သြစတြေးလျစစ်သား ပုံအတုကိစ္စကို တောင်းပန်ဖို့ တရုတ်က ငြင်းဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း ပုံအတုတင်တာကနေ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားတာတွေ ဖြစ်လာ

စစ်သားပုံတင်တဲ့ကိစ္စကို မနှစ်မြို့စရာလို့ ပြောပြီး သြစတြေးလျဘက်က ယမ်းပုံမီးကျ တုံ့ပြန် လိုက်တာဟာ သူတို့စစ်သားတွေ အာဖဂန်မှာ စစ်ရာဇဝတ်မှုကျုးလွန်တဲ့ကိစ္စက လူတွေ အာရုံစူးစိုက်တာ ပြောင်းသွားအောင် လုပ်တာလို့ သြစတြေးလျကို တရုတ်က စွပ်စွဲလိုက်ပါတယ်။

အာဖဂန် ကလေးငယ်တစ်ယောက်ကို သြစတြေးလျစစ်သားက သတ်ဖို့လုပ်နေတဲ့ ပုံအတုတစ်ပုံကို တရုတ်က ဆိုရှယ်မီဒီယာမှာ မျှဝေတဲ့အတွက် တောင်းပန်ဖို့ သြစတြေးလျက တရုတ်ကို တောင်းဆိုထားပါတယ်။

ပြီးတော့ နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားလာနေတာကို သြစတြေးလျဘက်က တရုတ်ကို အပြစ်တင်ဖို့ ကြိုးစားနေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

တရုတ်နဲ့ သြစတြေးလျ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အခုရက်ပိုင်းအတွင်း ထိုးကျလာပြီး ဆိုးရွားတာတွေ ဖြစ်လာနေပါတယ်။

ဆိုရှယ်မီဒီယာပေါ် ပုံအတု တင်တဲ့ကိစ္စ တောင်းပန်ဖို့ တရုတ်ကို သြစတြေးလျ တောင်းဆို

ပုံအတုနဲ့အတူ တွဲတင်ထားတဲ့ တရုတ်အစိုးရဘက်က တင်တဲ့ တွစ်တာပို့စ်က သြစတြေးလျစစ်သားတွေ စစ်ရာဇဝတ်မှု ကျုးလွန်တယ်ဆိုတာ သေချာတဲ့သဘော ရေးထားသလို ဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ (ADF)ကလည်း ၂၀၀၉နဲ့ ၂၀၁၃ခုနှစ် ကြားကာလမှာ အာဖဂန်အရပ်သားနဲ့ အကျဥ်းသား ၃၉ယောက် အသတ်ခံရတဲ့ကိစ္စမှာ သြစတြေးလျ စစ်သား၂၅ယောက် ပါဝင် ပတ်သက်ခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ ပြောထားပါတယ်။

ADF ရဲ့ ဒီတွေ့ရှိချက်ကြောင့် နောက်ပိုင်းမှာ ပြစ်တင် ဝေဖန်ရှုတ်ချတာတွေ ဖြစ်လာခဲ့ပြီး အဲ့ဒီထဲမှာ တရုတ်ကလည်း တနင်္လာနေ့က ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကျောက်လိကျင်း တင်လိုက်တဲ့ပုံက သြစတြေးလျအစိုးရကို စိတ်ဆိုး ဒေါသထွက်တာ တွေဖြစ် စေခဲ့ပါတယ်။

ဒီလို မနှစ်မြို့စရာကောင်းတဲ့ ပုံတစ်ပုံကို မျှဝေတာဟာ တရုတ်အစိုးရအနေနဲ့ လုံးဝ ရှက်သင့်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောခဲ့ပြီး တောင်းပန်ဖို့လည်း တရုတ်အစိုးရကို တောင်းဆိုထား ပါတယ်။

ပြီးတော့ သြစတြေးလျနဲ့ အိမ်နီးနားချင်း နယူးဇီလန်က ဝန်ကြီးချုပ် ဂျဆင်ဒါအာဒန်ကလည်း တရုတ်က ပုံအတု တင်တဲ့ကိစ္စကနေ မလိုအပ်တာတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီကိစ္စကို တရုတ်ဘက်က တောင်းပန်တာတွေ မလုပ်ခဲ့ဘဲ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ကိုတောင် သြစတြေးလျမှာရှိတဲ့ တရုတ်သံရုံးက ဝေဖန်တိုက်ခိုက်တာတွေပြန် လုပ်ခဲ့ပါတယ်။

