5

No comments:

Powered by Blogger.