မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု ၁၂၁,၂၈၀ ဦး၊ သေဆုံး ၂,၅၇၉ ဦး

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ COVID-19 ရောဂါ အထူးကြပ်မတ်ကုသဆောင်မှာ ရောဂါပြင်းထန်စွာ ခံစားရနေသူတွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၇၃၄ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၅ ယောက်က ရောဂါအခံမရှိသူတွေ ဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၁၄၃ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၇၂၃,၄၃၀ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၅၇၉ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၁,၂၈၀ ယောက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၁,၂၂၃ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၁၀၂,၁၆၃ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့အရေအတွက်တွေကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ အရေအတွက် ပိုများပြီး ကူးစက်သူအရေအတွက်က ပိုနည်းပြီးတော့ သေဆုံးသူအရေအတွက်က ပိုများပါတယ်။ ရောဂါပျောက်ကင်းသွားသူ အရေအတွက်လည်း ပိုများတာ တွေ့ရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၆၄ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၈၄.၂၄ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၁၃ ရာခိုင်နှုန်း ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၁.၄၈ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

အခုဆိုရင် ပိုးတွေ့နှုန်း ၄ ရာခိုင်နှုန်းအောက် ကျဆင်းလာတာ နှစ်ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။

အခုလို ပိုးတွေ့နှုန်း လျော့လာတာ၊ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာလုပ်ဆောင်နေကြတာ စတဲ့ အခြေအနေတွေကို ထောက်ပြပြီး အိမ်တွင်းနေအမိန့် (Stay At Home) ထုတ်ထားတဲ့ မြို့နယ်တွေထဲက တချို့မှာ ကျန်းမာရေးဝန်ကြီးက ဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

အိမ်တွင်းနေအမိန့် ပယ်ဖျက်လိုက်တဲ့ထဲမှာ ရန်ကုန်တိုင်းက ဆိပ်ကြီး ခနောင်တို၊ တွံ့တေးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေအတွင်း ရပ်ကွက်တချို့ကလွဲလို့ ကျန်တဲ့ရပ်ကွက်တွေ၊ ပဲခူးတိုင်းမှာ ကဝနဲ့ သနပ်ပင်မြို့နယ်၊ မန္တလေးတိုင်းမှာ အမရပူမြို့နယ်တွင်း ရပ်ကွက်ကျေးရွာတချို့ကလွဲလို့ ကျန်တဲ့ ရပ်ကွက်ကျေးရွာတွေ၊ မွန်ပြည်နယ်မှာ မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်၊ ဧရာဝတီတိုင်းမှာ ဖျာပုံနဲ့ မအူပင်မြို့နယ်၊ ကချင်ပြည်နယ်မှာ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေ ပါဝင်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update-dec26/5714224.html

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု ၁၂၁,၂၈၀ ဦး၊ သေဆုံး ၂,၅၇၉ ဦး မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု ၁၂၁,၂၈၀ ဦး၊ သေဆုံး ၂,၅၇၉ ဦး Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.