ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့နေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်

ဗြိတိန်ပြန်ခရီးသွားတွေက တဆင့် အိန္ဒိယကို ဗီဇပြောင်းမျိုးကွဲသစ်ရောက်လာပြီဖြစ်

ဗြိတိန်မှာ ပထမဦးဆုံး တွေ့ခဲ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကူးစက်ခံထားရတဲ့ လူနာ အိန္ဒိယမှာ အနည်းဆုံး ၆ ယောက်ရှိနေပါတယ်။

အဲဒီသူတွေဟာ ဗြိတိန်ကနေပြန်လာခဲ့ကြတဲ့သူတွေဖြစ်ပြီး သူတို့ကို သီးသန့်ခွဲထားပေးထားတယ်လို့ အိန္ဒိယ အရာရှိတွေက အင်္ဂါနေ့က ပြောပါတယ်။

ဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ အရင်တုန်းက မျိုးကွဲတွေထက် ပိုကူးစက်မြန်ပြီး၊ အခုတော့ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဒုတိယအများဆုံးလည်းဖြစ်၊ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယနိုင်ငံဆီကို ရောက်ရှိလာပါပြီ။

ကျန်းမာရေးပညာရှင်တွေက ဒီမျိုးကွဲသစ်ဟာ ပိုပြီးကူးစက်တာမြန်ပေမယ့် ပိုပြီးအန္တရာယ်များတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗြိတိန်ကလာတဲ့ လေကြောင်းခရီးစဉ်တွေကို လွန်ခဲ့တဲ့ သီတင်းပတ်ကစလို့ ပိတ်ထားတဲ့ နိုင်ငံတွေ အများအပြားရှိပြီး အိန္ဒိယကလည်း ပိတ်လိုက်ပါပြီ။

ကမ္ဘာမှာ အတည်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၁၀ သန်းကျော်ရှိနေပြီး အိန္ဒိယဟာ ကူးစက်ခံရသူ ဒုတိယအများဆုံးရှိနေတဲ့ နိုင်ငံပါ။ ကူးစက်ခံရသူ အများဆုံး နိုင်ငံကတော့ အမေရိကန်နိုင်ငံပါ။

အိန္ဒိယအစိုးရအရာရှိတွေက အဲဒီမျိုးကွဲသစ်ကူးစက်ခံထားရတဲ့ လူ ၆ ယောက်နဲ့ ထိတွေ့မိသူတွေ၊ မိသားစုဝင်တွေဆီကို ကွင်းဆက်လိုက်ပြီး စောင့်ကြည့်တာတွေ၊ ဆေးစစ်တာတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ဗြိတိန်ကနေ အိန္ဒိယကို ပြန်လာတဲ့ ခရီးသည်ပေါင်း ၃၃၀၀၀ လောက် ရှိပါတယ်။ အဲဒီထဲက ၁၁၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်၊ သူတို့ဆီက ဓာတ်ခွဲခန်းဆိုင်ရာ နမူနာတွေယူပြီး မျိုးကွဲသစ်ကူးစက်ခံထားရသလား ဆိုတာကို စစ်ဆေးနေကြပါကြောင်း အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗြိတိန်ကနေ တောင်ကိုရီးယားကို ပြန်လာတဲ့ ခရီးသည်တွေထဲမှာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံရသူတွေကို တနင်းလာနေ့က တွေ့ခဲ့ရ

ဗြိတိန်မှာစတင်တွေ့ရတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်မျိုးကို တခြားနိုင်ငံတွေမှာလည်း တွေ့ရှိနေပြီ ဖြစ်ပါတယ်။

ဥရောပမှာ နယ်သာလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဖင်လန်၊ အိုင်ယာလန်၊ ဂျာမနီ၊ အိုက်စလန်၊ ဘယ်လဂျီယံ၊မြောက်အမေရိကမှာ ကနေဒါ ၊ အာရှဘက်မှာ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ သြစတြေးလျ ၊အရှေ့အလယ်ပိုင်းမှာ အစ္စရေး၊ လက်ဘနွန် စတဲ့ကမ္ဘာ့နိုင်ငံတွေမှာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တွေ့ရှိ နေပါပြီ။

ဗြိတိန်မှာလည်း ကိုဗစ်ကူးစက်နှုန်းက အလွန်မြင့်တက်နေတဲ့အတွက် စိုးရိမ်စရာတွေ ပိုတိုး နေတယ်လို့ ကျန်းမာရေး အရာရှိတွေက သတိပေးနေပါတယ်။ တနင်္လာနေ့က ကူးစက်ခံရသူ လူနာအသစ် ၄၁၃၈၅ ယောက်ရှိခဲ့ကာ ဒါဟာ ဗြိတိန်မှာ စံချိန်တင် အမြင့်ဆုံး ကူးစက်နှုန်းလည်း ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55475609

ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့နေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်  ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့နေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Reviewed by THITHTOOLWIN on 00:23 Rating: 5

No comments:

Powered by Blogger.