ထိုင်ဝမ်မှာ လနဲ့ချီအတွင်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ပထမဆုံး တွေ့ရှိခဲ့တဲ့အတွက်ဝေဖန်ပြစ်တင်ခံနေရတဲ့ နယူးဇီလန် လေယာဉ်မှူးကို ထိုင်ဝမ်လေကြောင်းလိုင်း အီဗာ (Eva) ကအလုပ်ထုတ်လိုက်ပါတယ်။
အဲဒီ လေယာဉ်မှူးနဲ့ ထိတွေ့ခဲ့သူ တဦး အင်္ဂါနေ့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် ထိုင်ဝမ်မှာ ရက်ပေါင်း ၂၅၃ ရက်ကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့တဲ့ အချိန်ကာလ အဆုံးသတ်သွားခဲ့ပါတယ်။
အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လုပ်မယ့် ခရစ်စမတ်အစီအစဉ်တချို့ကိုလည်း ဆိုင်းငံ့ထားပါတယ်။
နှစ်သစ်ကူး အကြိုနေ့မှာ ပြည်သူတွေ အိမ်မှာပဲ နေသင့်တယ်လို့ အစိုးရက တိုက်တွန်းထားပါတယ်။
ထိုင်ဝမ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၇၇၇ ဦးသာ ရှိပြီး သေဆုံးသူကလည်း ၇ ဦးပဲ ရှိပါတယ်။
ဒီလေယာဉ်မှူးဟာ ဒီဇင်ဘာလ အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ယူဆရပေမယ့် ဗိုင်းရပ်စ်ပိုး ရောဂါလက္ခဏာတော့ မပြခဲ့ပါဘူး။
စင်္ကာပူရဲ့ ကိုဗစ်ထိန်းချုပ်မှု အောင်မြင်ခဲ့သလား
လေယာဉ်ခရီးစဉ် ပြီးတဲ့နောက် ထိုင်ဝမ်ကို ပြန်လာကြတဲ့ လေယာဉ်မှူးတွေကိုလည်း သုံးရက် သီးခြားခွဲနေခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါ လက္ခဏာမပြမချင်း စမ်းသပ်စစ်ဆေးမှာ မဟုတ်ပါဘူး။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကို သတိမပြုမိဘဲ အဲဒီ လေယာဉ်မှူးဟာ လေယာဉ်ဆက်မောင်းခဲ့ပြီး အမေရိကားနေ ထိုင်ဝမ်ကို ပျံသန်းလာတဲ့ ခရီးစဉ်မှာ လေယာဉ်ပေါ်မှာ ချောင်းဆိုးနေခဲ့တယ်လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။
သူဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကိုဗစ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။
နှစ်ရက်အကြာမှာတော့ လပေါင်းများစွာအတွင်း ထိုင်ဝမ်မှာ ပြည်တွင်းကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပါတယ်။
ပိုးကူးစက်ခံထားရတဲ့ အမျိုးသမီးဟာ လေယာဉ်မှူးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်ဆိုတာကို အာဏာပိုင်တွေက ခြေရာခံလိုက်ခဲ့ပါတယ်။
ထိတွေ့ခဲ့တဲ့ သူတွေနဲ့ သူ့ရဲ့ လှုပ်ရှားသွားလာမှုတွေကို တာဝန်ရှိသူတွေထံ မှန်မှန်ကန်ကန် ထုတ်ဖော်မပြောဆိုခဲ့တဲ့အတွက် အဲဒီလေယာဉ်မှူးကို အာဏာပိုင်တွေက ထိုင်ဝမ်ဒေါ်လာ ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၆၀၀) ဒဏ်တပ်ခဲ့ပါတယ်။
လေယာဉ်မှူးအခန်းထဲမှာ နှာခေါင်းစည်း တပ်ဆင်ဖို့ ပျက်ကွက်ခဲ့တာ အပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ခဲ့တဲ့အတွက် လေယာဉ်မှူးကို အလုပ်ထုတ်ခဲ့တာလို့ အီဗာ (Eva) လေကြောင်းလိုင်းက ပြောပါတယ်။
