မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ကိုးသောင်းကျော် ထိရှိလာ

နိုဝင်ဘာလ ၃၀ ရက် တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံကို လာရောက် လည်ပတ်သူများ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုးသောင်းကျော် ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်ထောင့်နှစ်ရာကျော် ထပ်တွေ့ခဲ့တာ ဖြစ်ပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ ကလည်း ၂၃ ဦး ရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု နိုင်ငံအလိုက် အခြေအနေတွေကို ထုတ်ပြန်နေတဲ့ world meter ရဲ့တရားဝင် ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ဒီရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံက ကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ရှစ်သောင်းခြောက်ထောင်ကျော် ထက်များတဲ့ ပမာဏကိုလည်း ရောက်လာတာကို တွေ့ရပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားက ကူးစက်ခံရသူ ငါးသိန်းကျော်၊ ဖိလစ်ပိုင်က လေးသိန်း သုံးသောင်းကျော် ကူးစက်ခံထားရပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲလည်း တတိယ ကူးစက်ခံရမှု အများဆုံးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ ကူးစက်ခံရသူ အရေအတွက် နိုင်ငံအလိုက်အဆင့်မှာ အဆင့် ၆၈ မှာ ရှိနေပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်းတွင်း လူတွေ ဝင်ရောက်တာကို တားမြစ်

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကစပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တစ်ကျော့ပြန် များပြားလာတာ ဖြစ်ပြီးတော့ အစိုးရကတော့ ကူးစက်ဖြစ်ပွားမှုတွေကို ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်တွေကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ နောက်ထပ် ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ထပ်မံ သက်တမ်းတိုးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူအမြောက်အမြား လူစုလူဝေးတွေ မလုပ်ဖို့ တားမြစ်ထားချိန်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် အနေနဲ့ ရန်ကုန်တက္ကသိုလ်ထဲမှာ အလှဆင်မီးတွေ ထွန်းထားတာကို လာကြည့်ကြတာနဲ့၊နေ့ပိုင်းတွေမှာ အလှဓာတ်ပုံ ရိုက်ကူးကြတာကြောင့် လူအများစုဝေးနေတဲ့ အပေါ်မှာ စိုးရိမ်ကြတာတွေ ရှိသလို ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီလို ဝေဖန်မှုတွေ ရှိလာပြီးတဲ့နောက်မှာ တက္ကသိုလ်ထဲကို ဝင်ရောက်တာကို ကန့်သတ်မှုတွေလည်း တက္ကသိုလ် တည်ရှိရာ ကမာရွတ် မြို့နယ် သက်ဆိုင်ရာ အာဏာပိုင် ဘက်က ဒီနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။ တက္ကသိုလ် အာဏာပိုင်ဘက်က သူတို့ အနေနဲ့ တားမြစ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့်ပွဲကိုတော့ အွန်လိုင်းကနေပဲ ကျင်းပသွားမယ်လို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ဘီဘီစီကို ပြောပါတယ်။

တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင်

လာမယ့် ဒီဇင်ဘာ ၇ ရက်အမီ ကိုဗစ် ၁၉ ကာကွယ်ဆေးရဖို့ မြန်မာနိုင်ငံက အဆိုပြုလွှာတင်သွင်းဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ နိုင်ငံ့လူဦးရေရဲ့ ၃ ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရောက်လာဖို့ရှိတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစောဝင်းက ဘီဘီစီကိုပြောခဲ့ပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောဂါပိုးတွေ့ရှိသူ ကိုးရာကျော်ရှိခဲ့ပြီ လူစုလူဝေးတွေ အများအပြားဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်တည်ရှိတဲ့ ကမာရွှတ်မြို့နယ်ဟာ ရောဂါပိုးကူးစက်ခံရမှု များတဲ့ မြို့နယ်တွေထဲမှာ ပါဝင်သလို နေအိမ်မှာပဲနေကြဖို့ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲမှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံက ကိုဗစ်ရောဂါကူးစက်ခံရမှုရဲ့ လေးပုံ သုံးပုံဟာ၊ရန်ကုန်တိုင်းက ဖြစ်တယ်လို့ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက် ဆောင်ရွက်နေ

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေထဲက ဆေးရုံက ဆင်းခွင့်ရရှိသူ ခုနှစ်သောင်းကျော်ရှိပြီးတော့ သေဆုံးလူနာ ကတော့ စုစုပေါင်း တစ်ထောင့်ကိုးရာလေးဆယ်တစ်ဦး ရှိတယ်လို့ နိုဝင်ဘာလ ၃၀ ရက်နေ့ည တရားဝင်ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ရန်ကုန်တိုင်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ကိုးရာကျော် ရောဂါပိုးကူးစက်ခံရသလို၊မန္တလေးမြို့မှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်ကလည်း တိုးလာနေပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ တစ်ရက်တည်း သုံးရာတစ်ဦးထိ ရှိလာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မန္တလေးမှာ ရောဂါဖြစ်ပွားမှု သုံးဆကျော် များလာကြောင်းနဲ့ ဖြစ်ပွားမှုနှုန်း တန့်မသွားသေးတာကို မန္တလေးမြို့မှာ နေထိုင်သူတွေ အထူးသတိထားကြဖို့ မန္တလေးမြို့တော်ဝန်က ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေး ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအတွက် အစိုးရက ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက် ဆောင်ရွက်နေပြီးတော့ တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းနဲ့ တတ်နိုင်သမျှ မိမိနေအိမ်မှာသာနေထိုင်ခြင်း တို့ဟာ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်တယ်ဆိုတာကို ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ ည(၈)နာရီအထိ ကိုဗစ် -၁၉ ‌ရောဂါပိုးတွေ့သူ လူနာစုစုပေါင်း (၉၀၇၁၃ )ဦးရှိခဲ့ပြီဖြစ်ပြီး ဆေးရုံဆင်းသွားသူနဲ့ သေဆုံးခဲ့သူ အရေအတွက်ကို နုတ်လိုက်ရင် လက်ရှိ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာဦးရေ (၁၈၆၁၆ ) ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55135626

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ကိုးသောင်းကျော် ထိရှိလာ  မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ကိုးသောင်းကျော် ထိရှိလာ Reviewed by THITHTOOLWIN on 00:58 Rating: 5

No comments:

Powered by Blogger.