ဝရမ်းပြေး ဦးလှဆွေ ရဲစခန်းကို သွားရောက် အဖမ်းခံ


ဦးလှဆွေဟာ ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ (ဒီဇင်ဘာ ၂၈ ရက်နေ့) ဒီနေ့ မနက်က လာရောက် အဖမ်းခံခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက အတည်ပြုပြောပါတယ်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုဝင်းကိုကိုလတ်က ရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့ပြီး ရမန်ပေးလိုက်လို့ သိရကြောင်းဆိုပါတယ်။

"ခရိုင်ရဲစခန်းမှာ သွားရောက်အဖမ်းခံတယ်။ အဲကနေ သက်ဆိုင်ရာ အနောက်ပိုင်းခရိုင်ရုံးကိုသွားပြီး ရမန်ပေးတယ်လို့ ကြားတယ်။ ဦးလှဆွေက ဘာလို့ အဖမ်းခံတာလဲတော့ မသိဘူး။"

ဦးလှဆွေကို ဒီနေ့ နေ့လယ်မှာ အင်းစိန်ထောင်ကိုပို့လိုက်ပြီလို့ သိရကြောင်းနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းလိုက်တယ်လို့ သိရကြောင်း ကိုဝင်းကိုကိုလတ်က ပြောပါတယ်။

သွားရောက် အဖမ်းခံခဲ့တဲ့ ဦးလှဆွေကတော့ တပ်ထားတဲ့ ပုဒ်မနဲ့ သူကျူးလွန်ခဲ့တာ ထိုက်တန်မှုမရှိလို့ ရှောင်နေရတာဖြစ်တယ်လို့ Myanmar Hard Talk ဆိုတဲ့ အွန်လိုင်းစာမျက်နှာက ဆက်သွယ်မေးမြန်းခန်းမှာ အဖမ်းမခံခင် ဖြေကြားထားပါတယ်။ ပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲမှာ တရားမျှတမှု မရှိတာတွေကို ထုတ်ဖော် ပြောဆိုချင်လို့ အခုလို ပြန်လာတာလို့လည်း ဦးလှဆွေက ဆိုပါတယ်။

Myanmar Hard Talk ဆိုတဲ့ အွန်လိုင်းစာမျက်နှာကို ဒီဇင်ဘာ ၂၄ ရက်နေ့ကမှ ဖွင့်လိုက်တာဖြစ်ပြီး ပထမဆုံး ဆက်သွယ်မေးမြန်းချက်အနေနဲ့ ဦးလှဆွေနဲ့ ပြောဆိုတင်ဆက်ထားတာပါ။

၂၀၁၉ ခုနှစ် သြဂုတ် ၃ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့တဲ့ ‘ မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိများအပေါ် အမေရိကန်နိုင်ငံမှ အရေးယူပိတ်ဆို့မှုများအား ဆန့်ကျင်ရှုတ်ချပွဲ’ မှာ အစိုးရကို ထိခိုက်တဲ့ ဟောပြောမှုလုပ်ဆောင်ခဲ့လို့ ဆိုပြီး ဦးလှဆွေကို ကျောက်တံတားမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ် ၆ ရက်နေ့မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အနောက်ပိုင်းခရိုင်တရားရုံးကို တိုင်ကြားထားတာဖြစ်ပါတယ်။

တရားလို ဦးမျိုးမြင့်ကို RFA က မေးမြန်းပေမယ့် ဒီအမှုနဲ့ပတ်သက်လို့ တရားရုံး ပြန်ကြားရေးဌာနကိုပဲ မေးဖို့နဲ့ သူ့အနေနဲ့ မဖြေလိုဘူးလို့ ပြောပါတယ်။ အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေးဌာနကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုချိန်မှ ဦးလှဆွေ လာရောက် အဖမ်းခံတာဟာ နိုင်ငံရေးသမား တစ်ယောက်အတွက် သိက္ခာကျတယ်လို့ မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ နိုင်ငံရေးလေ့လာသုံးသပ်နေသူ လည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

"ကျွန်တော့်အမြင်ကတော့ ဒါက အစတည်းက ဦးလှဆွေ အနေနဲ့ ထွက်ပြေးတိမ်းရှောင်နေဖို့ မသင့်ဘူး။ ကိုယ်ပြောခဲ့တဲ့စကားကို ကိုယ်တာဝန်ယူရမှာ။ တရားရုံးရှေ့မှာ ခုခံကာကွယ်ဖို့ တာဝန်ရှိတယ်လို့ မြင်တယ်။ ဒါကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီး အခုအချိန်ကျမှ လာပြီး အဖမ်းခံတာကတော့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ နိုင်ငံရေးသိက္ခာကျတယ်လို့ မြင်တယ်။"

ဦးလှဆွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် USDP ပါတီကနေ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

အသက် ၆၀ ရှိပြီဖြစ်ပြီး ဒုတိယ ဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်ခဲ့သူ တပ်မတော်အရာရှိဟောင်း ဦးလှဆွေ ဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဦးလှဆွေဟာ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ဟောပြောလေ့ရှိသလို အမျိုးသားရေး ဆရာတော်လို့ သူသိများတဲ့ ဆရာတော် ဦးဝီရသူလည်း ပါဝင်ဟောပြောလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ဦးလှဆွေနဲ့ ပုဒ်မတူ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ ဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားရေး ဆရာတော် ဦးဝီရသူဟာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ရုံးမှာပဲ လာရောက်အဖမ်းခံခဲ့ပါတယ်။

သူတို့နှစ်ဦး လာရောက်အဖမ်းခံတယ်ဆိုတာ တရားရင်ဆိုင်လိုက်မှ ဖြေရှင်းလို့ရမယ့် ပုဒ်မတွေဖြစ်တဲ့အတွက် လာရောက်တရားရင်ဆိုင်ရာလို့မြင်ကြောင်း အမျိုးသားရေးလှုပ်ရှားမှုကြောင့် တရားစွဲခံရသူတွေကို ကူညီပေးနေတဲ့ ရှေ့နေ ဦးအေးပိုင်က သုံးသပ်ပြောပါတယ်။

"ရာဇဝတ်မှုတွေမှာ ကျင့်ထုံးပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် ဝရမ်းပြေးအဖြစ် ကြေညာခံထားရရင် တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းတာမရှိရင် အမှုက မပြီးပါဘူး။ ဒါကြောင့် တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ထင်ပါတယ်။ သူတို့ကို စွဲဆိုထားတဲ့ပုဒ်မက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချနိုင်တယ်။ တရားရုံးကလည်း ခရိုင်တရားရုံးဆိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချလို့ရတယ်။ အမှုပေါ်ပေါက်ချက်အရ တရားရုံးတွေရဲ့ ဆင်ခြင်တုံ တရားနဲ့ ဆုံးဖြတ်မယ်လို့ နားလည်ထားပါတယ်။"

ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

အမျိုးသားရေး တက်ကြွလှုပ်ရှားရာမှာ ထင်ရှားသူ ၂ ဦး အခုလို လာရောက်အဖမ်းခံတဲ့အပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ သူတို့ကို ဝန်းရံသူတွေနဲ့ ပတ်သက်ပြီး သိချင်တာလည်း ပါနိုင်တယ်လို့ သုံးသပ်ပါတယ်။

"နံပါတ် ၁ က သူတို့စိတ်ထဲမှာ ဝရမ်းပြေးပဲဆိုပါစို့။ တိမ်းရှောင်နေတာထက်စာရင် တရားဝင် တရားဥပဒေနဲ့ ရင်ဆိုင်မယ်ဆိုပြီး လာတာဖြစ်မယ်ပေါ့။ နောက်တစ်ချက်က သူတို့အဖမ်းခံရင် သူတို့ကို ဝန်းရံသူ၊ ထောက်ခံသူတွေရဲ့ ထောက်ခံမှု၊ ဝန်းရံမှု၊ ဆန္ဒပြမှုတွေကို သိချင်တာလဲ ဖြစ်နိုင်တယ်။ အဲဒီ နှစ်ချက်တွေ့တယ်။"

ဆရာတော် ဦးဝီရသူကိုလည်း အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုဗစ် ကပ်ဘေးအန္တရာယ် ကြောင့် တရားရုံးချိန်းကို ဗီဒီယိုကတဆင့် ဆောင်ရွက်နေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/hla-swe-arrested-12282020005443.html

ဝရမ်းပြေး ဦးလှဆွေ ရဲစခန်းကို သွားရောက် အဖမ်းခံ  ဝရမ်းပြေး ဦးလှဆွေ ရဲစခန်းကို သွားရောက် အဖမ်းခံ Reviewed by THITHTOOLWIN on 00:28 Rating: 5

No comments:

Powered by Blogger.