ရခိုင်က စစ်ရှောင်အမျိုးသမီးတွေ ရိက္ခာနဲ့ အမျိုးသမီးသုံးပစ္စည်းလဲနေရ

မြောက်ဦးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင် စခန်းပေါင်း ၂၇ ခုရှိ

မြောက်ဦးမြို့ပေါ် ဒုက္ခသည်စခန်းတွေက စစ်ဘေးရှောင် အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းတွေ မရှိတာကြောင့် ရိက္ခာပစ္စည်းတွေ ရောင်းချပြီး ဝယ်ယူအသုံးပြုနေကြရတယ်လို့ အဲဒီစခန်းတွေက အမျိုးသမီးတွေက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာနေထိုင်နေကြသူအများစုတို့ဟာ အမျိုးသမီးတွေဖြစ်ပြီး သူတို့ ပုံမှန်လိုအပ်နေတဲ့ လစဉ်သုံးပစ္စည်းတွေနဲ့ အတွင်းခံအဝတ်အစားတွေ အကူအညီ မရဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရိက္ခာနဲ့တခြားစားသောက်ကုန်တွေကိုတော့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ ပေးနေပေမယ့် အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေကိုတော့ ထောက်ပံ့ပေးတာမရှိဘူးလို့ သိရပါတယ်။

အဲဒီအသုံးအဆောင်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေဆီက ထောက်ပံ့မှု တချို့ရှိပေမဲ့ ပုံမှန်မထောက်ပံ့နိုင်တဲ့အတွက် အခုလိုပြတ်လပ်နေချိန်မှာ ဆန်နဲ့စားသောက်ကုန်ရိက္ခာတွေကို ရောင်းချပြီး အဲဒီငွေကြေးတွေနဲ့ ဝယ်ယူအသုံးပြုနေကြရတာဖြစ်တယ်လို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှာနေထိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင် စခန်းပေါင်း ၂၇ ခု ရှိပြီး မြို့ပေါ်မှာ စခန်းပေါင်း ၁၃ ခုရှိပါတယ်။

နိုဝင်ဘာလအထိ တစ်မြို့နယ်လုံးမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၅၀၀ ကျော်နဲ့ လူဦးရေ ၂၁၀၀၀ ကျော် ခိုလှုံလျက်ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မြောက်ဦးမှာ စစ်ဘေးရှောင် အမျိုးသမီး ၁၀၃၀၀ ကျော် ရှိနေပြီး အဲဒီထဲက သုံးပုံနှစ်ပုံလောက်အတွက် အမျိုးသမီးအတွင်းခံနဲ့ အသုံးအဆောင်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။

အခုလို အခက်အခဲတွေကို တခြားမြို့နယ်တွေမှာရှိနေကြတဲ့ စစ်ဘေးရှောင်စခန်းတွေက အမျိုးသမီးတွေလည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အဲဒီစခန်းတွေက အမျိုးသမီးတွေဆီက သိရပါတယ်။

အရင်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC လို အဖွဲ့အစည်းတွေဆီက ရပေမဲ့ အခုအခါ မရတော့ကြောင်းနဲ့ အတွင်းခံ အဝတ်အထည်တွေလည်း မလုံလောက်လို့ ညစ်နွမ်းနေတာတွေကို ဝတ်နေရတယ်လို့ နောက်ထပ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြောက်ဦးစစ်ရှောင်စခန်း

ဒါ့ပြင် စခန်းအတွင်းမှာဆောက်လုပ်ထားတဲ့ တဲအိမ်တန်းလျားတွေမှာနေထိုင်နေကြရတာကြောင့် အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိသလိုခံစားနေကြရသလို နေအိမ်အခန်းနံဘေးမှာ ဖြစ်သလိုရေချိုးနေကြရတဲ့အတွက် လုံလုံခြုံခြုံရေချိုးနိုင်တဲ့နေရာတွေ ပြုလုပ်ပေးစေချင်တယ်လို့ ပြောဆိုကြပါတယ်။

မြို့ဦးခေါင်းကျောင်းတိုက် ဆရာတော်နဲ့ စခန်းကော်မတီတွေဘက်က စားရေးသောက်ရေးနဲ့ လိုအပ်တဲ့ရိက္ခာပစ္စည်းတွေ ရရှိရေးအတွက်ကို ဆောင်ရွက်ပေးထားပြီး အမျိုးသမီးတွေနဲ့ပတ်သက်တာတွေကိုတော့ သူ့နည်းသူ့ဟန်နဲ့ဖြစ်သလို ဖြေရှင်းနေကြတာဖြစ်တယ်လို့ ဆရာတော် ဦးဝဏ္ဏသာရက မိန့်ပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာလကုန်အထိ ရခိုင်တပြည်နယ်လုံးမှာ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း နှစ်သိန်းခွဲနီးပါးရှိခဲ့ရာ နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းမှာ နှစ်ဖက်တပ်တွေ အပစ်ရပ်ထားတဲ့အတွက် နေရပ်သို့ပြန်သွားခဲ့ကြသူတွေရှိနေပေမယ့် အများစုကတော့ မပြန်ကြသေးဘဲ ဒုက္ခသည်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြဆဲပဲ ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55453051

ရခိုင်က စစ်ရှောင်အမျိုးသမီးတွေ ရိက္ခာနဲ့ အမျိုးသမီးသုံးပစ္စည်းလဲနေရ  ရခိုင်က စစ်ရှောင်အမျိုးသမီးတွေ ရိက္ခာနဲ့ အမျိုးသမီးသုံးပစ္စည်းလဲနေရ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.