ကိုရိုနာကပ်ဘေးအတွင်း သံဃာတွေ ဆွမ်းကွမ်းလျော့နည်း၊ အွန်လိုင်း သာသနာ တိုးတက်

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သံဃာတော်တွေအနေနဲ့ ဆွမ်းကွမ်းနည်းပါးခြင်း အလှူအတန်း ဘာသာရေး အခမ်းအနားတွေ ရပ်ထားရခြင်းစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြုံနေရပါတယ်။ တပြိုင်နက်မှာပဲ သံဃာတော်တွေဟာ အင်တာနက် လူမှုမီဒီယာကို အသုံးပြုပြီး သာသနာပြုလုပ်ငန်းတွေကို အရင်ကထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လူသားအားလုံးရဲ့ နေ့စဉ်ဘဝတွေကို အရာရာပြောင်းလဲလိုက်ပါပြီ။ မြန်မာပြည်က သံဃာတော်တွေရဲ့ ဘဝတွေကိုလည်း ဒီ ဗိုင်းရပ်စ်က အကျိုးသက်ရောက်မှု ပြင်းထန်လှပါတယ်လို့ မန္တလေးရှိ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင် အရိယာဘိဝံသက မိန့်ကြားပါတယ်။

“ဒကာတွေ ဒကာမတွေလည်း ထိခိုက်ကုန်တယ်။ ဘုန်းကြီးတို့တွေမှာလည်း လာဘ်လာဘ အတော် နည်းပါးသွားတယ်။ ကိုဗစ်နဲ့ကျတော့ အနီးအနားက စက်မှုဇုန်မှာ ဆွမ်းခံတာတွေ အကုန်ရပ်ပစ်လိုက်ရတယ် ။ အဲဒီလို ရပ်ပစ်လိုက်ရပေမယ့် ဒီ စက်မှုဇုန်က ဒကာ ဒကာမ တချို့ရယ်၊ ဒီနားက စည်ပင်သာယာတိုက်တန်းမှာ တိုက် ၇ လုံး လောက်ရှိတယ်။ အဲဒီ ဒကာ ဒကာမတွေ စုပေါင်းပြီး နေ့စဉ်ဂရုစိုက်နေလို့ ဘုန်းကြီးတို့ ကံကောင်းစွာပဲလို့ ပြောကြပါစို့။ ဆိုးဆိုးဝါးဝါးမဖြစ်ဘူးပေါ့။ ဘုန်းကြီးတို့ ဒုက္ခရောက်မှန်းသိတော့ လှူပေးတဲ့ ဒကာ ဒကာမတွေကလည်း ရှိနေလို့ပေါ့။ မရှိတဲ့ဘုန်းကြီးတွေဆို ဒုက္ခရောက်တာပေါ့။ ပြီးတော့ လျှပ်စစ်မီတာခကလည်း လစဉ် ၃ သိန်းကျော်လောက် ဆောင်ရတော့ တော်တော်ကြပ်တည်းတာပေါ့ ဒကာ”

အခုလို ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် အသွားအလာတွေ ကန့်သတ်ထားချိန်မှာ သာသနာပြုလုပ်ငန်းတွေကို အရင်ကလို ကိုယ်တိုင်ကိုယ်ကျ သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် အွန်လိုင်းကနေ ပိုပြီးဆောင်ရွက်နေကြတယ်လို့ ဘားအံမြို့ ဝိမုတ္တိသုခဝိဟာရ ကျောင်းတိုက် ဆရာတော် အရှင် မင်းသုညက မိန့်ပါတယ်။

