အခြားရောဂါအခံ မရှိသူ ကိုဗစ်လူနာ အချို့ကို နေအိမ်တွေမှာ ထားပြီး ကုသနိုင်ဖို့အတွက် အစိုးရက စတင် ပြင်ဆင်နေပြီ လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။
ဒီအစီအစဉ်ကို ကနဦး စတင်စမ်းသပ်တဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ စမ်းသပ် လုပ်ကိုင်သွားမယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုဗစ်-၁၉ ကုသရေးဌာနတွေမှာ ကုသမှု ခံယူနေတဲ့ ရောဂါအခံမရှိသူနဲ့ ရောဂါ မပြင်းထန်သူတွေကို နေအိမ်မှာ သီးခြားထားရှိနိုင်ရေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကုသရေးဌာနများရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံ ဆရာဝန်ကြီးများနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တွေ့ဆုံတဲ့ အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ရောဂါအခံမရှိသူ၊ စိတ်ချရတဲ့ အနေအထားရှိသူ၊ နေအိမ်တွေမှာ သီးခြားအခန်းနဲ့ နေထိုင်လို့ရနိုင်သူ၊ မိသားစုဝင် နည်းတဲ့သူ၊ နေအိမ်မှာ အသက်အရွယ်ကြီးသူ မရှိတဲ့သူတွေကို မြို့နယ် ကိုဗစ်ကော်မတီ၊ ကျန်းမာရေးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ စောင့်ကြည့်သွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီး ကိုဗစ်လူနာ အထူးကြပ်မတ်ကုသဆောင်တွင် လူနာများကို ကုသပေးနေစဉ်အခုလို ကုသဖို့ စီစဉ်ရတာဟာ ဆေးရုံတွေမှာ လူနာတွေအတွက် နေရာမရှိလို့ မဟုတ်ဘဲ ဖောင်ကြီး ကုသရေးစင်တာ ဆိုရင် လူနာတစ်ထောင်ကျော် ကုသနိုင်တဲ့နေရာမှာ လူနာ ၃၀၀ ကျော်သာ တက်ရောက် ကုသနေတာ ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ရန်ကုန်ကို လာရောက်ပြီး ကူညီဆောင်ရွက်ပေးနေကြတဲ့ တိုင်းနဲ့ပြည်နယ်က ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ သူတို့ဒေသတွေဆီ ပြန်ဖို့ ရှိလာနေပြီး လာရောက်ကူညီ ဆောင်ရွက်ပေးတဲ့ စေတနာ ဝန်ထမ်းတွေ နည်းလာတဲ့အပြင် ကုသရေးစင်တာတချို့ကိုလည်း ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့ရှိနေတဲ့ အတွက် အခုလို နေအိမ်မှာ သီးခြားခွဲ ကုသတဲ့ အစီအစဉ်ကို လုပ်ဖို့ စီစဉ်တာဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
နေအိမ်မှာ သီးခြားခွဲပြီး ကုသမှု ခံယူနေစဉ် ကိုဗစ်လူနာ အနေနဲ့ စည်းကမ်း လိုက်နာမှု ရှိမရှိ ဆိုတာကို မြို့နယ် ကိုဗစ်ကော်မတီက စောင့်ကြည့်မှာဖြစ်သလို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆက်သွယ်ပြီး စစ်ဆေးမှုတွေ လုပ်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ကိုဗစ် ကုသရေးမှာ လာကူတဲ့ စေတနာ့ဝန်ထမ်းတွေ နည်းလာမြန်မာနိုင်ငံမှာ ကိုဗစ်ကုသရေး၊ တုံ့ပြန်ပြင်ဆင်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်လာခဲ့တာ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ဆိုရင်တစ်နှစ်ပြည့်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာ အရေအတွက်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ စုစုပေါင်း ၁၀၇၂၁၅ ဦး ရှိခဲ့ပြီး လူဦးရေ တစ်သန်းမှာ ကိုဗစ် လူနာသေဆုံးမှု ၄၁ ဦးနှုန်း ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ကပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ကူးစက်မှုခံရသူစာရင်းထဲမှာ အဆင့် ၆၈ နေရာမှာ ရှိနေပါတယ်။
နိုင်ငံ လူဦးရေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ နည်းပါးတဲ့အတွက် ဝန်နဲ့အား မမျှဘဲ နေ့မအား၊ ညမနား ဆောင်ရွက်နေရတာရယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဆက်များနေရင် မနိုင်မနင်းဖြစ်လာမှာရယ်၊ ဒီလို ဆောင်ရွက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေကို ငဲ့ညှာသောအားဖြင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းတွေကို အလေးထား လိုက်နာပေးကြဖို့ ဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် တိုင်းနဲ့ပြည်နယ် အလိုက် ထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်းမှာ ကူးစက်ခံရသူ အရေအတွက်ဟာ ၅၁၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး ရောဂါပိုး ရှိသူ အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။
ရန်ကုန်မြို့ ကန်တော်ကြီးမှာ ကျန်းမာရေးအတွက် လမ်းလျှောက်နေကြသူတွေကို ဒီဇင်ဘာလ ၁၆ရက်က တွေ့မြင်ရတာ ဖြစ်ပါတယ်။ရန်ကုန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ကျဆင်းလာပေမယ့် မန္တလေးမှာ ၂၈၀ ကျော်နဲ့ ဧရာဝတီတိုင်းမှာ ကူးစက်ခံရသူ အရေအတွက် ၁၀၀ ကျော်ရှိနေပါတယ်။
ကိုဗစ် ကူးစက်ခံရပေမဲ့ ဆေးရုံမှာ သတ်မှတ်ရက် ထားပြီး သတ်မှတ်ချက်တွေ ပြည့်စုံ၊ စိတ်ချရတဲ့ အနေအထားမှာ ရှိတဲ့ လူနာတွေကို နေအိမ်တွေမှာ ထားမှာဖြစ်တဲ့ အတွက် လူနာတွေအနေနဲ့လည်း စိတ်သက်တောင့်သက်သာ ရှိမှာ ဖြစ်သလို ဆေးရုံဝန်ထမ်းတွေကလည်း တခြား လူနာတွေကို ပိုပြီး ဂရုစိုက်နိုင်မယ်လို့ ဒေါက်တာခင်ခင်ကြီးက ရှင်းပြပါတယ်။
အခုလို နေအိမ်မှာ သီးခြားထားပြီး ကုသမယ့် လူနာတွေကို ဘယ်လိုလူနာ၊ ဘယ်လို အသက်အရွယ်တွေကို သတ်မှတ်မလဲ၊ နေအိမ်ကရော ဘယ်လို အနေအထားကို သတ်မှတ်မလဲ ဆိုတာတွေကို အသေးစိတ် ဆွေးနွေးပြီး သတ်မှတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီအစီအစဉ်ကို ဒီတစ်ပတ်အတွင်း စနိုင်ဖို့ မရှိသေးဘူးလို့တော့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
BBC Burmese

No comments:
Post a Comment