" စွပ်စွဲမှုမှာ ရည်ရွယ်ချက်နှစ်ခုရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရတယ်၊ တစ်ခုက သြစတြေးလျစစ်သားတွေ စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံရမှာကို လူတွေ အာရုံမစိုက်အောင် အာရုံလွှဲချင်တာ၊ နောက်တစ်ခုက နှစ်နိုင်ငံ ဆက်ဆံရေး ပိုဆိုးလာတာကို တရုတ်ကို အပြစ်ဖို့ချင်တာ၊ ပြီးတော့ နောက်တစ်ခုအနေနဲ့ ရှိနိုင်တာက ပြည်တွင်းမှာ အမျိုးသားရေးဝါဒ အားကောင်းလာအောင် "လို့ ဆိုပြီး တရုတ်သံရုံးရဲ့ ကြေညာချက်ထဲမှာတွေ့ရပါတယ်

ပြီးတော့ အာဖဂန်မှာ ပြစ်မှု ကျုးလွန်ခဲ့တဲ့ သြစတြေးလျစစ်သားတွေနဲ့ ပတ်သက်ပြီး သြစတြေးလျကို ကျွန်တော်တို့ အကြံပေးချင်တာက ပြစ်မှုကျုးလွန်တဲ့သူတွေ တာဝန်ခံ အရေးယူပေးပါ၊ပြီးတော့ ခံရတဲ့သူတွေ ဥပဒေနဲ့အညီ တရားမျှတမှု ရအောင်လုပ်ပါ လို့လည်း ကြေညာချက်ထဲမှာ ပါပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စဖြစ်ခဲ့တဲ့နေရာတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ သြစတြေးလျက ဒီနှစ်ထဲမှာ ဦးဆောင် တောင်းဆိုခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးတွေက စပြီး ဆိုးရွားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်းကလည်း သြစတြေးလျမီဒီယာအတွက် တရုတ်မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်နှစ်ယောက်ကို သံတမန်တွေရဲ့ အကြံပြုချက်ကြောင့် သြစတြေးလျကို ပြန်လာခဲ့ရပါတယ်။

အဲ့ဒါအပြင် သြစတြေးလျ ပညာရှင်နှစ်ယောက်ကိုလည်း တရုတ်က ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

သြစတြေးလျဝိုင်တွေကို အခွန်၂၀၀% တိုးကောက်လိုက်တာ အပါအဝင် အခြားပစ္စည်းတွေကို တရုတ်ဘက်က အခွန်တွေ တိုးကောက်လို့ နှစ်နိုင်ငံကြား စီးပွားရေး တင်းမာမှုတွေ ရှိနေတဲ့အလားတူ သြစတြေးလျနိုင်ငံထဲမှာ တရုတ်က ဝင်စွက်တာတွေရှိခဲ့တာကြောင့် ဆွေးနွေးညိုနှိုင်းမှုတွေ လုပ်နေရပါတယ်။

တရုတ်အာဏာပိုင်တွေ လုပ်နေတဲ့ကိစ္စကို သူတို့အနေဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း နယူးဇီလန်ဝန်ကြီးချုပ် အာဒန်က အင်္ဂါနေ့မှာ အခုလို ပြောခဲ့ပါတယ်။

"ဒီပို့စ်က အချက်အလက်မမှန်တဲ့ပို့စ်ဖြစ်လို့ ဒါကို ကျွန်မတို့စိတ်ပူပါတယ်၊ ပြီးတော့ ဒီလိုလုပ်တဲ့ အပြုအမူကနေ ဖြစ်လာမှာကိုလည်း ကျွန်မတို့ နယူးဇီလန်နိုင်ငံက စိုးရိမ်ပါတယ်" လို့ နယူးဇီလန်မြို့တော်ဝယ်လင်တန်မှာရှိတဲ့ လွှတ်တော်မှာ သတင်းထောက်တွေ ကိုပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55147006

သြစတြေးလျစစ်သား ပုံအတုကိစ္စကို တောင်းပန်ဖို့ တရုတ်က ငြင်းဆို  သြစတြေးလျစစ်သား ပုံအတုကိစ္စကို တောင်းပန်ဖို့ တရုတ်က ငြင်းဆို Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.