“အရင်တုန်းက တရားဟောတွေကြွတယ်။ အခုက ကိုဗစ်ကာလဖြစ်တော့ ကိုယ့်ကျောင်းမှာ ကိုယ်နေ။ အွန်လိုင်းကနေပဲ တရားတွေ ဟောပြပေးတယ်။ ဆွေးနွေးပြပေးတယ်။ ဒကာ ဒကာမတွေ သိချင်တာတွေ ရေးပြီးလည်း ဖြေကြားပေးတယ်။ အွန်လိုင်းကနေလည်း တရားဟောပြီး ဖြေကြားပေးတယ်။ Facebook တို့ Zoom meeting တို့ ဒီအွန်လိုင်းကနေဘဲ ဦးဇင်းတို့ ဒီသာသနာပြုတာတွေ ပိုပြီးလုပ်ဖြစ်လာတယ်။ ဈာပနာတွေမှာ ရန်ကုန်မှာ ဒီကိုဗစ်နဲ့ ဆုံးသွားတဲ့ လူတွေကျတော့ ကျန်းမာရေးအရဆိုပြီး တန်းပြီးချကြတဲ့အခါကျတော့ သရဏဂုံတင်တာ လုပ်ခွင့်မရှိဘူးပေါ့။ ကိုဗစ်မဖြစ်တဲ့ ဒေသတွေမှာတော့ နာရေးကို ကိုဗစ်ဥပဒေနဲ့အညီ Mask တပ်တာတို့ လက်ဆေးတာတို့ လူဦးရေ ကန့်သတ်တာတို့ လုပ်ကြရတာပေါ့။”

ဒီကပ်ဆိုးကြီးရဲ့အောက်မှာ တခြားတောရွာကျေးလက်က သံဃာတော်တွေရဲ့ ဘဝအခြေအနေကကော ဘယ်လိုရှိပါသလဲ။ မြန်အောင်မြို့နယ်၊ စိန်ကွင်းကျောင်းတိုက် ဆရာတော် အရှင် ကုသလ က ....

“ဦးဇင်းတို့ရွာကတော့ နဂိုကတည်းက ဆွမ်းအုပ်ပို့ပေးတဲ့ အစဉ်အလာအတိုင်းပဲ ရွာထဲမှာ ဆွမ်းအုပ်သွားယူတယ်။ ဒါပေမဲ့ ပုသိမ်-မုံရွာ ကားလမ်းနဲ့နီးတဲ့ ဘန့်ဘွေးကုန်းရွာကျတော့ အရင်က ဆွမ်းခံထွက်တယ်။ ဒါပေမယ့် အခု နောက်ပိုင်းတော့ ကျန်းမာရေးအရ အဆင်မပြေတော့လို့ ဒါယိကာ ဒါယိကာမတွေက ကျောင်းကိုသွားပြီး ဆွမ်းချက်ပြီး ကပ်ရတယ်။ သာရေး နာရေး ကိစ္စတွေမှာဆိုရင် နာရေးကိစ္စကတော့ ဦးဇင်းတို့ မကင်းသာတော့ ခပ်ကျဉ်းကျဉ်းပဲ အတတ်နိုင်ဆုံး လူနည်းအောင် ကြိုးစား လုပ်ကြတာပေါ့။ ကထိန်ကတော့ ပြီးခဲ့တဲ့ရက်က ဦးဇင်းတို့ကျောင်းတွေမှာဆိုရင် လူအနည်းဆုံးနဲ့ သံဃာလည်း နည်းအောင်ဆိုပြီးတော့ အောင်မြင်ရုံလောက်ပဲ အဲလိုပင့်ပြီး လုပ်တယ်ပေါ့။ အိမ်တက်ဆွမ်းတို့ ဘာတို့တွေကတော့ နဂိုလို မရှိတော့ဘူး”

အလှူရေစက် လက်နဲ့မကွာတဲ့ မြန်မာပြည်သူတွေဟာ ဗိုင်းရပ်စ်ရဲ့ ဒဏ်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရပေမယ့်လည်း သံဃာတော်တွေကို တတ်စွမ်းသမျှ ဝိုင်းဝန်းလှူဒါန်း နေကြတဲ့အတွက် မိမိတို့ သက်သာရာ ရနေကြတာဖြစ်တယ်လို့ ဆရာတော်တွေက သာဓု အနုမောဒနာ ခေါ်နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/coronavirus-pendemic-effects-on-daily-life-of-buddhist-monks-12222020155426.html

ကိုရိုနာကပ်ဘေးအတွင်း သံဃာတွေ ဆွမ်းကွမ်းလျော့နည်း၊ အွန်လိုင်း သာသနာ တိုးတက်  ကိုရိုနာကပ်ဘေးအတွင်း သံဃာတွေ ဆွမ်းကွမ်းလျော့နည်း၊ အွန်လိုင်း သာသနာ တိုးတက် Reviewed by THITHTOOLWIN on 00:35 Rating: 5

No comments:

Powered by Blogger.