ကိုဗစ်ကြောင့် ရပ်ထားတဲ့ လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ စီစဉ်

အထည်ချုပ် စက်ရုံတခုတွင်တွေ့ရတဲ့ စက်ချုပ်လုပ်သားများ။ (မေ ၂၈၊ ၂၀၂၀)

ကိုဗစ်ကူးစက်မှု တည်ငြိမ်လာတဲ့ အနေအထားမျိုး ဖြစ်လာပြီဖြစ်တဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြုပြင်တာမျိုးလုပ်ပြီး လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့ စီစဉ်နေတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

လူသားတွေဟာ ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်ရမှာဖြစ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးမှု နှောက်နှေးမသွားစေဖို့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးကို ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းကြရမယ်လို့ နေထိုင်မှုပုံစံအသစ်များဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုးပမ်းမှုအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လည်ဆောင်ရွက်တဲ့အခါ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်တာ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေထိုင်တာ၊ လက်ကို မကြာခဏဆေးတာ၊ တစ်ဦးကိုတစ်ဦး ကိုဗစ်ကာကွယ်ရေးအတွက် သတိပေးတာစတဲ့ အချက်တွေကို လိုက်နာဖို့လိုအပ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လုပ်ငန်းတွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်လာနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

“ကျမတို့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကိုဗစ်ကို ထိန်းချုပ်နိုင်ပြီဆိုလို့ရှိရင် စီးပွားရေးကိစ္စတွေကိုလည်း ပြန်နလန်ထူဖို့ ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် ဒီလိုမျိုးအလုပ်အကိုင်အခွင့်အလမ်း တွေကို ရရှိနိုင်အောင် လုပ်ဖို့က ကိုယ်ရော ကိုယ့်မိသားစုတွေ ကျန်မာဖို့လို့ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်စီ၊ တစ်ယောက်စီတိုင်းက ကျန်းမာခြင်းလာဘ်လာဘကို ရရှိဖို့ဆိုတာက တစ်ယောက်စီ၊ တစ်ယောက်စီတိုင်းက စည်းကမ်းကို လိုက်နာဖို့ အရေးကြီးပါတယ်။”

စည်းကမ်းသတ်မှတ်ချက်တွေကို လက်ရှိ အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ပြုပြင်ဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာခင်ခင်ကြီးက VOA ကို ခုလိုပြောပါတယ်။

“နောက်ပိုင်း ထွက်လာတဲ့ သုတေသနတွေ့ရှိချက်တွေ အပေါ်မူတည်ပြီး လိုအပ်သလိုတော့ ဒါလက်ရှိ ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါအနေအထား ထိန်းချုပ်နိုင်မှု ဒါတွေအပေါ်မူတည်ပြီးတော့ လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ရှိပါတယ်။”

ဗြိတိန်မှာ COVID 19 ရဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုကို တွေ့ရတဲ့အတွက် လက်ရှိမြန်မာမှာဖြစ်နေတဲ့ ဗိုင်းရပ်ကိုလည်း သုတေသနပြုစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရက ပြောပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက လုပ်ငန်းတွေကို ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပြန်လည်လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်တာမှာ သတိထားဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

“စီးပွားရေး နလန်ထူဖို့ကို နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကြိုးစားလုပ်ကိုင်နေတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒါကို အလားတူ ယှဉ်တွဲနေနိုင်ဖို့ သူတို့စပြီး ကြိုးစားတယ်ဆိုတာပါ။ ဒါပေမယ့်လို့ ဒါက အဓိက သူတို့ သတိထားဆောင်ရွက်ရမှာက နိုင်ငံကြီးတွေမှာလည်း ဒါကို နဂိုကတည်း လုပ်နေကြပေသိ အခုချိန်ထိ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေတုန်းပါဘဲ။ သတိကြီးကြီးထားပြီးတော့လုပ်ကိုင်ဖို့ လိုပါတယ်။ ဒါတွေကလည်း သူတို့ Monitor ဆက်လုပ်မှာပါ။ Monitor လုပ်ပြီး တစ်ခုခုဆိုတာနဲ့ ဟိုတစ်ခါ ကျောင်းတွေပြန်ပိတ်သလို ပြန်ပိတ်ရမှာပါ။”

စီးပွားရေး ပြန်နလန်ထူနိုင်ဖို့ အစီအစဉ်တွေကို စနစ်တကျဆောင်ရွက်နေပြီးတော့ ပြည်သူနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ပြီး ချင့်ချင့်ချိန်ချိန် လုပ်နိုင်မယ်ဆိုရင် မြန်မာရဲ့ စီးပွားရေး အညွှန်းကိန်း GDP ဟာ လက်ရှိ ၁.၈ ကနေ ၆ လောက်အထိ တက်မယ်ဆိုတဲ့ ကမ္ဘာဘဏ်ရဲ့ မျှော်မှန်ချက်ဟာ အကောင်အထည်ပေါ်လာနိုင်မယ်လို့ ဒေါက်တာ မောင်မောင်လေးက သုံးသပ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ အလွန်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဦးမော့လာပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့ စီးပွားရေးဝန်းကျင်ကောင်းဖန်တီးရာမှာ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နိုင်ငံရဲ့ လူမှုစီပွားဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။

ကိုဗစ်ရောဂါဟာ ရာသီတုတ်ကွေးရောဂါလို ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်နေအုံးမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ဒီကနေ့အထိ မြန်မာမှာ ကိုဗစ်ပိုးတွေ့လူနာ အရေအတွက်က ၁၀၀,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူက ၂,၀၀၀ ကျော်ရှိနေပါတယ်။


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-situation/5708737.html

ကိုဗစ်ကြောင့် ရပ်ထားတဲ့ လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ စီစဉ် ကိုဗစ်ကြောင့် ရပ်ထားတဲ့ လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ စီစဉ် Reviewed by THITHTOOLWIN on 01:02 Rating: 5

No comments:

Powered by Blogger.