ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် မလုပ်ဖို့ တပ်မတော်ကို ကော်မရှင် တုံ့ပြန်

ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် မလုပ်ဖို့ တပ်မတော်ကို ကော်မရှင် တုံ့ပြန် နေပြည်တော် ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်

Photo: Thiha Tun/RFA

တပ်မတော်က စွပ်စွဲပြောဆိုနေတဲ့ မဲသမာမှုဖြစ်စဉ်တွေဟာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးတဲ့ နောက်ဆုံးမဲစာရင်းတွေကို အခြေခံ စိစစ်ထားတာ မဟုတ်ဘဲ အစောပိုင်းက ထုတ်ပြန်ထားတဲ့ စာရင်းတွေကို အခြေခံထားတာလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲအပြီး နာရီပိုင်းအတွင်းမှာပဲ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။ အစောပိုင်းက ထုတ်ပြန်ထားတဲ့ မပြည့်မစုံမဲစာရင်းတွေကို မဲဆန္ဒရှင်တွရဲ့ ပြင်ဆင်ချက်လျှောက်လွှာတွေနဲ့ ပြန်လည်ပြင်ဆင်ခဲ့ပြီးမှ ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိသိနိုင်ဖို့အတွက် ကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းအားလုံးကို အခြေခံပြီး တပ်မတော်ဘက်က စစ်ဆေးခဲ့တယ်လို့ တပ်မတော် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်မပြည့်သူတွေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေနဲ့ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ မဲသမာမှု အဖြစ်အပျက်ပေါင်း နှစ်သိန်းနီးပါးရှိတယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။ တပ်မိသားစုဝင်တွေ အများစု မဲပေးခဲ့တဲ့ မြို့နယ် (၂၁၈) မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေကို တပ်မတော်ဘက်က ပြန်စိစစ်နေတာဖြစ်ပြီး လတ်တလောမှာ မြို့နယ် ၁၁ မြို့နယ်က မဲသမာမှုတွေကို တွေ့ရှိထားတာလို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ မဲသမာမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ ဘယ်လို ဆက်လုပ်မလဲလို့ သတင်းထောက်တွေက မေးမြန်းကြပေမယ့် ဗိုလ်ချုပ် ဇော်မင်းထွန်းက တိတိကျကျ ဖြေဆိုတာ မရှိပါဘူး။

ဒီနေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချက်ခြင်း ကြေညာချက် ထုတ်ပြန်လိုက်ရာမှာ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့တဲ့ ရွေးကောက်ပွဲဖြစ်သလို နိုင်ငံတကာ လေ့လာသူတွေ၊ မဲရုံစောင့် အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ မဲရုံကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

လက်ရှိအချိန်ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ ရဲအရေးပိုင်မှုတွေကို စစ်ဆေးနေတဲ့ကာလဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားအောင်၊ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်စေတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ကြဖို့လည်း ကော်မရှင်က သတိပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်နည်းတူပဲ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း မဲသမာမှုပေါင်း တစ်ထောင်ကျော်ကို တိုင်ကြားထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/uec-statement-12302020072157.html

ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် မလုပ်ဖို့ တပ်မတော်ကို ကော်မရှင် တုံ့ပြန်  ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် မလုပ်ဖို့ တပ်မတော်ကို ကော်မရှင် တုံ့ပြန် Reviewed by THITHTOOLWIN on 01:13 Rating: 5

No comments:

Powered by Blogger.