ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒုက္ခသည်စခန်းနှစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်နေ


ရခိုင်ပြည်နယ် မြေပုံမြို့နယ်က စညှင်း၊ ကိုင်းကြီးစတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတာ ရက်ပေါင်းနှစ်ဆယ်ကျော်အထိရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီဆောင် ရွက်ပေးတဲ့သူတွေက RFA ကို ပြောပါတယ်။

အဲဒီစညှင်း၊ ကိုင်းကြီးစစ်ဘေးဒုက္ခသည်စခန်းမှာ မြေပုံမြို့နယ်က ကမ်းနီ၊ ကံ့ကော်ချောင်း၊ ကြက်ဟင်းခါး၊ အင်ကြင်း၊ ဒလ၊ စညှင်း၊ လေသွန်စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းကနေ ခိုလှုံနေတာပါ။

အခုလက်ရှိ စားနပ်ရိက္ခာပြတ်တောက်နေတာကြောင့် နီးစပ်ရာကျေးရွာတွေကနေ အကြွေးဝယ်ပြီး ဖြေရှင်းပေးနေရတယ်လို့ ကိုင်းကြီးစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးရွှေစိုးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ကိုင်းကြီးရယ် စညှင်းရယ်က စတာတစ်နှစ်ကျော်ပြီဗျ။ အစိုးရရဲ့ ထောက်ပံ့မှုလည်း မရှိဘူး။ ပြီးရင် တခြားနိုင်ငံခြားအဖွဲ့အစည်းတွေလည်း မရောက်ဘူးဗျ။ ကျွန်တော်တို့ ကိုယ့်ဟာကိုကိုယ် ရုန်းကန်ပြီးတော့ လုပ်နေရတာ။ အခုက စားနပ်ရိက္ခာ အဆင်မပြေတာ ရက်ပေါင်းနှစ်ဆယ်လောက်ရှိပြီဗျ။ ဒီမှာက ဆောင်းတွင်းဆိုရင် အနွေးထည်ကလည်း အဆင်မပြေဘူးဗျာ။ အနွေးထည်က ထားလိုက်ပါဦး စားရေးသောက်ရေးက လုံးဝကို အဆင်မပြေတာဗျ။ ကျွန်တော်တို့ကတော့ နီးစပ်ရာကျေးရွာတွေက အကြွေးဝယ်ပြီးတော့ ဖြေရှင်းနေရတယ်ဗျ”

ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတာနဲ့ပတ်သက်လို့ အစိုးရထံ တိုင်ကြားထားပေမယ့် တစ်စုံတစ်ရာအကြောင်းပြန်တာ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

အစိုးရကနေ စားနပ်ရိက္ခာတွေထောက်ပံ့ပေးတာမရှိသလို အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ထောက်ပံ့မှုတွေ နည်းပါးလာတာကြောင့် အရင်ကပေးထားတဲ့ရိက္ခာတွေကို တစ်ယောက်နဲ့ တစ်ယောက် မျှဝေစားသောက် နေရတယ်လို့ ပြောပါတယ်။

ရွာအနီးမှာ တပ်ကနေရာချထားဆဲဖြစ်လို့ နေရပ်ပြန်ဖို့ကလည်း အခက်အခဲရှိနေတယ်လို့ စညှင်း စစ်ဘေးဒုက္ခသည်စခန်းမှာခိုလုံနေတဲ့ စစ်ဘေးဒုက္ခသည် ဦးမျိုးမင်းက RFA ကို ရင်ဖွင့်ပါတယ်။

“ဒီမှာအခက်အခဲတွေကတော့ ရိက္ခာတွေဘာတွေ အစိုးရက အထောက်အပံ့တွေလည်း မရှိဘူး။ ပရဟိတအဖွဲ့တွေကတည်း ထောက်ပံ့တာနည်းတယ်။ လက်ရှိကတော့ အရင်ထုတ်ထားတဲ့ ရိက္ခာတွေနဲ့ပဲ နည်းနည်းမျှပြီးတော့ စားသောက်နေကြရတယ်။ နေရပ်ပြန်ဖို့ကလည်း အခက်အခဲတွေရှိတယ်။ နေရပ်နားတွေမှာ မြန်မာစစ်တပ်တွေ ချထားတယ်။ အဲဒါကြောင့် မသွားရဲကြဘူး”

စစ်ဘေးဒုက္ခသည်တွေကို ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အစိုးရဘက်က တက်နိုင်သလောက် ကူညီပေးစေလိုတယ်လို့ စညှင်းစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးသုဝဏ္ဏစက္ကက မိန့်ပါတယ်။