ပိုးကူးစက်ခံထားရသူ အမျိုးသမီးအပြင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ဦးဖြစ်တဲ့ ဂျပန်နဲ့ ထိုင်ဝမ်တို့က လေယာဉ်မှူးနှစ်ဦးလည်း သူ့ကြောင့် ပိုးကူးစက်ခံထားရတယ်လို့ ယူဆရပါတယ်။
လေယာဉ်မှူးရဲ့ နာမည်ကိုတော့ အာဏာပိုင်တွေဘက်ကကော လေကြောင်းလိုင်းဖက်ကပါထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဒါပေမဲ့ အီဗာ (Eva) လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ "ဝန်ထမ်းတဦးရဲ့ အပြုအမူဟာကပ်ရောဂါ ကာကွယ်တားဆီးရေးမှာ လူတိုင်းရဲ့ ကြိုးပမ်းချက်တွေကို ဆုတ်ယုတ်စေပြီး ကုမ္ပဏီရဲ့ သတင်းကောင်းနဲ့ ပုံရိပ်ကိုပါ အကြီးအကျယ် ထိခိုက်စေတယ်" လို့ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ အသစ်တွေ့ရှိခဲ့တဲ့ အကျိုးဆက်အနေနဲ့ လေကြောင်းလိုင်းတွေအတွက် ကိုဗစ်ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်တွေ ပိုမိုတင်းကျပ်သွားဖို့ အာဏာပိုင်တွေကစဉ်းစားနေပါတယ်။
ဗိုင်းရပ်စ်ပိုးကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့တဲ့ ထိုင်ဝမ်ပိုးကူးစက်ခံထားရသူ အမျိုးသမီးနဲ့ ထိတွေ့ခဲ့တဲ့ လူအယောက် ၁၇၀ နီးပါးကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက ခြေရာခံလိုက်ခဲ့ပါတယ်။
အဲဒီသူတွေကို အိမ်မှာပဲ ကွာရန်တင်း ဝင်ခိုင်းတာ ဒါမှမဟုတ် ရောဂါပိုး လက္ခဏာ ပြမပြ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
လေယာဉ်မှူးနဲ့ ပိုးကူးစက်ခံထားရသူအမျိုးသမီး ဝင်ခဲ့တဲ့ ဆိုင်တွေကိုတော့ ပိုးမွှားသေအောင် သန့်ရှင်းရေးလုပ်ထားပြီး အဲဒီဆိုင်တွေကို သွားရောက်ခဲ့တဲ့ သူတိုင်းကိုလည်း စမ်းသပ်စစ်ဆေးကြဖို့တိုက်တွန်းထားပါတယ်။
အဲဒီအမျိုးသမီး အလုပ်လုပ်တဲ့ ကုမ္ပဏီက အားကစားခန်းမတွေ၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေကိုလည်း ပိတ်ထားပါတယ်။
ဝန်ထမ်းတွေ သူတို့ရဲ့ စားပွဲမှာပဲ စားကြဖို့ စည်းကမ်းသတ်မှတ်ထားပြီး ဒီအဆောက်အုံအတွင်းကို အပြင်လူ ပေးမဝင်တော့ပါဘူး။
ထိုင်ဝမ်ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်တဲ့နေရာမှာ ကမ္ဘာမှာ အောင်မြင်မှု အရဆုံးနေရာတွေထဲမှာ တနေရာ ဖြစ်ပါတယ်။
အဓိက ကတော့ နယ်စပ်တွေကို စောစီးစွာ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့ပြီး နိုင်ငံခြားသားခရီးသွားတွေကိုလည်း ပိတ်ပင်ထားခဲ့ပါတယ်။
နေရပ်ရင်း ပြန်လာကြတဲ့ ထိုင်ဝမ်ပြည်သူအားလုံးကိုလည်း မဖြစ်မနေ ကွာရန်တင်း ဝင်ခိုင်းခဲ့ပါတယ်။
ထိုင်ဝမ်ပြည်သူ ၂၃ သန်းကလည်း နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ မလိုခင်ကတည်းက နှာခေါင်းစည်းတွေကို ကြိုကြိုတင်တင် တပ်ဆင်ခဲ့ကြပါတယ်။
BBC Burmese

No comments:
Post a Comment