စင်္ကာပူနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို Pfizer နဲ့ BioNTec ကုမ္ပဏီထုတ် COVID 19 ကာကွယ်ဆေးတွေ စတင် ထိုးပေးနေပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၁.၇ သန်း သေဆုံးခဲ့ရပြီဖြစ်တဲ့ ကပ်ရောဂါကြီးကို တိုက်ဖျက်ဖို့ စင်္ကာပူနိုင်ငံကကာကွယ် ဆေးစတင် ထိုးနှံပေးတဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။ စင်္ကာပူ သူနာပြုဆရာမကြီး Sarah Lim က ပထမဆုံး ကာကွယ်ဆေး ထိုးခံသူ ဖြစ်ပါတယ်။
"ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးရသူ ဖြစ်ရလို့ သိပ်ကို ကျေးဇူးတင်မိကြောင်း၊ ကိုဗစ်ရန်ကနေ ကာကွယ်နိုင်ဖို့ တခြားလူတွေ ကာကွယ် ဆေးထိုးဖို့ကို စိတ်အားတက်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။" လို့ သူနာပြု ဆရာမကြီး Sarah Lim ကပြောပါတယ်။
အသက် ၄၆ နှစ်အရွယ် သူနာပြုဆရာမ Sarah Lim နဲ့ အသက် ၄၃ နှစ်အရွယ် ကူးစက်ရောဂါဆရာဝန် Kalisvar Marimuthu တို့က စင်္ကာပူ အမျိုးသား ကူးစက်ရောဂါဗဟိုဌာနမှာ ပထမဆုံးဆေးထိုးခံသူ အယောက် ၃၀ ထဲ ပါဝင်ပါတယ်။ သူတို့တတွေအားလုံး ဇန်နဝါရီလ ၂၀ ရက်နေ့မှာ နောက်ထပ် ဆေးတစ်လုံးထပ်ထိုးကြရမယ်လို့ စင်္ကာပူ ကျန်းမာရေးဌာနက ပြောပါတယ်။
စင်္ကာပူနိုင်ငံက အာရှမှာ Pfizer နဲ့ BioNTec ကုမ္ပဏီထုတ် COVID 19 ကာကွယ်ဆေး သုံးစွဲဖို့ အတည်ပြု ခွင့်ပြုချက်ပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။ ကြိုတင်စာချုပ်ချုပ်ဆိုပြီး ကာကွယ်ဆေးတွေမှာယူထားသလို ကြိုတင်ငွေပေးပြီး Moderna နဲ့ Sonovac ကာကွယ်ဆေးတွေ အပါအဝင် အလားအလာ ရှိတဲ့ ကာကွယ်ဆေးတွေကို ဝယ်ယူထားပါတယ်။
၂၀၂၁ ခုနှစ်တတိယသုံးလပတ်အရောက်မှာ နိုင်ငံ့လူဦးရေ ၅.၇ သန်းအတွက် လုံလောက်တဲ့ ကာကွယ်ဆေးတွေ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-covid-vaccine/5718435.html

No comments:
Post a Comment