“ဦးဇင်းတို့ စစ်ဘေးဒုက္ခသည်စခန်းမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကရော၊ အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကရော လာရောက်ထောက်ပံ့တာ မရှိဘူး။ အဲဒါကြောင့် ရိက္ခာက မကြာခဏဆိုသလို ပြတ်နေတာ။ တောင်းဆိုချင်တာကတော့ စစ်တပ်ကဆိုရင်လည်း ကျွန်တော်တို့ဆီကိုလာတဲ့ အလှူရှင်တွေကို အန္တရာယ်ကင်းကင်းနဲ့ လာလို့ရအောင် ခွင့်ပြုပေးစေချင်တယ်။ အစိုးရအနေနဲ့လည်း တက်နိုင်သလောက် လာရောက်ကြည့်ရှုပြီးတော့ ဦးဇင်းတို့ ကယ်ဆယ်ရေးစခန်းကို လာရောက်ကူညီပေးစေချင်ပါတယ်”

အခုလို စစ်ဘေးဒုက္ခသည်စခန်း ရိက္ခာပြတ်တောက်တာဟာ အစိုးရမှာတာဝန်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက အခုလို ထောက်ပြပါတယ်။

“အဓိကကတော့ ဒီစခန်းတွေ ရိက္ခာပြတ်ရတဲ့အကြောင်းအရင်းက တိုက်ပွဲတွေလည်းရှိတယ်။ ကိုဗစ်တွေလည်း ဖြစ်တဲ့အကြောင်းမို့လို့ သွားလာရအခက်အခဲဖြစ်တဲ့အတွက် ထောက်ပံ့မှုတွေကို မလုပ်နိုင်တာပါဆိုပြီး ဆင်ခြေတွေပေးပြီး ခွင့်ပြုချက်တွေမပေးတာကို ကျွန်တော်တို့ သိရတယ်။ အခုက တိုက်ပွဲတွေလည်းမရှိတော့ဘူး ကိုဗစ်ကလည်း လျော့ပါးသွားပြီးဆိုတော့ ခွင့်ပြုချက်တွေ ပေးရမှာပေါ့နော်။ ဆိုတော့ ခွင့်ပြုချက်မပေးတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ နောက်တစ်ခါ အစိုးရက မပေးလို့ရှိရင်လည်း ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေပေါ့နော် WFP တို့ ICRC တို့က လက်ရှိအခြေအနေအရ ထောက်ပံ့ဖို့ လိုနေတယ်ဆိုတာကို အစိုးရနဲ့ ညှိနှိုင်းပြီးတော့ စကားပြောရမှာပေါ့”

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြား မရှိပါဘူး။

စစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အစိုးထံတင်ပြလာရင်တော့ တက်နိုင်သလောက် ကူညီပေးဖို့ အစိုးရမှာအဆင်သင့်ရှိတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် က RFA ကို ဖြေကြားလေ့ရှိပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဒီနှစ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်လို့ စားနပ်ရိက္ခာအခက်အခဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာတွေရှိပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုက ရွာပေါင်း ၄၈ ရွာမှာတော့ အခုနှစ် ဇူလိုင်လဆန်းအတွင်း တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာ ပြတ်တောက်တာတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲပြီးနောက် ဒီနှစ်ကုန်ပိုင်း တိုက်ပွဲတွေရပ်နေလို့ နေရပ်ပြန်သွားတဲ့ စစ်ဘေးဒုက္ခသည်တွေရှိနေပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ စာရင်းအရ စစ်ဘေးဒုက္ခသည် လေးသောင်းကျော် နေရပ်ပြန်သွားကြပြီး နေရပ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည် တစ်သိန်းကိုးသောင်းကျော် ရှိနေပါသေးတယ်။

အစိုးရရဲ့စာရင်းတွေအရတော့ ရခိုင်မြို့နယ်က မြို့နယ်၁၁ မြို့နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၂၇၇၁ စု၊ စစ်ဘေးဒုက္ခသည်ဦးရေ ၈၇၄၆၇ ဦးရှိတယ်လို့ ဆိုပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/rakhine-refugees-12232020045757.html

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒုက္ခသည်စခန်းနှစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်နေ  ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒုက္ခသည်စခန်းနှစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်နေ Reviewed by THITHTOOLWIN on 00:45 Rating: 5

No comments:

Powered by Blogger.