ပါးစပ်နှာခေါင်းစည်းမတပ်ထားတဲ့ ဈေးရောင်းသူတွေကို ရောင်းချခွင့်မပြုဖို့ ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း
ဓာတ်ပုံ-MOHS
ပါးစပ်နှာခေါင်းစည်း (Mask) နဲ့ မျက်နှာအကာ (Face shield) တို့မတပ်ထားတဲ့ ဈေးရောင်းချသူတွေထံကနေ ပစ္စည်းနဲ့အစားအသောက်တွေမဝယ်ယူကြဖို့ ဈေးဝယ်သူတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
ဈေးဝယ်သူတွေကိုယ်တိုင်လည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမရှိစေဖို့ ကိုယ်တိုင်လည်း ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဆင်ကြဖို့ကိုလည်း ဝန်ကြီးဌာနဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၁ ရက်မှာ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိတဲ့ ဈေးရောင်းဈေးဝယ်သူတချို့ရဲ့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
တချို့ဈေးသည်တွေဟာ ပါးစပ်နှာခေါင်းစည်းတွေကို စနစ်တကျမတပ်ဆင်ဘဲ မေးသိုင်းထားခြင်းနဲ့ မျက်နှာအကာတွေကို အပေါ်သို့လှန်တင်ထားတာတွေလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာဈေးတွေက တာဝန်ခံကြီးကြပ်သူတွေအနေနဲ့လည်း ဒီလို ပါးစပ်နှာခေါင်းစည်းနဲ့ မျက်နှာအကာစနစ်တကျ မတပ်ဆင်ထားသူတွေကို ဈေးရောင်းချခွင့် လုံးဝမပြုဖို့ ကြေညာချက်က ဖော်ပြထားပါတယ်။
မြန်မာမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ တစ်သိန်းကျော်နဲ့ သေဆုံးသူက နှစ်ထောင်ကျော်ရှိပြီဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း

No comments:
Post a Comment