ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် အလုပ်သမားတွေ သွားလာလှုပ်ရှားမှုတွေကို ထိုင်းအာဏာပိုင်တွေ တိုးမြှင့် ကန့်သတ်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့နယ်နဲ့ တောင်ပိုင်းဒေသတချို့က မြန်မာအလုပ်သမားတွေကြား ကိုဗစ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့ရာက နေမြေကျော် သွားလာခွင့်တွေကိုပါ ကန့်သတ်လိုက်သလို၊ စာသင်ကျောင်း တချို့ကိုပါ ပိတ်ထားပါတယ်။ သွားလာလှုပ်ရှားမှုတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စာသင်ကျောင်းတွေကိုပါ ပိတ်လိုက်ရတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းက အခြေအနေကိုတော့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလို ပြောပြပါတယ်။
"မနေ့ကဆိုရင် ထိုင်းတောင်ပိုင်းမှာ ၄ ယောက်ထပ်တွေ့တယ်။ မြန်မာအလုပ်သမားတွေမှာ တွေ့တာလေ အခုက သွားလာတာတွေကို ကန့်သတ်ကုန်ပြီ။ ကျနော်တို့ဆီမှာလည်းတရားဝင်စာထုတ်ထားတယ်။ အလုပ်သမားတွေ ခရိုင်ခြားကို၊ ခရီးသွားတာကို ပေးမသွားတော့ဘူး။ ဧည့်သည်လာရင်အကြောင်းကြားရမယ်။ လူစိမ်းရပ်ကွက်ထဲကို ဝင်ရင်အကြောင်းကြားရမယ် အထူးသဖြင့် ကိုဗစ်ဖြစ်တဲ့ ၅ ခရိုင်က လူတွေလာရင် လက်မခံရဘူးပေါ့။ ရွှေ့ပြောင်းအလုပ်သမားအားလုံးကို လုပ်တာ၊ ချွန်ဘူရီ၊ ရာတ်ချ်ဘူရီ လုပ်တယ်။ ကပီစူရတ်ဌာနီဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးမသွားတော့ဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ လုပ်တာ။ ကျနော်တို့ စာသင်ကျောင်းတွေလည်း ၁၈ ရက်နေ့ကတည်းက ပိတ်ထားရတယ်။"
မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေကြတဲ့ ပင်လယ်စာလုပ်ငန်းတွေရှိရာ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မှာတော့ ကပ်ရောဂါကူးစက်မှုကြောင့် ကန့်သတ်မှုတွေ တိုးမြှင့်ထားပြီး မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေအတွက် အရေးပေါ် လူနာဆောင်တွေပါ ပြင်ဆင်ထားကြောင်းလည်း ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဌာန အမြဲတမ်း အတွင်းဝန် Dr. Somchai Chakraphan က မဟာချိုင်မြို့ ပုဇွန်စျေးကို ဒီကနေ့ လာရောက်စစ်ဆေးစဉ်မှာ ပြောဆိုသွားပါတယ်။
မကြာသေးခင်ရက်တွေမှာ ရောဂါကူးစက်မှုတွေ တွေ့ခဲ့ရတဲ့ မဟာချိုင်အပြင်၊ ပင်လယ်စာတင်ပို့တဲ့ လုပ်ငန်းတွေကြောင့် ဆက်စပ်နေတဲ့ ထိုင်းတောင်ပိုင်းခရိုင်တွေမှာပါ ရောဂါကူးစက်မှု ရှိမရှိ ကျန်းမာရေး တာဝန်ရှိသူတွေ တိုးမြှင့်စစ်ဆေးနေတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။
"မဟာချိုင်မှာ ပတ်စ်ပို့ လုပ်တဲ့သူတွေ စီအိုင်ကနေ ပတ်စ်ပို့ လျှောက်တဲ့သူတွေအကုန် ဒုက္ခရောက်တာပေါ့။ သွားတဲ့သူတွေဆေးရုံဆေးခန်းမှာ သွားစစ်ဆေးရမယ်။ ဖန်ငက သွားစစ်တဲ့သူတွေက ထိုင်းရော၊ မြန်မာရော ၁၄၆ ယောက်ရှိတယ်။ တောင်ပိုင်းခရိုင် ရေလုပ်ငန်းထွက်တဲ့နေရာတွေနဲ့ မဟာချိုင်က လူတွေက ဆက်စပ်နေတာ။ ကားတွေက အမြဲတမ်း ပင်လယ်စာတွေ တင်ပို့နေတာကိုး။"
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ အတည်ပြုလူနာ ၅,၇၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေလည်း ပါဝင်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၅၀၀ ကျော်နဲ့ ကူးစက်သူ ၁၁၉,၀၀၀ ကျော်ရှိနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသမှာ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-myanmar-migrant-covid/5711771.html

No comments:
Post a Comment