ဒီဇင်ဘာလကုန်ပိုင်း လေးရက်အတွင်း တပ်မတော်သား ၁၄၀ ကျော် ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာလကုန်ပိုင်း လေးရက်အတွင်း တပ်မတော်သား ၁၄၀ ကျော် ကိုဗစ်ပိုးတွေ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ၂၀၂၀၊ မေလဆန်းပိုင်းက နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ် ရှိ၊ မရှိ စစ်ဆေးမှု ခံယူနေစဉ် / ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခြေစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာရှိတဲ့ စစ်ဆေးရုံရဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ တပ်မတော်သားနဲ့ တပ်မိသားစုဝင်တွေ ၄ ရက်အတွင်း ၁၄၁ ဦးထိ ရှိလာတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက RFA ကိုပြောပါတယ်။

တပ်မတော်အတွင်း ပိုးတွေ့အတည်ပြုလူနာဦးရေဟာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ၄၄ ယောက်၊ ၂၆ ရက်နေ့မှာ ၅၅ ယောက်၊ ၂၇ ရက်နေ့မှာ ၂၈ယောက်၊ ၂၈ ရက်နေ့မှာ ၁၄ ယောက် စုစုပေါင်း ၁၄၁ ယောက် ရှိလာတာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အတည်ပြုလူနာတွေကို နေပြည်တော် ဇေယျာသီရိမြို့နယ်မှာရှိတဲ့ တပ်မတော်ဆေးရုံမှာပဲ ဆေးကုသ ပေးနေပြီး တပ်မတော်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို လူနာအမည်စာရင်းနဲ့ ကျား၊ မ အရေအတွက်ကိုသာ ပေးပို့တာဖြစ်လို့ ပိုးကူးစက်ခံရမှုဖြစ်စဉ် အသေးစိတ်နဲ့ ကူးစက်ခံရတဲ့ တပ်မတော်သားရဲ့ ရာထူးနဲ့ ဘယ်တပ်က ဆိုတာမျိုးကိုတော့ မသိရကြောင်း ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။

တပ်အတွင်း ပိုးတွေ့အတည်ပြုလူနာတွေ များပြားလာတာနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ အခုချိန်ထိ သတင်း တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရသေးပါဘူး။

နေပြည်တော် ၈ မြို့နယ်အတွင်း ဒီဇင်ဘာ ၂၇ ရက်နေ့ထိ ပိုးတွေ့လူနာ ၈၂၇ ဦးရှိပါတယ်။ အဲ့ဒီထဲမှာ အစိုးရဝန်ထမ်းအများဆုံးရှိတဲ့ ဇမ္ဗူသီရိမြို့နယ်က ပိုးတွေ့လူနာ အများဆုံးဖြစ်ပြီး၊ တပ်မတော်သားနဲ့ တပ်မိသားစုဝင်တွေ အများဆုံးရှိတဲ့ ဇေယျာသီရိမြို့နယ်က ပိုးတွေ့လူနာ ဒုတိယ အများဆုံးဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ပိုးတွေ့လူနာ ၈၀၀ ကျော်အနက် ရောဂါသက်သာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၅၀၀ ကျော်ရှိပြီး ဆေးရုံတက်လူနာ ၂၀၀ ကျော်ရှိနေပါသေးတယ်။

တစ်နိုင်ငံလုံးမှာတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီနောက်ဆုံးထုတ်ပြန်ချက်အရ အတည်ပြုလူနာ တစ်သိန်းနှစ်သောင်းကျော်၊ ဆေးရုံဆင်းခွင့်ရသူ တစ်သိန်းကျော်နဲ့ သေဆုံးလူနာ ၂၆၀၁ ဦးရှိနေပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/morethan-140soldiers-are-corona-positive-12282020050144.html

ဒီဇင်ဘာလကုန်ပိုင်း လေးရက်အတွင်း တပ်မတော်သား ၁၄၀ ကျော် ကိုဗစ်ပိုးတွေ့  ဒီဇင်ဘာလကုန်ပိုင်း လေးရက်အတွင်း တပ်မတော်သား ၁၄၀ ကျော် ကိုဗစ်ပိုးတွေ့ Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.